ပန်းချီဝင်းဖေမြင့်၏ ဆီဆေးပန်းချီ ရေးဆွဲနည်း အလုပ်ရုံ ဆွေးနွေးပွဲ တစ်ပတ်ကြာ ပြုလုပ်မည်

ပန်းချီဝင်းဖေမြင့်၏ ဆီဆေးပန်းချီ ရေးဆွဲနည်း အလုပ်ရုံ ဆွေးနွေးပွဲ တစ်ပတ်ကြာ ပြုလုပ်မည်
Published 30 September 2015
ပြည့်စုံနေဝင်း

ပန်းချီ ဝင်းဖေမြင့်၏ ဆီဆေး ပန်းချီ ရေးဆွဲနည်း အလုပ်ရုံ ဆွေးနွေးပွဲကို လောကနတ် ပန်းချီပြခန်း၌ တစ်ပတ်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဆီဆေး ပန်းချီ ရေးဆွဲနည်း အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်ကြာ ပြုလုပ်သွားမည် ဖြစ်ကာ ဆီဆေးပန်းချီကို တစ်ရက်လျှင် တစ်ကားနှုန်းဖြင့် ပန်းချီဝင်းဖေမြင့်က ရေးဆွဲ ပြသသွားမည်ဖြစ်ကာ ဖွင့်ပွဲနေ့နှင့် ပိတ်ပွဲနှစ်ရက်တွင် ပန်းချီသီအိုရီ၊ နည်းစနစ်များနှင့် ပတ်သက်သည့် ဟောပြောပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“အခုနောက်ပိုင်း အခရိုင်းလစ်ကို ရေးနေကြတာ များတယ်။ ဆီဆေးကို လူငယ်တွေ သိပ် စိတ်မဝင်စားဘူး ဖြစ်နေတယ်။ တကယ်က ဆီဆေးကမှ ဂန္ထဝင်မြောက်ပြီး ရေရှည်ခံ၊ ရေးရတာ ပိုအရသာရှိတာပါ။ ဆီဆေးနဲ့ ရေးနည်း အမျိုးမျိုး ရေးလို့ ရတယ်ဆိုတာကို လူငယ်တွေ သိစေချင်လို့ပါ။ အခုပွဲမှာ ဆီဆေးနဲ့ ရေးနည်း ငါးမျိုး ဆွဲပြသွားမှာပါ။ ရေးနည်း ငါးမျိုးကို တစ်နေ့တစ်မျိုး ရေးပြပါမယ်။ ရေးနည်း ငါးမျိုးက အစဉ်အလာ ရေးနည်းအတိုင်း အနောက်တိုင်းရဲ့ရေးနည်း အစဉ်အလာအတိုင်း ရေးနည်း၊ နောက်တစ်နည်းက Impressionist ရေးနည်းအတိုင်း အစက်တွေနဲ့ ရေးနည်း၊ နောက်အောက်ခံ အရောင်ကို အားပြုပြီး ရေးတဲ့ Colour Ground နဲ့ ပန်းချီရေးနည်း၊ နောက်တစ်ကားက တစ်ရှူးတွေနဲ့ဖန်တီးတဲ့ ပန်းချီကားတစ်ကား ရေးပြမယ်။ နောက်ဆုံးနည်းကတော့ ဆီကို ရေးနည်း တစ်မျိုးနဲ့ သရုပ်ဖော်တဲ့ ရေးနည်းကို ရေးပြ သွားမှာ ဖြစ်ပါ တယ်” ဟု ပန်းချီဝင်းဖေမြင့်က ပြောပြသည်။
ဆီဆေးဖြင့် ပန်းချီကားများ ရေးဆွဲပြခြင်းကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ  တစ်နေ့လျှင် တစ်ကားနှုန်းဖြင့် ရေးဆွဲ ပြသ သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက် လေ့လာနိုင်ကြောင်း သိရ သည်။
ယခု အလုပ်ရုံ ဆွေးနွေးပွဲသည် လစဉ်လတိုင်း ပန်းချီ အနုပညာနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ လက်တွေ့ ရေးဆွဲပွဲများ ပြုလုပ်သည့် လောကနတ် ပန်းချီပြခန်း၏ အနုပညာ လှုပ်ရှားမှု တစ်ခုဖြစ်ကာ ပန်းချီ ဝင်းဖေမြင့်သည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကလည်း ‘သိထားသင့်သော အရောင်တို့၏ အ ရည်အသွေးများ အကြောင်း’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ရေးဆွဲပွဲကို ပြုလုပ်ခဲ့သည်။   

Most Read

Most Recent