မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော နှစ်ပေါင်းသန်း ၄၀ သက်တမ်းရှိ လူတူပရိုင်းမိတ်ရုပ်ကြွင်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ တည်ရှိမှု ဂျပန်ပညာရှင်များ လာရောက်ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော နှစ်ပေါင်းသန်း ၄၀ သက်တမ်းရှိ လူတူပရိုင်းမိတ်ရုပ်ကြွင်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ တည်ရှိမှု ဂျပန်ပညာရှင်များ လာရောက်ဆွေးနွေးမည်
Published 4 October 2015
အေးမြတ်မွန်

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော နှစ်ပေါင်း သန်း ၄၀ သက်တမ်းရှိလူတူ ပရိုင်းမိတ် ရုပ်ကြွင်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ တည်ရှိမှုများနှင့် ပတ်သက်၍ ဂျပန်ပညာရှင်များက ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ တွင် လာရောက်ဆွေးနွေး ဟောပြောသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
 
ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ် ပရိုင်းမိတ်သုတေသနဌာနသည် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည့် နှစ်သန်း ၄၀ သက်တမ်းရှိ လူတူပရိုင်းမိတ် ရုပ်ကြွင်းများ၊ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်များ အဆင့်ဆင့်ဖြစ်ပေါ်လာပုံ များ၊ ကျောရိုးရှိ ကျောရိုးမဲ့သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဧရာဝတီကျောက်လွှာစု ဆင့်ကဲဖြစ်ပေါ်တည်ရှိမှုများကို ဂျပန်ပညာရှင်များက ဆွေးနွေးဟောပြောသွား မည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဟောပြောပွဲအား ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများနှင့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များ၊ ပြင်ပမှ ရုပ်ကြွင်းပညာရပ် စိတ်ဝင်စားသူများ တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာကတည်းက ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်လာခဲ့မှုကို မြန်မာနိုင်ငံသားများ သိရှိစေနိုင်ရန်နှင့် အမျိုးသားရေးစိတ်ဓာတ် နှင့် မြန်မာ့လူသား အဆက်အနွယ် ယဉ်ကျေးမှုကို ဂုဏ်ယူမြတ်နိုးသည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ပိုပိုသက်ဝင်စေနိုင်ရန် အဆိုပါ ဟောပြောပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ် ပရိုင်းမိတ် သုတေသနဌာနသည် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ၁၉၉၈ ခုနှစ်မှ စတင်ပြီး ပရိုင်းမိတ်ကျောရိုးရှိ၊ ကျောရိုးမဲ့သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ လေ့လာရေးနှင့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent