တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ
Published 21 September 2015
မောင်တင်ဦး (မြောင်းမြ)

မေတ္တာအစွမ်း
မိုးတွင်းကာလကို ရွှေမိုးက ရွာလိုက်၊ သဲလိုက်၊ တိတ်လိုက်၊ နေ မပွင့်တပွင့်။ မိုးတွင်းကာလဆိုတာ သံဃာတော်တွေ ဝါကပ်တဲ့လ။ ဝါကပ်တဲ့လမှာ မိမိသီတင်းသုံးရာ ကျောင်းတိုက်မှတစ်ပါး ခရီးသွားခြင်း မပြုရ။
ဓမ္မာရုံက ဥပုသ်သီတင်း ဆောက်တည်ဖို့ နှိုးဆော်သံ။ ဥပုသ်နေ့ အရုဏ်ဆွမ်းကပ် အလှူခံထွက်တဲ့ ဓမ္မဂီတသံ ။ ဦးပဉ္စင်းတို့ရဲ့ ဥပုသ် သီလပေး တရားဟောသံနဲ့ လောကဟာ အေးချမ်းနေတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ အစဉ်အလာ ထိန်းသိမ်းတဲ့ ရဟန်းသံဃာတော်တို့ရဲ့ တရားဒေသနာတွေဟာ နာယူမှတ်သား ကုသိုလ်ပွားစရာ အပြည့်ပဲ။
သံဃာတော်နဲ့ ရင်ဆိုင်တွေ့ရင် အရိပ်တောင် မနင်းဘဲ လမ်းဘေးဆင်း အရိုအသေပြုကြတာ ငယ်စဉ် ကလေးဘ၀ ကတည်းကပဲ။ သံဃာတော်ကို ဆရာ၊ မိဘ၊ လူကြီးတို့ထက် ထိပ်ဆုံးက လေးစားကြည်ညို ရိုကျိုးတတ်တာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ အစဉ်အလာပဲ။ ကားပေါ်မှာ သံဃာတော်များကို ဦးစားပေးပါဆိုတဲ့ စာတန်းလေးဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သံဃာတော်များ အပေါ်ထားရှိတဲ့ ဂါရဝတရားကို ပြနေတာ။ ဒါတွေဟာ သံဃာတော်များရဲ့ သိက္ခာ၊ မေတ္တာအစွမ်းကို ကြည်ညိုလို့ပဲ။
သံဃာတော်များကို ဆွမ်းလောင်းရာမှာ စားဦးစားဖျားများကို သီးခြားထားရှိပြီး လောင်းလှူကြတယ်။ ကိုယ်ကိုယ်တိုင်စားတဲ့ ထမင်းက ညစ်နေပေမယ့်၊ သံဃာတော်ကို လှူတဲ့ဆန် (ဆွမ်း) က ဖြူဝင်း ကော့စင်းနေတယ်။ သဒ္ဓါတရားရဲ့ ပုံရိပ်ကို ဖော်ပြနေတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ပုံရိပ်က ကမ္ဘာအထိ လွှမ်းမိုးနေတာ။
ရွာထိပ်က ဘုန်းတော်ကြီး ကျောင်းမှ သံဃာတော်များ ၊ ဦးပဉ္စင်းများ၊ ကိုရင်ငယ်များ ဆွမ်းခံကြွချိန်။ ထွက်လု နေခြည်အောက်မှ ရွက်နုရွှေရည် တောက်နေသလို မျက်ရှုရဟန်းတော်တွေရဲ့ ရွှေဝါရောင် သင်္ကန်းတွေဟာ အံ့မခန်း ပန်းချီကားချပ် တစ်ခုပဲ။ ရွာသူ ရွာသားတွေဟာ သပ္ပာယ်လွန်းလို့ သံဃာတော်များကို လက်အုပ်ကလေးချီ စိတ်ထဲမေတ္တာပွား မြန်မာတို့ရဲ့ စိတ်ထားဟာ မလေးစားဘဲ မနေနိုင်ဘူး။
တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် အချို့က သံဃာတော်တွေ မြို့တွင်းလှည့်ကာ မေတ္တာသုတ်ရွတ် ဆိုကြတယ်။ အေးချမ်းစွာ မေတ္တာသုတ် ရွတ်ဆိုနေတဲ့ သံဃာတော်တွေကို မတရား ဖမ်းဆီးတယ်။ ချုပ်နှောင်တယ်။ နှိပ်စက်တယ်။ ဒီသတင်းဟာ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတယ်။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတွေကို နှိပ်စက်တယ်၊ ဖမ်းဆီးတယ်ဆိုတဲ့ သတင်းဟာ ခေါင်းမိုးကြိုး ပစ်လိုက်တာ နဲ့အတူတူပဲ။ ဗုဒ္ဓဘာသာဝင်တွေ သာမဟုတ်ဘူး။ မြန်မာပြည်မှာ အနေကြာလာတဲ့ ဘုန်းကြီးဆို ရိုသေရမှန်း သိနေတဲ့ အခြားဘာသာဝင်တွေ ကတောင် အံ့သြကြတယ်။ လုပ်ရက်လိုက်တာလို့ မှတ်ချက်ပြု ကြတယ်။ သူတို့တွေက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘူးလားလို့ မေးလာကြတယ်။ ပြန်ဖြေရမှာ ရှက်လွန်းလို့ မေးသူတွေ ဝေးရာကို ပြေးထွက်ခဲ့ရတယ်။
တကယ်တော့ အစိုးရနဲ့ ရဟန်း ပြည်သူဆိုတာ သဘောတူလို့ ကြည်ဖြူတာ ရှိသလို။ တစ်ခါတလေတော့လည်း ပဋိပက္ခ မပြေလည်မှုဆိုတာ ရှိကြတာ သဘာဝပဲ။ မပြေလည်တိုင်းသာ အင်အားသုံး ဖြိုခွင်းနေရင် ဒီနိုင်ငံမှာ ဘယ်လိုလုပ် ငြိမ်းချမ်းမှာလဲ။
ခုလည်း ညှိနှိုင်းဆွေးနွေး ဖြေရှင်းဖို့ ရဟန်းပြည်သူက မျှော်လင့်နေကြတယ်။ ဒါကြောင့် သံဃာတော်တွေဟာ မေတ္တာသုတ်ကို ရွတ်ဆိုရင်း ရွှေတိဂုံရှေ့ဘက်မှာ စုဝေးကြတယ်။ ပြီးသာသနာ့အလံ ဗုဒ္ဓရုပ်ပွားတော် တို့ကို ကိုင်ဆောင်ကာ အေးချမ်းစွာ စီတန်းလှည့်လည်ကြတယ်။ ရွှေတိဂုံဘုရားမှ ဆူးလေဘုရားအထိ ခြေကျင် လမ်းလျှောက်ပြီး မေတ္တာသုတ်ကို ညီညီညာညာ ရွတ်ဆိုကြတယ်။ ဘယ်သံဃာတော်၊ ဘယ်ပြည်သူ ကမှ အကြမ်းဖက်လို ဟန်မပြခဲ့ဘူး။ အေးချမ်းစွာ စည်းကမ်းရှိစွာ လမ်းလျှောက်ကြရုံပဲ။
တစ်သံတည်းထွက်၊ တစ်ညီတည်းရွတ်၊ အေးချမ်းကြည်မြတဲ့ မေတ္တာသုတ် ရွတ်ဆိုသံကို ကြားသူတိုင်း ရင်ထဲနင့်နေအောင် ခံစားရတယ်။ တစ်ခုခုကို လွမ်းဆွတ်သလို ခံစားမိကြတယ်။ ဒီမျှငြိမ်းချမ်းတဲ့ မေတ္တာတရား ဘာဖြစ်လို့များ ဒီမေတ္တာတရားက အောင်မြင်မှု မရတာလဲ။ လက်နက်က၊ အာဏာက မေတ္တာတရားကို ရပ်တန့်နိုင် သလား။ နှိပ်ကွပ်နိုင် သလား။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်
