နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ညှိနှိုင်းဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်

နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ညှိနှိုင်းဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်
Published 13 September 2015

          တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ချုပ်ဆိုမှုအပြီး ရက်ပေါင်း ၆၀ အတွင်း ပြုလုပ်ရန်စီစဉ်ထားသော နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ညှိနှိုင်းဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက စက်တင်ဘာ ၁၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ဦးဆောင်ပြုလုပ်သည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အကြီးတန်း အရာရှိများအပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များလည်း တက်ရောက်မည်ဖြစ်ကာ အဆိုပါ အဖွဲ့အစည်းအသီးသီးတို့က ရေးဆွဲထားသည့် မူဘောင်များနှင့် နိုင်ငံရေးပါတီများမှ ရေးဆွဲထားသည့် မူဘောင်များကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (Myanmar Peaace Center) မှ အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောကြား သည်။
“ ကျွန်တော်တို့ ဒီတနင်္လာနေ့မှာ လုပ်မယ့် ဆွေးနွေးပွဲမှာဆိုရင် ပထမအဆင့်မှာ ကျွန်တော်တို့ တော်တော်ကို အဆင့်မြင့်မြင့် အဖွဲ့အစည်းတွေပါလာမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မူ ဘောင်ဆွေးနွေးပွဲဆိုင်ရာ ပူးတွဲကော်မတီ အနေနဲ့ ဒီUSDP ကိုသော်လည်းကောင်း၊ ဒီ NLD ကိုလည်းကောင်း ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်။ နှစ်ဖက်စလုံးကလည်း လာမယ်လို့ သတင်းစကားများလည်း ကြားရ ပါတယ်။ ဒီ့အပြင် တပ်မတော်ကိုလည်း ဖိတ်ကြားမယ်ဆိုတာ သတင်းကြားထားပါတယ်။ ဒါကြောင့်မို့လို့ ဆွေးနွေးပွဲဟာဆိုရင်တော့ NCA လက်မှတ်ထိုးပြီးတဲ့အခါမှာ ရှေ့သွားဖို့အတွက် ကျွန်တော်တို့အရေးကြီးတဲ့ အစည်းအဝေးတစ်ခုလို့ ကျွန်တော်တို့ပြောလို့ရပါတယ်” ဟု ဦးအောင်နိုင်ဦးက စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် လက်ရှိတွင်အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသားလူမျိုးများဖက်ဒရေးရှင်း (NBF) နှင့် ၅၆ ပါတီပါဝင်သည့် နိုင်ငံရေးအဖွဲ့အစည်း တို့ကလည်း နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ရေးဆွဲနေမှုများရှိကြောင်းနှင့် အချို့အဖွဲ့အစည်းများမှာ ရေးဆွဲပြီးဖြစ်ကြောင်းလည်း သတင်းရရှိသည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ချုပ်ဆိုမှု နောက်ပိုင်း ပြုလုပ်မည့်နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်ရေးဆွဲမှုများကို လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်ကပင် စတင် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ( NCA) လက်မှတ်ရေးထိုးမှုကို အောက်တိုဘာလလယ်ပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent