အဆိုတော်တေလာဆွစ်ဖ်သည် ရုပ်သံ အစီအစဉ်တင်ဆက်သူ ကင်ကာဒစ်ရှန်ကို ကျော်တက်ပြီး Instagram တွင် ပရိသတ် အများဆုံးအနုပညာရှင်ဖြစ်လာခဲ့သည်။
လက်တွေ့ဘဝအကြောင်း ရုပ်သံအစီအစဉ်ကို တင်ဆက်သည့် ကင်ကာဒစ်ရှန် သည် စက်တင်ဘာ ၃ ရက်တွင် ပရိသတ် ၄၅ သန်းဖြင် Instagram တွင် ရေပန်းအစားဆုံးအနုပညာရှင်အဖြစ် ဖော်ပြခံခဲ့ရသည်။ ယင်းအချိန်တွင် ဆွစ်ဖ်သည် ပရိသတ် ၄၄ ဒသမ ၇ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
သို့သော် အသက် ၂၅ နှစ်အရွယ်ရှိ ပေါ့ပ်စတားဆွစ်ဖ်သည် စက်တင်ဘာ ၉ ရက်တွင် ပရိသတ် ၄၅ ဒသမ ၉ သန်းရရှိခဲ့ပြီး ကင်ကာဒစ်ရှန်ကို ကျော်တက်ခဲ့သည်။
ဓာတ်ပုံဝေမျှသော လူမှုကွန်ရက်ဖြစ်သည Instagram တွင် ဆွစ်ဖ်သည် ဓာတ်ပုံ အရေအတွက် ၆၈၉ ကြိမ်သာ ဝေမျှခြင်းဖြင့် ပရိသတ်အများဆုံးအနုပညာရှင် ဖြစ်လာခြင်းသည် သူ၏အနုပညာလွှမ်းမိုးမှုကို ပြသသည့် သာဓကတစ်ခုဖြစ်သည်။ Instagram တွင် ဆွစ်ဖ်ဖော်ပြသည့် ဓာတ်ပုံအများစုသည် သူငယ်ချင်းများ၊ သူ၏ကြောင်များနှင့် ချစ်သူ ကယ်ဗင်ဟားရစ်နှင့် ရိုက်ကူးထားသည့်ပုံများ ဖြစ်သည်ဟု သိရသည်။ ဆွစ်ဖ်၏ကြောင်ကို ချီပြီး ရိုက်ထားသည့်ပုံသည် Like ၂ ဒသမ ၁ သန်းကျော်ရရှိခဲ့သည်ဟု သိရသည်။
ကင်ကာဒစ်ရှန်သည် ကာနေးဝက်စ်နှင့် ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့သည့် မင်္ဂလာပွဲဓာတ်ပုံများအပါအဝင် ဓာတ်ပုံ ၃,၀၀၀ ကျော် ဝေမျှ ခဲ့သည်။
ကန်းထရီးအဆိုတော်မှ ပေါ့ပ်အဆိုတော်အဖြစ် ကူးပြောင်းခဲ့သည့် ဆွစ်ဖ်သည် ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့သည့်၁၉၈၉ အယ်လ်ဘမ်ဖြင့် သမိုင်းတစ်လျှောက် ရောင်းအား အကောင်းဆုံး အဆိုတော်စာရင်းတွင် ပါဝင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဆွစ်ဖ် သည် Forbs မဂ္ဂဇင်း၏ ၂၀၁၅ ခုနှစ် သြဇာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းတွင် ဖော်ပြခံရသည့် အသက်အငယ်ဆုံး အမျိုးသမီးလည်း ဖြစ်လာခဲ့သည်။















