ကျား-မရေးရာ မျက်မှန်ကလေး တပ်ပေးပါ

ကျား-မရေးရာ မျက်မှန်ကလေး တပ်ပေးပါ
Published 24 September 2015
ကျွန်း

ကျား-မရေးရာ (Gender) ကို အင်္ဂလိပ်လို သုံးစွဲမှုတွေမှာကို မှားယွင်း သုံးစွဲနေကြတဲ့ အတွက် Gender လို့ ပြောလိုက်ရင် ကျား၊ မ ကွဲပြားမှုကိုသာ ပြောခြင်းလို့ မှားယွင်း ယူဆတတ်ကြပါတယ်။ တကယ်တော့ ကျား၊မ ကွဲပြားမှုကို ဖြည့်သွင်းရမယ့် ပုံစံတွေမှာ Gender အစား Sex (လိင်) လို့သာ အသုံးပြု သင့်တာ ဖြစ်ပါတယ်။လိင်က ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒ၊ မျိုးပွားမှုဆိုင်ရာ အနေအထားတွေအရ သဘာဝအတိုင်း ပြောင်းလဲလို့ မရတဲ့ ကျား၊ မ ဖြစ်ခြင်းကို ပြောဆိုခြင်း ဖြစ်ပါတယ်။ Gender က လူမှုရေးစံနှုန်း သတ်မှတ်မှုတွေ အပေါ်မှာ မူတည်ပါတယ်။ လူတွေရဲ့ မျှော်လင့်ချက်တွေ၊ ယဉ်ကျေးမှုတွေ၊ နေရာဒေသတွေ အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။ အချိန်နဲ့ အမျှလဲ ပြောင်းလဲမှုတွေ ရှိပါတယ်။ဥပမာ - မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လို နေရမယ်လို့ မျှော်လင့် သတ်မှတ် ထားတာတွေက အမေရိကန် နိုင်ငံက အမျိုးသမီးတွေ ဘယ်လို နေရမယ် ဆိုတာနဲ့ ကွဲပြားနေသလို၊ ကျွန်မ အဘွားလက်ထက်က အမျိုး သမီးတွေ ဘယ်လို နေရမယ်လို့ သတ်မှတ် ထားတာက ကျွန်မတူမလေး လက်ထက်မှာ အမျိုးသမီးတွေ ဘယ်လို နေရမယ်ဆိုတာနဲ့ အတော်လေး ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသားတွေအတွက် မျှော်လင့်ချက်တွေမှာလဲ အဲဒီလိုပါပဲ။ကျား-မရေးရာကို ပြောကြတဲ့အခါ လူ့အဖွဲ့အစည်းထဲက မတူညီကြတဲ့ သြဇာ အာဏာတွေရဲ့ ပတ်သက် ဆက်နွှယ်မှုတွေကိုလည်း ထည့်သွင်း စဉ်းစားကြရပါတယ်။ အဲဒါက ယောက်ျားတွေနဲ့ မိန်းမတွေ ကြားမှာရှိတဲ့ သြဇာ အာဏာတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ မိန်းမအချင်းချင်း ကြားထဲမှာ၊ ယောက်ျားအချင်းချင်း ကြားထဲမှာ ရှိနေတဲ့ မတူညီတဲ့ သြဇာ အာဏာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ချွေးမက ယောက္ခမကို ကြောက်ရတာ ကျား-မ ရေးရာနဲ့ သက်ဆိုင်သလို၊ ယောက်ျားလေး အချင်းချင်း “ မင်း ယောက်ျား မဟုတ်ဘူးလား ” လို့ အပြောခံရမှာကို ကြောက်တာကလည်း ကျား-မ ရေးရာနဲ့ သက်ဆိုင်ပါတယ်။“ ကျား-မရေးရာ တန်းတူညီမျှရေး ” ဆိုတဲ့ စကားလုံးကလဲ ကြားလိုက်တာနဲ့ကို အထင်လွဲချင်စရာ၊ အမြင်ကပ်စရာ ကောင်းလှတဲ့ စကားလုံးတစ်ခု