တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် ကျင်းပလျက်ရှိရာ တစ်နိုင်ငံလုံး အပစ် ရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် လက်မှတ်ထိုးမည်ဟု အစည်းအဝေး၌ သဘောထား ပေးသည့်အဖွဲ့ ခုနစ်ဖွဲ့ရှိကြောင်း စက်တင်ဘာ ၂၉ ရက် ဒုတိယနေ့ အစည်းအဝေးအပြီးတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၏ ပြောကြားချက်အရ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် အစိုးရနှင့် လက်မှတ်ထိုးမည်ဟု သဘောထား ပေးသည့် အဖွဲ့အစည်းများ ကိစ္စကို အတည်ပြု သွားမည်ဖြစ်ကြောင်း၊ လက်မှတ်ထိုးမည့် အဖွဲ့ အရေအတွက် တိုး လာနိုင်သေးကြောင်း၊ လက်မှတ်ထိုးမည့် အဖွဲ့များနှင့် မထိုးသေးသည့်အဖွဲ့များ မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်မည် ဆိုသည်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ချင်းမိုင် ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့်ရှိသူ ဖြစ်ပြီး အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) အဖွဲ့ဝင်လည်း ဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း က”အဆင်သင့် ထိုးမယ့်အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့ ဒါပဲရှိမယ်။ နောက်နေ့မှာ ဆက်ဆွေးနွေးမယ်။ လောလောဆယ် ထိုးမယ့်အဖွဲ့က ခုနစ်ဖွဲ့ လောက်တော့ရှိမယ်။ ကျန်တဲ့အဖွဲ့တွေကလည်း ထိုးမှာပဲ။ ဒါပေမဲ့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ သဘောထားပဲ။ အဆင်သင့် မဖြစ်သေးဘူး ဆိုတာကလည်း တချို့ကလည်း အကုန်လုံးပါမှ။ တချို့ကတော့ သူတို့ပြင်ဆင်မှု နည်းနည်း လိုတယ်ဆိုတဲ့ သဘောနဲ့။ မနက်ဖြန် ကျလို့ရှိရင် ကျွန်တော်တို့ ဆက်ပြီးတော့ ဒီကိစ္စ ဆွေးနွေးပြီးတော့ အတည်ပြုချက်တော့ ရယူမှာပေါ့”ဟု ပြောကြားသည်။
KNU အဖွဲ့၏ သဘောထားနှင့် ပတ်သက်ပြီး ပဒိုစောကွယ်ထူးဝင်းက” ကျွန်တော်တို့ ကတော့ ကြိုးစားနေတာ။ ကေအင်န်ယူ ကတော့ ထိုးမယ်လေ။ ကရင်သုံးဖွဲ့ ကတော့ ထိုးမှာပဲ။ကျန်တဲ့ အဖွဲ့တွေ သဘောထားတော့ အကုန်လုံး ကျွန်တော်တို့ မသိရဘူး။ ကျွန်တော်တို့ကတော့ ဆက်လက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုကို အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေနဲ့ ပူးပေါင်း လက်မှတ် ရေးထိုးမယ်။ နောက်ပြီးတော့လည်း တစ်ဆင့်ပြီးတစ်ဆင့် တစ်ပြည်လုံး အပစ်ရပ်စဲရေးမှာ ပါဝင်လာအောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။ ဒါကျွန်တော်တို့ရဲ့သဘောထား ပါ”ဟု ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း အစိုးရနှင့် အပစ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောထား ရှိသည့် အဖွဲ့များမှာ KNU၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုး သားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့ဖြစ်ကြောင်း သိရသည်။
မူလက ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) သည်လည်း တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်တွင် ပါဝင် လက်မှတ်ထိုးမည်ဟု ထုတ်ဖော် ပြောဆို ထားသော်လည်း လတ်တလောတွင် အစိုးရ တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ၍ ပါဝင် လက်မှတ် ရေးထိုးရေးကိစ္စမှာ မရေမရာ ဖြစ်နေသည်။
NCA လက်မှတ်ရေးထိုးပြီး ၁၄ ရက်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ခေါ်ယူ သွားမည်ဖြစ်ကြောင်း၊ ယင်းအစည်း အဝေးမှာ NCA စာချုပ်ပါ ကော်မတီများ ဖြစ်သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းရန်အတွက် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ ဖြန့်ဝေသည့် “ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” စာအုပ်တွင် အပစ်ရပ် စာချုပ်ပါ အချက်များနှင့် ပတ်သက်ပြီး ဝေါဟာရ ရှင်းလင်းမှုများအရ သိရသည်။
JMC သည် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးနေစဉ် ကာလအတွင်း ပစ်ခတ် တိုက်ခိုက်မ ှုရပ်စဲရေး ခိုင်မာစေရန်အတွက် နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော ကော်မတီဖြစ်ပြီး ယင်းကော်မတီကို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၃၀ အတွင်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
UPDJC သည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အဓိကကျသော နှစ်ဖက်ပူးတွဲ ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပြီး ယင်းကော်မတီကိုလည်း ရက်ပေါင်း ၃၀ အတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ NCA ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်အတွက် အခြေခံရမည့် မူဘောင်ကို ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲ အတည်ပြု သွားမည်ဖြစ်ကြောင်း “ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” စာအုပ်တွင် ရေးသားထားသည်။
NCA လက်မှတ်ရေးထိုးမှုကို လာမည့် ၂၀၁၅ အောက်တိုဘာလအတွင်း ပြုလုပ် သွားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် လက်မှတ်ရေးထိုးပြီးနောက် အရင်းခံ ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် ကျင်းပသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားထားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ် ထိုးမည်ဟု ချင်းမိုင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေး၌ သဘောထား ပေးသည့်အဖွဲ့ ခုနစ်ဖွဲ့ရှိ















