သတ်မှတ်အနိမ့်ဆုံး လုပ်ခလစာသာပေးပြီး ရက်မှန်ကြေး၊ အချိန်ပိုနှင့် အခြားခံစားခွင့်များ မပေးခြင်းကြောင့် ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ခန့် ဆန္ဒထုတ်ဖော်

သတ်မှတ်အနိမ့်ဆုံး လုပ်ခလစာသာပေးပြီး ရက်မှန်ကြေး၊ အချိန်ပိုနှင့် အခြားခံစားခွင့်များ မပေးခြင်းကြောင့် ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ခန့် ဆန္ဒထုတ်ဖော်
Published 30 September 2015
သက်မင်း၊ ရှိုင်းလင်းအောင်

သတ်မှတ်ထားသော အနည်းဆုံးလုပ်ခလစာ သာပေးချေပြီး ရက်မှန်ကြေး၊ အချိန်ပို နှင့် အခြားခံစားခွင့်များ မပေးချေတော့ခြင်းကြောင့် ရွှေပြည်သာစက်မှုဇုန်(၁)အတွင်း ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ခန့် သည် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
 
အလုပ်သမားများက စက်တင်ဘာ ဒုတိယပတ် အစောပိုင်းကတည်းက စက်ရုံတွင်း တောင်းဆိုမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး မရရှိသဖြင့် စက်တင်ဘာ ၂၁ ရက်မှ စတင်ကာ စက်ရုံရှေ့သို့ထွက်၍ ဆန္ဒထုတ်ဖော် တောင်းဆိုကြခြင်းဖြစ်သည်ဟု အလုပ်သမားများထံမှ သိရသည်။
 
အဆိုပါ ရွှေပြည်သာစက်မှုဇုန်အတွင်းရှိ ဟန်ဂျင်းအထည်ချုပ်စက်ရုံရှေ့တွင် အလုပ်မလုပ်ဘဲ ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများသည် စက်ရုံ၏ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်တစ်ဦးတို့အား စက်တင်ဘာ ၁၇ ရက် တွင် အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် ကျန်အလုပ်သမား တစ်ထောင်ကျော်သည် လုပ်ငန်းခွင်သို့ မဝင်တော့ဘဲ စက်ရုံ ထမင်းစာဆောင်၌ အလုပ်ထုတ်ခံရသည့် အလုပ်သမားလေးဦးအား အလုပ်ပြန်ခန့်အပ်ပေးရန်အတွက် တောင်းဆိုခြင်းများ လုပ်ခဲ့ကြောင်း သိရသည်။
 
“ကျွန်မတို့ကို အလုပ်ရှင်က ဘာမှန်းမသိတဲ့ လက်မှတ်တွေ ထိုးခိုင်းတယ်။ ခြိမ်းခြောက်ပြီး ထိုးခိုင်းတဲ့အပြင် မထိုးရင် အလုပ်ထဲကို အဝင်မခံနိုင်ဘူး။ အလုပ်က ထုတ်မယ်။ ထုတ်ရင်လည်း လျော်ကြေးမပေးဘူးလို့ ပြောတယ်။ အနိမ့်ဆုံးလုပ်ခလစာပဲ ပေးတော့တယ်။ 
ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ရှားပါးစရိတ်နဲ့ နဂိုကရတဲ့ အခြားအခွင့်အရေးတွေ မပေးတော့ဘူး။ အဲဒီတော့  အခက်အခဲဖြစ်တာပေါ့။ အဆောင်ခတွေကလည်း ဈေးတွေတက်နေပြီ” ဟု ယင်းစက်ရုံမှ အလုပ်သမား မစန္ဒာ က ပြောကြားသည်။
 
အနိမ့်ဆုံးလုပ်ခလစာ မသတ်မှတ်ခင်က အဆိုပါစက်ရုံသည် ကျွမ်းကျင်အဆင့် အလုပ်သမားများအတွက် တစ်လလျှင် လစာငွေ တစ်သိန်းခြောက်သောင်းခန့်နှင့် အခြားခံစားခွင့်များ ပေးချေကြောင်း သိရပြီး ယခုအခါတွင် အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့ ကျပ် ၃၆၀၀ သာပေးချေသည့်အတွက် အလုပ်သမားများ၏ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
“အခုလက်ရှိ အခြေအနေကတော့ ခုံသမာဓိမှာ သွားရောက်ညှိနှိုင်းမယ့် အခြေအနေပါ။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ဖြေရှင်းပေမယ့် တာဝန်ရှိသူတွေကလည်း ယုံကြည်စရာမရှိသလို အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေအပေါ် ညှာတာမှုမရှိဘူး”ဟု အလုပ်မှ ထုတ်ပယ်ခြင်းခံထားရသည့် ဟန်ဂျင်းအထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂမှ ကိုကျော်ကျော်မြင့်က ပြောကြားသည်။ ကိုကျော်ကျော်မြင့်အပါအဝင် အလုပ်သမားသမဂ္ဂမှ အလုပ်သမားရှစ်ဦးမှာ အလုပ်ထုတ်ခံထားရသည်။
 
လက်ရှိအချိန်တွင် ဟန်ဂျင်းအထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားများအား စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီအထိ အလုပ်လုပ်ချင်ပါက ဝင်ရောက်လုပ်နိုင်ကြောင်း စက်ရုံရှေ့တွင် ကြေညာစာထုတ်ထားသည်။ 
 
အလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုနေမှုနှင့်ပတ်သက်၍ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက“စက်ရုံအနေနဲ့ ကျပ် ၃၆၀၀ သတ်မှတ်ပြီး အခြားဟာတွေကို ပေးဖို့အစီအစဉ်ဆွဲနေတဲ့ကာလမှာ သူတို့က အခြားခံစားခွင့်အပြင် အနိမ့်ဆုံးလုပ်ခလစာကို ပေးချေစေချင်တယ်။  အဲဒီလို တောင်းတာကို စက်ရုံအနေနဲ့ အရင်တုန်းက တောင်းတဲ့အတိုင်းပေးဖို့ အစီအစဉ်မရှိဘူး။ ရွှေပြည်သာအပြင် တစ်နိုင်ငံလုံးမှာလည်း မပေးဘူး။ စက်ရုံဘက်က အရင်တုန်းကရတဲ့ လစာထက် မနည်းတဲ့လစာကိုပေးဖို့ အစီအစဉ်ဆွဲနေတယ်။ နည်းတယ်ဆိုတာ မရှိစေရဘူး”ဟု ဆိုသည်။ 
 
အဆိုပါ ဟန်ဂျင်းအထည်ချုပ်စက်ရုံသည် ဂျာကင်၊ ကုတ်အင်္ကျီနှင့် အဝတ်အထည်များ ချုပ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

Most Read

Most Recent