ကျောက်ဆည်မြို့ သီတင်းကျွတ် ဆင်လှူပွဲတော် ဆင်အက အလြှ ပိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်ရသည့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ယခုနှစ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဆင်အဖွဲ့များ လျော့နည်းဖွယ် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ ဆင်အက အလှ ပြိုင်ပွဲများကို သီတင်းကျွတ် လဆန်း ၁၄ ရက် (အောက်တိုဘာ၂၇ ရက်) တွင် ရွှေသာလျောင်း တောင်ခြေရှိ ဝတ္တက ကုန်းမြေတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ဆင်လှူပွဲတော်ကို သီတင်းကျွတ် လပြည့်နေ့တွင် ရွှေသာလျောင်းတောင် ရင်ပြင်တော်၌ ဆွမ်းတော်ကြီး ကပ်ပွဲများနှင့် ဆင်လှူခြင်း ပွဲတော်ကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆင်ပွဲအတွက် အစည်းအဝေး ဖိတ်တာ တချို့ မသိလိုက်တာနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် အဆို၊ အက၊ အရေး၊ အတီး အနုပညာရှင်တွေကို ငှားရတဲ့ ဈေးနှုန်းတွေကလည်း မနှစ်ကထက် မြင့်တက် လာတယ်။ ဒိုး၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးရိုးရာ အတီးအဖွဲ့ကို ငါးသိန်း ပေးငှားရတယ်။ ဒါတောင် သီချင်းရေးဆရာ ပေးရတာနဲ့ ဆင်ရုပ်အတွက် ကုန်ကျစရိတ် မပါသေးဘူး။ ရိုးရာ ဆင်တစ်စီး ပြိုင်ပွဲဝင်ဖို့အတွက် အနည်းဆုံး သိန်းနှစ်ဆယ်ကနေ အများဆုံး သိန်း ခုနစ်ဆယ်လောက်ထိ ကုန်ကျစရိတ် ရှိတယ်။ ဘော်ကြယ်ဆင် တစ်စီး ပြိုင်ပွဲ ဝင်ဖို့အတွက်ဆို ရင် အနည်းဆုံး သိန်းလေးဆယ်ကနေ အများဆုံး သိန်းတစ်ရာ နီးပါးလောက် ကုန်တယ်။ တချို့ ကုန်ကျစရိတ် မလိုက်နိုင်တဲ့ သူတွေက ပြိုင်ပွဲမဝင် ဖြစ်ကြတော့ဘူး။ အခုလက်ရှိတော့ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးထားတာ ဆင်အစီးရေ နှစ်ဆယ်ရှိပြီ။ နောက် ထပ်တိုးရင်လည်း တိုးလာနိုင် သေးတယ်”ဟု ကျောက်ဆည်မြို့ အောင်ဆန်း ဇာနည် ဆင်အဖွဲ့ ဦးဆောင်သူ ဦးစိုးရွှေက ဆိုသည်။
“မနှစ်က ရိုးရာ အကြမ်းထည် ဆင် တစ်စီးကို ၁ သိန်း ၂သောင်း လောက်ပေါက်တယ်။ ဒီနှစ် တစ်သိန်းခွဲရှိတယ်။ ဘော်ကြယ် ဆင်တစ်စီးကို ဒီနှစ် ၈ သိန်းနဲ့ ၁၀သိန်းကြား ရှိတယ်။ မနှစ်က ၆သိန်းနဲ့ ၈သိန်းကြားပဲ ပေါက်တယ်”ဟု ကျောက်ဆည်မြို့ ရွှေအိုး (ဆင်ချိုးလုပ်ငန်း)မှ ကိုငယ်လေးက ပြောကြားသည်။ ယခုနှစ် ဆင်ပြိုင်ပွဲတွင် ရိုးရာ အငယ်တန်း ကလေးဆင် လေးစီး၊ ရိုးရာ အကြီးတန်း ၁၁စီးနှင့် ဘော်ကြယ် အကြီးတန်း ငါးစီး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး ဖွင့်ပွဲ အခမ်းအနားသို့ ယှဉ်ပြိုင်မည့် ဆင်များ အပါအဝင် ဧည့်ခံဖျော်ဖြေရေး ဆင်အစီးရေ (၁၀၀) ဝန်း ကျင်ခန့် တက်ရောက် သွားမည် ဖြစ်ကြောင်း၊ ယခင်နှစ် ဆင်ပွဲတော်တွင် ဘော်ကြယ်ဆင် လေးစီး၊ ရိုးရာဆင် ၁၃ စီးနှင့် ကလေးဆင် ခြောက်စီး စုစုပေါင်း ၂၃ စီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဧည့်ခံ ဖျော်ဖြေရေး ဆင်အစီးရေ ၆၅ စီး တက်ရောက် ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ ဆင်လှူပွဲတော် ဆင်အက အလှ ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်ရသည့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ယခုနှစ်ယှဉ်ပြိုင်မည့် ဆင်အဖွဲ့များ လျော့နည်းဖွယ်ရှိ















