၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ဇေယျာသီရိမဲဆန္ဒနယ်ရှိ ဒေသခံများနှင့် တွေ့ဆုံပြီး တိုင်းပြည်အကျိုးအား ဖြစ်နိုင်သမျှ၊ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ဇေယျာသီရိမြို့နယ် မအူပင်အုပ်စု၊ စိမ်းစားပင်ကျေးရွာ အောင်မြေရတနာကျောင်းတိုက်တွင် ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် ဒေသခံ ၁၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကာ ဒေသခံလူထုနှင့် တစ်နာရီခန့် တွေ့ဆုံခဲ့သည်။
သူရဦးရွှေမန်းက “ကျွန်တော့်အနေနဲ့ ရပ်ရွာအကျိုး၊ ဒေသအကျိုး၊ မြို့ရွာအကျိုး၊ တိုင်းပြည်အကျိုးအတွက် တတ်နိုင်သမျှ၊ ဖြစ်နိုင်သမျှ သယ်ပိုးဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ဇေယျာသီရိ မဲဆန္ဒနယ်ကနေ အရွေးခံခဲ့ရတဲ့အတွက် အခုလို ဆောင်ရွက်နိုင်တာပါ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ မဲဆန္ဒနယ်ကို လာရောက်တာပါ”ဟု ဒေသခံများအား ပြောကြားသည်။
ဆက်လက်၍ “လွှတ်တော်နားရင်လည်း ကျွန်တော့်အနေနဲ့ မနားနိုင်ပါဘူး။ ဒေသအနှံ့ကိုသွားပြီး လိုအပ်တာလေးတွေကို ကူညီဖို့ သွားရောက်ပါတယ်။ ဒါမှလည်း ပြည်သူတွေ ရဲ့ လိုအပ်ချက်တွေကို သိရှိဖို့အတွက်ပါ။ ဖြေရှင်းပေးနိုင်မှုတွေလည်း ရှိခဲ့ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဇေယျာသီရိမြို့နယ်သို့ သွားရောက်ရာတွင် ဒေသခံများအနေဖြင့် ဖိတ်ကြားထားခြင်း မရှိကြောင်း၊ သူရဦးရွှေမန်း လာမည်ဆိုသည့် သတင်းစကားများအရ လာရောက်ကြခြင်းဖြစ်ကြောင်း၊ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်မတို့ဆီမှာ ဘကြီးက အစစ၊ အရာရာ ပြည့်စုံအောင် လုပ်ပေးထားတယ်။ ဘကြီးကို ကျွန်မတို့က လေးလည်းလေးစားတယ်။ ပြည်သူတွေက မှန်တာတို့၊ မမှန်တာတို့ ပြောကြတာပဲ။ ကျွန်မတို့ စိတ်ထဲမှာတော့ ဘကြီးကို လေးစားလို့ ဘယ်နေရာပဲဖြစ်ဖြစ် လာတယ်။ ကြားလိုက်တဲ့ ဟာကတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့။ ဘကြီးက ဒီနယ်က ဝင်မပြိုင်ပေမယ့်လည်း ကျွန်မတို့ကတော့ လက်ခံတယ်” ဟု ဇေယျာသီရိမြို့နယ် မအူတောကျေးရွာမှ ဒေါ်မြင့်လေးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဒေသခံအချို့ကို ကျွန်တော်မေးကြည့်တဲ့အခါမှာ သူရဦးရွှေမန်းလာပြီးတော့ နှုတ်ဆက်တယ်။ သွားကြမယ်၊ သွားတွေ့ကြမယ်လို့ အောက်ခြေမှာ ပြောနေကြတယ်လို့ ကြားရပါတယ်။ အခု ကျွန်တော်လာတာက လာနှုတ်ဆက်တာ မဟုတ်ပါဘူး။ ကျွန်တော် ကျန်းကျန်းမာမာနဲ့ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နေတယ်ဆိုတာ သိစေချင်လို့ လာရောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ကြိုးကြိုးစားစား၊ ကျန်းကျန်းမာမာနဲ့ ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းကို လာရောက်အသိပေးခြင်း ဖြစ်ပါတယ်။ ဒီဒေသကို ကျွန်တော်နှုတ်ဆက်စရာလည်း မလိုသေးပါဘူး။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဇေယျာသီရိမြို့နယ် ကိုယ်စားလှယ်အဖြစ် ရှိနေပါတယ်။ အဲဒီကာလ လွန်မြောက်သွားရင်တော့ ဇေယျာသီရိမြို့နယ်ကို နှုတ်ဆက်သွားမှာလားလို့ မေးရင်တော့ နှုတ်ဆက်မသွားပါဘူး”ဟု ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဇာတိဖြစ်သည့် ကညွတ်ကွင်းမြို့နယ် ဖြူးမြို့ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံသွားမည်ဖြစ်ကြောင်း၊ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံအကျိုးကို ဆောင်ရွက်နေသည်ဆိုသည်ကို လာရောက်ရှင်းပြခြင်းဖြစ်ကြောင်း၊ နှုတ်ဆက်ရန်အတွက် လာရောက်ခြင်းမဟုတ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ထို့အပြင် သူရဦးရွှေမန်းက “ကျွန်တော့် မဲဆန္ဒရှင်တွေကို လာရောက်တွေ့ဆုံတာပါ။ အမြဲတမ်းလာရောက်နေမှာပါ။ ကျွန်တော့် အမျိုးသမီးကတော့ ကျွန်တော့်ကိုယ်စား ဒီဒေသကို လာရောက်ပြီး ကူညီမှုတွေ လုပ်တာတွေ ရှိပါတယ်။ စာကြည့်တိုက်တွေ၊ ဘုန်းကြီးကျောင်းတွေက လိုအပ်မှုတွေကို ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဒေသရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးသွားမှာပါ”ဟု ဒေသခံများအား ဆက်လက်ပြောကြားသည်။
သူရဦးရွှေမန်းအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဖြူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သူရဦးရွှေမန်းအား လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်အချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှု ရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ဇေယျာသီရိမဲဆန္ဒနယ်ရှိ ဒေသခံများနှင့် သူရဦးရွှေမန်း တွေ့ဆုံ