ပခုက္ကူ ဆန္ဒပြမှုကို နှိမ်နင်းပြီး နောက်ရခိုင်ပြည်နယ် စစ်တွေမြို့ သံဃာတော်တွေက ထပ်မံ ဆန္ဒပြကြတယ်။ မေတ္တာသုတ်တွေ ရွတ်ဆိုကာ စစ်တွေမြို့တွင်း လှည့်လည်စီတန်း လမ်းလျှောက်ကြတယ်။ ဒီတစ်ခါ ရဟန်းသံဃာတော်တွေကို ပြည်သူတွေကပါ ဝန်းရံလာကြတယ်။ မိုးရွာလိုက်၊ နေပူလိုက် ရာသီဥတု ပြင်းပြင်းအောက်မှာ ခေါင်းဆောင်းမပါ။ ခေါင်းမှာ ဆံပင်တစ်မွေးမရှိတဲ့ ကတုံးနဲ့ ရဟန်းတွေဟာ ရာသီဥတုကို နည်းနည်းမှ မဖြုံကြဘဲ မေတ္တာတရားကိုသာ မနားတမ်း ရွတ်ဆိုရင်း မြန်မာနိုင်ငံကို မေတ္တာဓာတ် လွှမ်းမိုးဖို့ ကြိုးပမ်းကြတယ်။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။
ဒီလိုနဲ့ သံဃာတော်များရဲ့ မေတ္တာသုတ် ရွတ်ဖတ်သရဇ္ဈာယ်သံဟာ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့သွားတယ်။ ဗုဒ္ဓဘာသာဝင်၊ ဘာသာတရားအပေါ် ကြည်ညိုသဒ္ဓါ စိတ်ထက်သန်တဲ့ ပြည်သူတွေဟာ ဘုန်းဘုန်းတို့ရဲ့ စွန့်လွှတ် အနစ်နာခံကာ မေတ္တာ ရေအေးတိုက်ကျွေးတဲ့အပေါ် ရင်ထဲမချိအောင် ခံစားမိလာကြတယ်။
အန္တရာယ်ရှိတယ်။ သေနတ် ကိုင်ထားသူတွေ၊ နံပါတ်တုတ်တွေ လည်းပါတယ်။ မျက်ရည်ယိုဗုံး၊ ရော်ဘာ ကျည်ဆန်၊ မီးသတ်ရေပိုက် အချိန်မရွေး အန္တရာယ် ရှိနေတယ်။ သာမန်က ကိုယ့်အသား ကိုယ့်အသက်နာမှာ၊ သေမှာ ကြောက်နေတာပေါ့။ အဖေ တုတ်ကလေးနဲ့ ရိုက်တာတောင် နာတတ်တာ။ ခုနှယ် စစ်မြေပြင်လို ပြင်ဆင်ပြီး ပြည်သူကို ရန်သူလို သဘောထားတဲ့ အခြေအနေမှာ ဘယ်မှာမကြောက်ဘဲ ရှိပါ့မလဲ။ ဒါပေမဲ့ ဘုန်းတော်ကြီးတွေက မေတ္တာ ပရိတ်ရွတ်သံဟာ ရင်ကိုလာမှန်တယ်။ သွေးတွေကို ဆူပွက်လာစေတယ်။ နှလုံးခုန်သံကို မြန်စေတယ်။ လက်သီးတွေ ဆုပ်မိတယ်။ အံတွေ ကြိတ်မိတယ်။ အသားတွေ တုန်ယင်လာတယ်။ လေးစား ကြည်ညိုရတဲ့ ဘုန်းဘုန်းတွေကို ကြည်ညိုမိရာမှ မျက်ရည်ဖြာဖြာ ကျလာမိတယ်။
စက်တင်ဘာ ၂၃ ရက်
သင်္ကန်းရောင်တွေဟာ မည်းနက်တဲ့ ကတ္တရာပေါ်မှာ ရွှေပြားခင်းထားသလို ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်။ ရွှေဝါရောင်ဟာ စုတ်ချက် အပြား ခပ်ကြီးကြီးနဲ့ ဆွဲလိုက်သလို အပြားအချပ်ကြီး တစ်ခုလို ရွေ့လျားနေတယ်။ တည်ငြိမ်အေးချမ်းတဲ့ အရွေ့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရွေ့နေတယ်။ ဒါပေမဲ့ အရွေ့တွေမှာ အားမာန်အပြည့်။ ခြေလှမ်းတိုင်းမှာ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေ အပြည့်။
ပြည်သူတွေ၊ ဘုန်းဘုန်းတို့ရဲ့ ဒကာတွေ၊ ဒုက္ခ ပင်လယ်ဝေနေပြီ။ ကုန်ဈေးနှုန်းကတက်၊ လျှပ်စစ်မီတာခကို တိုးကောက်။ စားရေးဝတ်ရေး၊ နေရေးက တစ်နေ့ထက် တစ်နေ့ကျပ်တည်းလာတယ်။ ရှူနေတဲ့လေကိုပါ မဝသလို ခံစားရတယ်။ ဒီလိုဖြစ်နေတဲ့ ပြည်သူတွေကို အုပ်ချုပ် မင်းလုပ်နေတဲ့ အစိုးရက လျစ်လျူရှု နေပြီလား။လျစ်လျူရှုရုံ မကဘူး။ လောင်စာဆီကို ရုတ်တရက် တိုးမြှင့်ကောက်ခံမှုအတွက် ဆန္ဒပြပေးတဲ့ ၈၈ မျိုး ဆက် ကျောင်းသားတွေ ဖြိုခွင်း ဖမ်းဆီးလိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး တက်ကြွသူများကို မတရား ဖမ်းဆီးထားပြီးလည်း ဖြစ်တယ်။ ပြည်သူတွေ ဘယ်သူ့အားကိုးရမလဲ။
သာသနာ့ တာဝန်ထမ်းဆောင်နေတဲ့ သံဃာတော်တွေ၊ ဒကာ၊ ဒကာမတွေရဲ့ အပူမျက်နှာ၊ အားကိုးရာမဲ့ ဘဝ၊ ရင်ထဲက သောကတွေကို မကြည့်ရက်တော့ဘူး။ မခံစားနိုင်တော့ဘူး။ ဒါတွေက သံဃာတော်တွေကို လမ်းပေါ် ဆွဲခေါ်လိုက်တဲ့ ဆွဲငင်အားတွေပဲ။
စက်တင်ဘာ ၂၄ ရက်
သံဃာတော်တို့က ရွှေတိဂုံ နယ်မြေမှာ လာစုကြတယ်။ အဝါရောင် သင်္ကန်းတွေ ပေါင်းစုမိတော့ ရွှေဝါရောင် လွင်ပြင်ကြီး ဖြစ်လာတယ်။ ရွှေဝါရောင် လွင်ပြင်ရဲ့ အနားသတ် မျဉ်းကြောင်းအဖြစ် ပြည်သူတွေရဲ့ ယှက်တွဲထားတဲ့ လက်တွေဖြစ်လာတယ်။ စည်းကမ်းရှိတဲ့ ပြည်သူ။ ပြည်သူကို နှစ်သက်တဲ့ရဟန်း၊ နိုင်ငံအတွက် ပေးဆပ်ဖို့ ဝန်မလေးကြသူတွေဟာ မြန်မာ့ရုပ်မြင်သံကြားမှ သံဃာတော်တွေကို အရေးယူတော့မယ့် သတင်းကို လုံးဝမမှုကြဘူး။
“ကျုပ်တို့ လိုလားတာက နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ (ထိုစဉ်က ဒေါ် အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအဝင် နိုင်ငံရေးသမား အားလုံးနီးပါးဟာ ထောင်ထဲမှာ ရောက်နေချိန် ဖြစ်တယ်။)အမျိုးသား ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးနဲ့ အခြေခံ ကုန်ပစ္စည်း ဈေးနှုန်းတွေ ကျဆင်းရေးတို့ ဖြစ်တယ်။” သံဃာတော်တွေကို ဝန်းရံပေးနေတဲ့ လူအုပ်ထဲမှ လူတစ်ယောက်ရဲ့ ရင်ဖွင့်သံဖြစ်တယ်။
အဲဒီနေ့မှာ စစ်ထရပ်ကားတွေက အသံချဲ့စက်နဲ့ လိုက်အော်တယ်။ ငါးယောက်ထက်ပိုပြီး လူမစုဖို့။ ရဟန်းတော်များနဲ့ လိုက်ပါ ဆန္ဒပြသူများကို ဖမ်းဖို့။ စစ်အမိန့်သံတွေ ညံစီစေပြီ။ ပြည်သူနဲ့ သံဃာတော်တွေကို  အတိအလင်း ခြိမ်းခြောက်လိုက်ပြီ။

မြောင်းမြမြို့တွင် ရွှေဝါရောင်တော်လှန်ရေး ရှစ်နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၁ဂ ရက်က ပြုလုပ်ပြီးနောက် စကြာနန္ဒ စကြာသီဟ စေတီတော်တွင် မေတ္တာသုတ် ရွတ်ဖတ်ရန် အတွက် ဆိုက်ကားများဖြင့် ကြွချီလာစဉ်
စက်တင်ဘာ ၂၅ ရက်
စစ်အစိုးရက တက်ကြွ လှုပ်ရှားသူများကို ညဘက်မှ လိုက်လံဖမ်းဆီးတယ်။ အစိုးရ သတင်းစာများကို သတင်းကို ဖြစ်စဉ်အတိုင်း ရိုးရိုးမဖော်ပြဘူး။ “သွေးဆူနေသော သံဃာတော်များဟု လည်းကောင်း၊ ထို သံဃာတော်များသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများဟု လည်းကောင်း”အပြစ်တင် သတင်းကို ဖော်ပြကြတယ်။
ဒါပေမဲ့ သံဃာတော်တွေရဲ့ ခြေလှမ်းကို မရပ်တန့်နိုင်ခဲ့ဘူး။ မေတ္တာ ပို့သမှုက လောကတစ်ခွင် ပျံ့နှံ့နေဆဲ။ ပြည်သူတွေက ထောက်ခံမှု၊ ပါဝင်ချီတက်မှု ပိုလို့ပိုလို့ တိုးပွား များပြားလာတယ်။ ဒါဟာ သံဃာတော် ရဟန်းနဲ့ ပြည်သူ ဆန္ဒတူကြတာ။ စည်းလုံး ညီညွတ်ကြတာ စစ်အာဏာရှင်တွေကို မလိုလားကြတာကို အတိအလင်း ထုတ်ဖော် ပြသလိုက်တာပဲ။ ထိုအချိန်မှာ မယ်သီလရှင်တွေရဲ့ မေတ္တာပို့သံက ဝဲပျံလာတယ်။ လုံးစုံများစွာ သတ္တဝါ  ဘေးရန်ခပ်သိမ်း ငြိမ်းပါစေ။
စက်တင်ဘာ ၂၆ ရက်
မနေ့က စုဝေးခဲ့တဲ့စုရပ် ရွှေတိဂုံဘုရား၊ အရှေ့မုခ်ဆီကို ဦးတည်လာတယ်။ စစ်သားတွေ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက အသင့်နေရာယူ စောင့်ကြပ်နေကြတယ်။ လူအများစု ဝေးရောက်လာချိန်မှာ မျက်ရည်ယို ဗုံးတွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်လိုက်တယ်။ ပြီးမှရဲတွေက လူတွေကိုရိုက်နှက် ထိုးကြိတ်ကာ ဖမ်းဆီးကြတယ်။ ကားပေါ် အတင်းဆွဲတင်ကာ ဖမ်းဆီးကြတယ်။ သံဃာတော်တွေ လူတွေ ခိုကိုးရာမဲ့ သွားတယ်။ ပြေးပေါက် တစ်ခုသာ အားကိုးစရာ ဖြစ်နေတယ်။ လူတစ်ယောက် အသက်ဟာ ပုရွက်ဆိတ် တစ်ကောင်လောက်မှ တန်ဖိုးထားခြင်း မခံရတော့ဘူး။ အသက်ကို အရလုနိုင်ဖို့ ဖိနပ်မပါတဲ့ ခြေထောက်တွေနဲ့ ခေါင်းပေါ်က ပျံဝဲနေတဲ့ ကျည်ဆန်တွေကို အလွတ်ရှောင်ကာ ပြေးလွှားခဲ့ရတယ်။
ကိုယ်ရောစိတ်ပါ လန်းဆန်းဖြာ ကျန်းမာကြပါစေ။
စက်တင်ဘာလ - ၂၇ ရက်
ငွေကြာရံ ဘုန်းတော်ကြီးကျောင်းဟာ စာတတ်၊ ပေတတ်၊ ပညာတတ် ရဟန်းပျိုများ၊ ဆရာတော်များ မှီခိုရာ၊ စာပေလေ့လာရာ အစဉ်အလာ ကြီးမားသော ဘုန်းတော်ကြီးကျောင်း ဖြစ်တယ်။ ညအချိန် အေးချမ်းစွာ အိပ်စက် အနားယူနေချိန်။ ဖျောက်၊ ဖျောက်။  ဒိုင်း၊ ဒိုင်း တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ သေနတ်သံတွေနဲ့ ပွက်လောရိုက်သွားတယ်။ဆောင့်၍ နင်းသော ဖိနပ်သံ ကြမ်းကြမ်းက ကြမ်းပြင်ကို တုန်သွားစေတယ်။ လှေကား ယမ်းသွားတယ်။ ပြီးတွေ့သမျှ သံဃာတွေ၊ ရဟန်းပျိုတွေကို ဦးခေါင်းကို ရိုက်တယ်။ လှုပ်လှုပ်ရှားရှားလုပ်တဲ့ ရဟန်းကို သေနတ်နဲ့ အသေပစ် သတ်တယ်။ အပစ်ခံရတဲ့ ရဟန်းတော်ရဲ့ သွေးစိမ်းရှင်ရှင်တွေက နံရံကို ပက်ဖျန်းလိုက်သလို ခြင်းခြင်းနီ သွားတယ်။ အငြိုး၊ အာဃာတတွေ၊ မလိုမုန်းတီး ရက်စက်မှုတွေက မေတ္တာတရားကို နင်းခြေပစ်လိုက်တယ်။ မေတ္တာသုတ် ရွက်ဆိုသံ တိတ်ဆိတ်သွားတယ်။ နာကျင်လို့ ညည်းညူသံ၊ ကယ်သူကို တမ်းတသံ၊ မခံနိုင်လို့ အံကြိတ်သံ၊ ရင်ထဲက တောက်ခေါက်သံတွေဟာ ညအမှောင်ထဲမှာ လွှမ်းမိုးနေတယ်။   
ထိုနေ့ နေ့လယ်မှာ လူတွေ၊ သံဃာတော်တွေဟာ ရွှေတိဂုံ အရှေ့မုခ်မှ ရန်ကုန် ဆူးလေစေတီ တစ်ဝိုက်မှာ ပြန်စုဝေးကြတယ်။ရဲတွေ၊ စစ်သားတွေက လမ်းကြို လမ်းကြားမှာ ထိုင်နေပြီး လက်ထဲက တုတ်ကို တဆဆ ကိုင်ကာ ရိုက်ဖို့ လေ့ကျင့်နေကြတယ်။
လည်စည်း အနီပတ်ရဲတွေကလည်း ရှေ့တစ်လှမ်းချင်း တိုးရင်း သေနတ်ပစ်တယ်။ ရဟန်းပျို အချို့က ဒူးထောက်၊ လက်အုပ်ချီ မေတ္တာသုတ် ရွတ်နေတာကို အပြင်းရိုက်ချတယ်။ ခွေကနဲ လဲသွားတဲ့ ရဟန်းအပေါ်က ကျော်ခွသွားကြတယ်။
ဒါ့အပြင် ဂျပန်ဓာတ်ပုံ သတင်းထောက် Kenji Nagaiu အဖြစ်အပျက်ကို ဓာတ်ပုံရိုက် သတင်းယူနေတယ်။ ဒါကို စစ်သားတစ်ယောက် ဂျပန်သတင်းထောက်ရဲ့ အနားကိုသွားပြီး အနီးကပ် အသေပစ်သတ် လိုက်တယ်။
သေနတ်နဲ့ ပစ်သတ်တယ်။ တုတ်နဲ့ ရိုက်တယ်။ ကားပေါ် ဆွဲတင်တယ်။ ညှဉ်းပန်း နှိပ်စက်တယ်။ မတရား ပုဒ်မတွေတပ်ပြီး ထောင်ထဲ ထည့်တယ်။ ရဟန်း သံဃာတော် မေတ္တာတရား။ ပြည်သူလူထုရဲ့ လိုလား တောင့်တချက်။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာတွေဟာ ယခင်စစ်တပ်ရဲ့ ဖြေရှင်းနည်း အတိုင်း ဖြေရှင်းပစ်လိုက်တယ်။
ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ငွေကြာရံ ဘုန်းတော်ကြီးကျောင်းတွေက သမိုင်းကို မှတ်တမ်းတင်ပေးနေတဲ့ ရာဇဝင်တွင်မယ့် နေရာတွေပဲ။ ရှစ်နှစ်ကြာခဲ့ပြီ။ နှစ်ရှစ်ဆယ်ကြာလည်း မေ့မှာမဟုတ်သလို နှစ်ရှစ်ရာ၊ ရှစ်ထောင်လည်း သမိုင်းအရိုင်းတွေက ရင်လှိုင်းကို ပုတ်ခတ်တပ်လှန့် နှိုးဆွနေဦးမှာ...။
 
 

Most Read

Most Recent