ဖြစ်ပါတယ်။ ယောက်ျားတွေနဲ့ မိန်းမတွေကြားမှာ ခန္ဓာကိုယ် တည်ဆောက်ပုံ အရရော၊ လူမှုရေး စံနှုန်းသတ်မှတ်ချက်တွေ အရပါ ကွဲပြားမှုတွေ ရှိပါတယ်။ အဲဒီအတွက် လိုအပ်ချက်တွေကလည်း မတူပါဘူး။အဲဒီတော့ “ ဘယ်လို တန်းတူညီမျှ ကြမှာလဲ ” ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ဒီမှာသုံးထားတဲ့ တန်းတူညီမျှရေး ဆိုတာက ရလဒ်တွေ တူညီကြဖို့ ဖြစ်ပါတယ်။ လိုအပ်ချက် မတူညီကြတဲ့အတွက် ရလဒ် တူညီစေဖို့ သွားရမယ့် လမ်းကြောင်းတွေ၊ လုပ်ဆောင်မှုတွေ ကွဲပြားနိုင်ပါတယ်။ အဲဒီလို ကွဲပြားတဲ့ လိုအပ်ချက်တွေကို ချိန်ညှိဆောင်ရွက်တဲ့ အစီအမံတွေ ထားရှိပေးတာကို မျှတစွာ ဆောင်ရွက်မှု (Equity) လို့ ခေါ်ပါတယ်။ကျား-မရေးရာ တန်းတူ ညီမျှရေး ရရှိဖို့အတွက် မျှတစွာ ဆောင်ရွက်မှုတွေ မရှိဘဲ ဖြစ်မလာနိုင်ပါဘူး။ မျှတစွာ ဆောင်ရွက်ပေးမှုနဲ့ ပတ်သက်လို့ မြင်သာအောင် ပေးလေ့ရှိကြတဲ့ ဥပမာ တစ်ခုက ဗျိုင်းကို ရေဇလုံနဲ့ ရေတိုက်တာ ဖြစ်ပါတယ်။ အခြား တိရစ္ဆာန်အများစုက ရေဇလုံနဲ့ ရေသောက်နိုင်တာနဲ့ တန်းတူညီမျှပဲ ဆိုပြီး ဗျိုင်းကို ရေဇလုံနဲ့တိုက်ရင် ဗျိုင်းက ရေသောက်လို့ မရတဲ့အတွက် ရလဒ်မှာ တန်းတူညီမျှမှု မရှိပါဘူး။ဗျိုင်းကို ဗျိုင်းသောက်လို့ရတဲ့ ရေကရားမျိုးနဲ့ ရေတိုက်ဖို့ စီစဉ်ပေးဖို့လိုပါ တယ်။ အခြား ဥပမာ တစ်ခုကတော့ တန်းတူညီမျှတဲ့ ပြိုင်ဆိုင်မှုဆိုပြီး မျောက်၊ ဆင်၊ ငါး၊ ဘဲ စတဲ့ တိရစ္ဆာန်ပေါင်းစုံကို သစ်ပင်တက် ပြိုင်ခိုင်းခြင်းပါ။ အားသာချက် မတူညီမှုတွေကို သတိပြုမိ ကြပါလိမ့်တယ်။ သစ်ပင် မတက်နိုင်လို့ ဆင်ကို အသုံးမကျဘူး ေြ့ပာလို့မရပါဘူး။အမျိုးသမီးတွေအတွက် မီးဖွားခွင့်ဆိုတာက မျှတမှုအတွက် ဆောင်ရွက်ပေးရတဲ့ တန်းတူ ညီမျှရေးကို ဦးတည်တဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ ယောက်ျားယူတာနဲ့ အလုပ်ထွက်၊ ကလေးမွေးမယ် ဆိုတာနဲ့ အလုပ်ထွက်ဆိုရင် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်က မျှတမှုကို မရရှိဘဲ ဖြစ်နေပါလိမ့်မယ်။ မီးဖွားခွင့် ရက်ရှည်ပေးရလို့ ကုန်ထုတ်စွမ်းအား ကျဆင်းသွားတာမျိုး မရှိဘူး၊ ဖွံ့ဖြိုး တိုးတက်မှုတွေလဲ ဆုတ်ယုတ် မသွားဘူးဆိုတာ တွေ့ရှိခဲ့ကြပြီးသား ဖြစ်ပါတယ်။ဒါ့အပြင် အမျိုးသမီးတွေကို ခေါင်းဆောင်မှုပိုင်းတွေ၊ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ တာဝန်ယူခွင့် ပေးလာတဲ့ အခါတွေမှာလဲ အကျိုးအမြတ်တွေက လျော့ကျမသွားဘဲ ပိုတက်လာကြောင်းကို သုတေသန များစွာက တစ်ဆင့်လေ့လာ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။တန်းတူညီမျှရေးကို ဦးတည်ပြီး အခွင့်အရေးတွေ ထားရှိပေးတဲ့ နေရာတွေမှာတောင် လူမှုရေးဆိုင်ရာ အတားအဆီးတွေကြောင့် အမျိုးသမီးတွေ ရှေ့တိုးလို့မရတဲ့ ကိစ္စရပ်များစွာ ရှိပါတယ်။ အဲဒီလို အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့အတွက် Affirmative Action လို့ခေါ်တဲ့ ဦးစားပေးမှုတွေ ထားရှိပေးရတာ ဖြစ်ပါတယ်။Affirmative Action ရဲ့ ဥပမာတစ်ခုက အမျိုးသမီးတွေနဲ့ မသင့်တော်တဲ့ ရာထူးအဆင့်၊ အမျိုးသမီးတွေနဲ့ မသင့်တော်တဲ့ အသက်မွေးမှု စသဖြင့် ယူဆသတ်မှတ်မှုတွေကြောင့် ပါဝင်ဆောင်ရွက်ဖို့ ခက်ခဲနေတဲ့ နေရာတွေမှာ အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း ဘယ်လောက် အနည်းဆုံး ရှိရမယ်ဆိုတဲ့ ခွဲတမ်း (Quota) စနစ် ထားပေးခြင်းပါ။ အဲဒီလို ဆောင်ရွက်မှုတွေက ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်ပါတယ်။ဒါကြောင့် ကျား-မရေးရာ တန်းတူညီမျှရေးကို တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေဖြစ်တဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ (Millennium Development Goals) ထဲမှာ ရည်မှန်းချက် ပန်းတိုင်ကြီး တစ်ခုအဖြစ်ထည့်သွင်း ထားခဲ့သလို၊ အခုလာမယ့် စက်တင်ဘာ ၂၅ ကစလို့ အသစ်ပြောင်းမယ့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်တွေ (Sustainable Development Goals) ထဲမှာလည်း ရည်မှန်းချက် ပန်းတိုင်ကြီး တစ်ခုအဖြစ် ဆက်လက် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် အခြားပန်းတိုင်တွေ ထဲမှာလည်း ကျား-မရေးရာ တန်းတူညီမျှရေးကို  သင့်လျော်သလို  ထပ်မံထည့်သွင်း ထားပါသေးတယ်။ဖေ့စ်ဘွတ်က Chief Operation Officer ၊ Sheryl Sandberg က သူဂူဂယ်လ်မှာ တာဝန်ထမ်းဆောင်နေစဉ်က သူကိုယ်တိုင် ကိုယ်ဝန်အရင့်အမာနဲ့ ရုံးတက်ရချိန်ကျမှ ရုံးရှေ့မှာ ကိုယ်ဝန်ဆောင် ဝန်ထမ်းတွေ ကားရပ်ဖို့နေရာ သီးသန့် ထားပေးသင့်တယ် ဆိုတာကို ပထမဆုံး အကြိမ်အဖြစ် သတိပြုမိ ပါသတဲ့။ထိပ်ပိုင်းမှာ တာဝန်ယူထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့ မမြင်နိုင်မှုအတွက် ရှက်မိတယ်လို့ သူ့ရဲ့ Lean In စာအုပ်ထဲမှာ ဝန်ခံပါတယ်။ ကျွန်မတို့ ဆီမှာတော့ ဒီ့ထက် အခြေခံကျတဲ့ ကိစ္စရပ်တွေကိုတောင် သတိ မပြုမိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။ အရေးပေါ် အခြေအနေတွေအတွက် ထောက်ပံ့ပေးမှု တွေမှာလည်း အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်သူတွေက မေ့လျော့သွားလေ့ ရှိကြပါတယ်။“ လူတွေ ” လို့ ပြောလိုက်ရင် ကျွန်မတို့ အရင်ဆုံး စဉ်းစားမိကြတာ ယောက်ျားတွေရဲ့ စံနှုန်းနဲ့ လိုအပ်ချက်တွေ ဖြစ်လေ့ရှိပါတယ်။ လူတွေ အသက်ရှင်ဖို့ အခြေခံက ဆန်နဲ့ဆီပဲ ဆိုပေမယ့် အမျိုးသမီးဆိုတာ အရွယ်ရောက်လာတာနဲ့ ဇီဝခန္ဓာအရ လစဉ်ဓမ္မတာ သွေးဆင်းတတ်ကြပါတယ်။ အဲဒီအချက်ကို ထည့်မတွက်ထားလို့ အဲဒီအတွက် ဘာမှ မစီစဉ်ပေးမိတဲ့အခါ  ပေပေရေရေနဲ့ နေလို့ကလည်း မဖြစ်နိုင်ကြတဲ့အတွက် ရှိတာတွေကို ဖြစ်သလိုအသုံးပြုရင်း ပြဿနာတက်ခဲ့ကြတဲ့ သာဓကတွေ ရှိပါတယ်။ဒါ့အပြင် အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်မှု၊ သားမွေးမှုတွေ ပြုရလေ့ ရှိတဲ့အတွက် အရေးပေါ် အခြေအနေထဲမှာပဲ ကလေး မွေးဖွားရသူတွေ၊ မတော်တဆ ကိုယ်ဝန် ပျက်ကျသူတွေ ရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစား မိကြဖို့ လိုပါတယ်။ ဒါကလည်း သေရေး၊ ရှင်ရေးပဲ ဖြစ်ပါတယ်။ကျွန်မ ပတ်ဝန်းကျင်မှာတင် ဖြစ်ခဲ့တဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကျား-မရေးရာ ကိစ္စ၊ သာဓကလေး တစ်ခုကို ပြောပြချင်ပါတယ်။ ဘွဲ့ရ၊ ကိုယ်တိုင် စီးပွားရေး လုပ်နေပြီး၊ ရန်ကုန်မြို့ပေါ်မှာနေတဲ့ အမျိုးသမီးလေး တစ်ဦး ကြုံရတာပါ။ သူကိုယ်ဝန် ဆောင်စဉ်နဲ့ မီးဖွားပြီးချိန်မှာ ယောက္ခမရဲ့ ညွှန်ကြားချက်ကြောင့် အစားရှောင်ပြီး အပင်ပန်း အဆင်းရဲ ခံခဲ့ရပါတယ်။သူက ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက် မိခင်တွေ ဘာလုပ်သင့်၊ မလုပ်သင့်ဆိုတဲ့ ဗဟုသုတ မရှိသူ မဟုတ်ပါဘူး။ ယောက္ခမကို ကြောက်ရတာပါ။ အစားရှောင်တဲ့ဒဏ်ကို ခံရတာက သူတစ်ယောက်တည်း မဟုတ်ပါဘူး။ သူ့ကလေးမှာပါ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်တာပါ။ ဒီလိုနေရာက လူတွေတောင် ဒီလိုဖြစ်ရပ်တွေ ကြုံနေရဆဲဆိုရင် ကျေးလက်တောရွာမှာ နေရသူတွေ၊ ဆင်းရဲသူတွေ၊ ပညာမတတ်သူ တွေထဲမှာ အလားတူ ကိစ္စရပ်တွေ ဘယ်လောက်များမလဲ တွက်ဆကြည့်လို့ရပါတယ်။မိခင်အစားရှောင်လို့ ဘီဝမ်းချို့တဲ့ရာက၊ ဘယ်ရီဘယ်ရီ (Beriberi) နဲ့ မသေသင့်ဘဲ သေခဲ့ရတဲ့ ကလေးတွေ ရှိပါတယ်။

Most Read

Most Recent