ဒဂုံမြို့သစ်တောင်ပိုင်း၌ တည်ဆောက်မည့် အငှားအိမ်ရာစီမံကိန်းအတွက် ဒုတိယအကြိမ် ထပ်မံတင်ဒါခေါ်ယူမည်ဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးမည်မဟုတ်

ဒဂုံမြို့သစ်တောင်ပိုင်း၌ တည်ဆောက်မည့် အငှားအိမ်ရာစီမံကိန်းအတွက် ဒုတိယအကြိမ် ထပ်မံတင်ဒါခေါ်ယူမည်ဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးမည်မဟုတ်
Published 4 October 2015
ကျော်ထင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ တည်ဆောက်မည့် အငှားအိမ်ရာစီမံကိန်းအတွက် ကုမ္ပဏီငါးခုက တင်ဒါတင်သွင်းခဲ့သော်လည်း တင်ဒါမအောင်သဖြင့် ဒုတိယအကြိမ် တင်ဒါထပ်မံခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
 
ရန်ကုန်မြို့ရှိ အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်၍ အငှားအိမ်ရာစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကတွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး ယင်းမြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
သို့ဖြစ်ရာ ယင်းအိမ်ရာဖော်ဆောင်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ကုမ္ပဏီငါးခု တင်ဒါတင်သွင်းခဲ့သော်လည်း အစိုးရက သတ်မှတ်ပေးသည့် PAE ဈေးနှုန်း နည်းပါးခြင်းကြောင့် ကုမ္ပဏီများဘက်မှ သတ်မှတ်ထားသည့် အလုံးရေအတိုင်း ဆောက်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် တင်ဒါမအောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယအကြိမ် တင်ဒါကို မကြာမီ ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ်ဘီလျံ ၂၀ ထောက်ပံ့ပြီးဖြစ်ရာ ယင်းအိမ်ရာကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်မည်ဟုဆိုသော်လည်း ယခုကဲ့သို့ တင်ဒါခေါ်ယူမှုအပိုင်းတွင် ကြန့်ကြာနေသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးရန် မလွယ်ကူတော့ပေ။
 
ထိုစီမံကိန်းတွင် တိုက်အလုံးပေါင်း ၄၀ ခန့် ပါဝင်မည်ဖြစ်ပြီး ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဆုံးရန်မှာ ခြောက်လနီးပါးခန့်သာ ကျန်ရှိတော့ခြင်းကြောင့် ပြီးစီးနိုင်မည့် အနေအထားမရှိတော့ကြောင်း သုံးသပ်မှုများရှိနေသည်။
 
“အန်တီတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရအဖွဲ့က ကတိပေးပြီးသား။ ဒီစီမံကိန်းကို ဒီဘဏ္ဍာနှစ်ထဲမှာ အပြီးလုပ်မယ်ဆိုပြီး။ ဘဏ္ဍာငွေကျပ် ၂၀ ဘီလျံလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပြီးသား။ ဒါပေမဲ့ အခုထိ တင်ဒါခေါ်တဲ့ လုပ်ငန်းစဉ်လေးတောင် မပြီးနိုင်သေးဘူး” ဟု ဗဟန်းမြို့နယ် မဲဆ န္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
 
ယင်းစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံး အကောင်အထည်ဖော်မည့် အငှားအိမ်ရာစီမံကိန်း ဖြစ်ကြောင်းနှင့် အခန်းပေါင်း ၂၀၀၀ နှင့် ၃၀၀၀ ကြား ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
အိမ်ရာအား ငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည်ဆိုသည်ကို ညှိနှိုင်းလျက်ရှိကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် တစ်လတစ်ကြိမ် အိမ်ငှားခ ပေးသွင်းသည့်စနစ်ဖြင့် ငှားရမ်းနေထိုင် ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
နယ်အသီးသီးမှ ပြောင်းရွှေ့ အခြေချနေထိုင်သူဦးရေ ရန်ကုန်မြို့၌ မြင့်တက်လာပြီး အိမ်ရာဈေးနှုန်းကြီးမြင့်မှုကြောင့် အိမ်ရာပိုင်ဆိုင်ရန်များစွာ အလှမ်းဝေးနေကြောင်း၊ ဝင်ငွေနည်းအခြေခံ ပြည်သူများအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများမှာလည်း ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော်ဖြင့် ရောင်းချနေရာ အခြေခံပြည်သူများ ဝယ်ယူနိုင်သည့် အနေအထားမရှိသဖြင့် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှသာ အဆင်ပြေမည်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent