စည်းကမ်းဖောက်သည့် ယာဉ်များအတွက် အမှုသေးဒဏ်ကြေးငွေ ကျပ် ၃၀၀၀၀ သတ်မှတ်လိုက်၍ ဘတ်စ်ကားလိုင်းအချို့ ပြေးဆွဲမှုရပ်နား

စည်းကမ်းဖောက်သည့် ယာဉ်များအတွက် အမှုသေးဒဏ်ကြေးငွေ ကျပ် ၃၀၀၀၀ သတ်မှတ်လိုက်၍ ဘတ်စ်ကားလိုင်းအချို့ ပြေးဆွဲမှုရပ်နား
Published 16 September 2015
ကျော်ထင်

စက်တင်ဘာလဆန်းပိုင်းက ပြဋ္ဌာန်းလိုက်သော မော်တော်ယာဉ် ဥပဒေသစ်အရ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအတွက် အမှုသေး ဒဏ်ကြေးငွေ အနည်းဆုံး ကျပ် ၃၀၀၀၀ အထိ သတ်မှတ်လိုက်၍ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ဘတ်စ်ကားလိုင်း အချို့ပြေးဆွဲမှု ရပ်နားထားရကြောင်း ပြေးဆွဲမှုရပ်နားထားသည့် ဘတ်စ်ကားလိုင်းများထံမှ သိရသည်။
 
၁၉၆၄ မော်တော်ယာဉ်ဥပဒေအရ စည်းကမ်းဖောက်သည့် ဒဏ်ကြေးငွေ ကျပ် ၁၅၀၀ သာ ပေးဆောင်စေခဲ့ရသော်လည်း မော်တော်ယာဉ် ဥပဒေသစ် ထွက်လာချိန်တွင် အမှုသေးဒဏ်ကြေးငွေအား ကျပ် ၃၀၀၀၀ အထိ ဖြစ်သွားကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။
 
ယာဉ်မောင်းများနှင့် နောက်လိုက်များ၏ တစ်ရက်ဝင်ငွေ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အကြား ရှိနေချိန်တွင် စည်းကမ်းဖောက်ဖျက်သည့် အမှုသေးတစ်မှု၏ ဒဏ်ကြေးငွေမှာ ကျပ် ၃၀၀၀၀ ဖြစ်၍ ၎င်းတို့က ကြောက်ရွံ့နေကြ ခြင်းဖြစ်သည်ဟု ဆိုသည်။
 
“အဓိက မှတ်တိုင်မရောက်ခင် လူအတင်အချလုပ်တာတို့၊ ကားတံခါးဖွင့်တာတို့ကြောင့်  အဖမ်းခံရတာ များတယ်။ အဲဒါမနေ့က အဖမ်းခံရတဲ့ ယာဉ်တစ်စီးကို ကျပ် ၃၀၀၀၀ ဖြစ်သွားပြီလို့ ယာဉ်ထိန်းက ပြောလိုက်တယ်တဲ့။ ဒါကြောင့် ကြောက်ပြီး ယာဉ်မောင်းတွေ မလာကြတော့ဘူး။ ကျွန်တော်တို့ ယာဉ်လိုင်းမှာ ယာဉ်အစီး ၆၀ ကျော်ရှိတာ ၁၀ စီးပဲ ထွက်နိုင်တယ်။ သူတို့ တစ်နေ့ဝင်ငွေက ၅၀၀၀၊ ၁၀၀၀၀ လောက်ပဲရတော့ သူတို့ ဒီဒဏ်ငွေကို မဆောင်နိုင်ဘူး။ ကျွန်တော်တို့လို အုံနာတွေကလည်း စိုက်ပြီး ဆောင်ပေးဖို့ မဆင်မပြေဘူး”ဟု မထသ ၁၅၇(အထူး)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုသန့်ဇင်ကြည်က ဆိုသည်။
 
“မနေ့က ကျွန်တော်တို့လိုင်းက ယာဉ်အချို့ အမှုသေးအဖမ်းခံရတော့ ဒဏ်ငွေ သွားဆောင်တာ ၃၀၀၀၀ ဆိုလို့  ပြန်လာခဲ့ကြတယ်။ ယာဉ်မောင်းတွေ နောက်လိုက်တွေကလည်း ဒီဒဏ်ငွေအတိုင်းဆိုရင် သူတို့မမောင်းတော့ဘူးဆိုပြီး နောက်နေ့ မလာကြတော့ဘူးပြောတယ်။ အဲဒါဆိုရင် ကျွန်တော်တို့ ကားထွက်လို့ မရတော့ဘူး”ဟု မထသ ၃၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က ပြောကြားသည်။
 
“ကျွန်တော်တို့ယာဉ်လိုင်းမှာ ယာဉ်အစီး ၄၀ ရှိတာ ၂၀ လောက်ပဲ ထွက်နိုင်တယ်။ အဓိကတော့ ယာဉ်မောင်းယာဉ်နောက်လိုက်တွေက ဒဏ်ငွေ ၃၀၀၀၀ ကို ကြောက်လို့  မဆွဲရဲကြတော့ဘူး။  အလုပ်ပြောင်းတော့မယ်လို့ ပြောလာကြတယ်။  ဒဏ်ငွေက အရင် ၁၅၀၀ ကနေ ၃၀၀၀၀ ဆိုတော့ အဆ ၂၀ လောက် တက်သွားတာပေါ့။ ဒါပေမဲ့ သူတို့ ဝင်ငွေက အဆ ၂၀ တက် မသွားဘူးလေ။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလုပ်ဖို့လိုပါတယ်”ဟု မထသ ၂၁၃ (အထူး) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။                                              

Most Read

Most Recent