နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီများသည် စက်တင်ဘာ ၈ ရက်မှ စတင် ၍ မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့ကြသည်။
၎င်းင်းတို့က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် အောင်နိုင်ရေးရုံးခန်းများဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်ချိတ်ခြင်း၊ စတစ်ကာကပ်လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ပြုလုပ် ခြင်းဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုကို စတင်လိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြု ပေးထားသည်။
ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၉၂ ခုနှင့် တစ်သီးပုဂ္ဂလများမှ ကိုယ်စားလှယ်လောင်း ၆၁၈၉ ဦး အမည် စာရင်းတင်သွင်းခဲ့ပြီး အဆိုပါ ကိုယ်စားလှယ် လောင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ စိစစ်မှုများ ပြုလုပ်ခဲ့သည်။ စိစစ်မှုများပြုလုပ်ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုစာရင်းကို စက်တင်ဘာ ၅ ရက်မှစတင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ အတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စား လှယ်လောင်း ၁၁၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
NLD ပါတီက မန္တလေးမြို့ ဈေးချိုတော်အနီး၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ မန်းမြန်မာပလာဇာရှေ့၌ မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၈ ရက်တွင် တွေ့ရစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများကို လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် အမှတ် ၁/၂၀၁၄ နှင့်အညီ ဆောင်ရွက်ကြရန်နှင့် ၂၀၁၅ ဇွန် ၂၆ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for Political Parties and Candidates) ကို စောင့်ထိန်းလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ထားသည်။
ရန်ကုန်တိုင်း၌ တစ်သီးပုဂ္ဂလ၊ NLDနှင့် ပြည်ခိုင်ဖြိုးပါတီတို့က မဲဆွယ်စည်းရုံးရေး စတင်
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှစတင် ခွင့်ပြုထားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကော့မှူးမြို့နယ်အတွင်းဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကော့မှူးမြို့နယ် NLD အောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၈ ရက်မှ စတင်ကာ မဲဆွယ်စည်းရုံးရေးစတင်ခဲ့ပြီး စည်းရုံးဟောပြောပွဲကို ကော့မှူးမြို့နယ် မယ့်ဆယ်ဆိပ်ကျေးရွာအုပ်စုတွင် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီကလည်း လှိုင်မြို့နယ် ၇ ရပ်ကွက်မှစတင်၍ စတစ်ကာကပ်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ပြုလုပ်ခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုကို စတင်ခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီသည် ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ခြင်းဖြင့် ၂၀၁၅ ရွေး ကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုကို စတင်လိုက်သည်။
ဒေါက်တာညိုညိုသင်းအား အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)
ဗဟန်းမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သူမ၏ အောင်နိုင်ရေးရုံးခန်းကို အမှတ် (၃၂)၊ ရန်ကုန်မြို့ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်တွင် စက်တင်ဘာ ၈ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။
ဒေါက်တာညိုညိုသင်းက ဗဟန်းမြို့နယ် မဲဆန္ဒနယ်နှစ်ခုအတွက် အောင်နိုင်ရေးရုံးခန်းနှစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီးတွင် မဲဆန္ဒနယ် (၂) အတွက် အောင်နိုင်ရေးရုံးခန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မဲဆန္ဒနယ် (၁) အတွက် အောင်နိုင်ရေးရုံးခန်းကိုမူ စက်တင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ် ဦးချစ်မောင် လမ်းမကြီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဒေါက်တာ ညိုညိုသင်းက မိမိအနေဖြင့် လာမည့်လွှတ်တော်သက်တမ်းတွင် ပိုမိုထိရောက်သော လွှတ်တော်လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး သန့်ရှင်းသောအစိုးရဖြစ်ရေးအတွက် လာဘ်ပေး လာဘ်ယူမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာလုပ်ဆောင်ရန်၊ လူငယ်များ ပညာရေးနှင့် ပတ်သက်၍ အတားအဆီးအချုပ်အနှောင်ဖြစ်စေသည့် ဥပဒေများကို ပယ်ဖျက်ပေးနိုင်ရန်နှင့် ပညာရေးအဆင့်အတန်း မြင့်မားစေရန်၊ နိုင်ငံတော်စီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုများဖြစ်ပေါ် လာစေရေး စိစစ်မှုများပြုလုပ်နိုင်ရန်နှင့် လယ်သမားများ၏ မြေယာပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသည့် ဗဟန်းမြို့နယ် ပြည်သူများအား ပြောကြားသည်။
မန္တလေးတိုင်း၌ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သာ တိုင်းနှင့် မြို့နယ်အလိုက် အလှပြဖျော်ဖြေရေးယာဉ်များဖြင့် မဲဆွယ်စည်းရုံးမှု စတင်
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှ စတင် ခွင့်ပြုထားရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ စတင် ၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး စတင်သည့်နေ့တွင် တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်အနေဖြင့်သာ မြို့တွင်း၌ အလှပြယာဉ်များဖြင့် မဟာမုနိဘုရားကြီးနှင့် မန္တလေးဘိုးဘိုးကြီး နတ်နန်းသို့ဦးတိုက်ကာ မန္တလေးမြို့တွင်း၌ လှည့်လည်ကာ ဖျော်ဖြေရေးများဖြင့် မဲဆွယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းထုတ်ပြန်မှုမှာ နောက်ကျနေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် တစ်ဦးချင်းမဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မန္တလေးမြို့၌ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်စည်းရုံးမှု စက်တင်ဘာ ၈ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-မင်းသန့်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း မဲဆွယ်စည်းရုံးရေး စတင်ခွင့်ပြုသည့်နေ့၌ နံနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းကပ်လှူပြီး မန္တလေးမြို့တွင်းတွင် မြို့နယ်အလိုက် အလှပြဖျော်ဖြေရေး ယာဉ်ဖြင့် လှည့်လည်ကာ မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“နံနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်ပြီးတော့ စည်းရုံးလှုံ့ဆော်ရေးကားနဲ့ လှည့်ပါတယ်။ တိုင်းရော၊ မြို့နယ်တွေရော ဒီအတိုင်းလုပ်ပါတယ်။ ကျွန်တော်တို့တော့ စည်းရုံးခွင့်ရပြီဆိုတာကို ပြည်သူလူထုကို တင်ပြတဲ့သဘောပါ။ နိုင်ငံရေးကို လေ့လာတဲ့ သူတွေကျတော့ သိတာပေါ့။ မသိတဲ့သူတွေ လည်း ကော်မရှင်ကတော့ ခွင့်ပြုလိုက်ပြီဆိုတာကိုသိဖို့နဲ့ စည်းရုံးရေးစတဲ့သဘောပါပဲ။ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအနေနဲ့ကတော့ ဒီနေ့စနိုင်မယ်မထင်သေးဘူး”ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဝင်းမောင်က ပြောကြားသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း အလှပြယာဉ်ဖြင့်သာ စတင်မဲဆွယ်မှု ပြုလုပ်လျက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ် စည်းရုံးရေး စတင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။
“မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အကုန်လုံးကတော့ မဲဆွယ်စည်းရုံးရေးစနိုင်ဖို့အတွက် အင်တိုက်အားတိုက် ကြိုးစားနေကြပါတယ်။ ပြည်သူတွေကို ဘာပြောစရာရှိလဲဆိုတော့ ပြောင်းလဲချိန်တန်ပြီပေါ့နော်။ အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကိုမဲပေးပါလို့ပဲ ပြောချင်ပါတယ်”ဟု ဦးတင်ကိုကိုက ပြောကြားသည်။
ရွေးကောက်ပွဲအတွက်မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ၁/၂၀၁၄ Tour Program အရ ကန့်သတ်ချက်များ အတော်များများရှိနေခြင်းကြောင့် အခက်အခဲရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့က ပြော ကြားသည်။
ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းရုံးရှိ သမ္မတဦးသိန်းစိန်ပုံနှင့် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ကို တွေ့ရစဉ်
ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၉၅ နေရာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၉၄ နေရာဖြင့် အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၈ နေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာနှင့် တိုင်း ဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၅၆ နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ် စားလှယ် တစ်နေရာရှိမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် ၃၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ တပ်ကုန်းနှင့် လယ်ဝေးမြို့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စည်းရုံးရေးစတင်
ကိုယ်စားလှယ်လောင်းများ စတင်မဲဆွယ်စည်းရုံးခွင့်ရှိသည့် စက်တင်ဘာ ၈ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ တပ်ကုန်းနှင့် လယ်ဝေး မြို့များတွင် စည်းရုံးရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေနှင့် ဦးကျော်မင်းလှိုင်တို့က ဒေသခံ ပြည်သူများနှင့် မိတ်ဆက်ခြင်းနှင့် စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ညနေ ၅ နာရီတွင် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖြိုးဇေယျာသော်သည် ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စည်းရုံးဟောပြောမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်တင့်နှင့် လယ်ဝေးမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဦးမျိုးဇော်ဦးတို့က စက်တင်ဘာ ၈ ရက်တွင် မဲဆွယ်စည်းရုံးမှုများ စတင်ခဲ့သည်။
မန္တလေးမြို့တွင် NLD ပါတီမှ မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်နေစဉ်
မကွေးတိုင်းအတွင်း မြို့နယ်များတွင် NLD ပါတီက မဲဆွယ်စည်းရုံးမှုများ စတင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုထားသည့် မဲဆွယ်စည်းရုံးမှု စတင်နိုင်သော စက်တင်ဘာ ၈ ရက်မှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မကွေးတိုင်း မကွေး၊ မင်းဘူး၊ စကု၊ ရေနံချောင်း၊ ချောက်မြို့နယ်များတွင် စတစ်ကာကပ်လှုပ်ရှားမှုများ၊ ဆိုင်းဘုတ်ချိတ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများဖြင့် မဲဆွယ်စည်းရုံးမှုများ စတင်လိုက်ကြောင်း တိုင်း NLD ပါတီတာဝန်ရှိသူများထံမှ သတင်းရရှိသည်။
မကွေး၊ မင်းဘူး၊ စကုမြို့များတွင် NLD ပါတီ တာဝန်ရှိသူများက “ပြောင်းလဲချိန်တန်ပြီ NLD ကို မဲပေးမည်” စာသားနှင့် NLD ပါတီအား တံဆိပ်တုံးထု မဲပေးနေပုံပါ စတစ်ကာအဝိုင်းများ၊ NLD ပါတီတံဆိပ်ပါ စတစ်ကာ များအား ကား၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များတွင် လိုက်လံကပ်ခဲ့ကြကြောင်း၊ မကွေးမြို့ မဲထီးလမ်း NLDပါတီရှေ့တွင် ထိုသို့လှုပ်ရှားမှုများဆောင်ရွက်ခဲ့ပြီး အများပြည်သူ စိတ်ဝင်စားမှုများပြားခဲ့ကြောင်း၊ ရေနံချောင်း မြို့ အဓိကလူစည်ကားရာနေရာများနှင့် မြို့အဝင်အထွက်နေရာများတွင် မဲဆွယ်စည်း ရုံးရေးဆိုင်းဘုတ်များချိတ်ဆွဲခဲ့ပြီး အများပြည်သူက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
မကွေးမြို့၌ NLD ပါတီက မဲဆွယ်စည်းရုံးမှု ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)















