မဲဆန္ဒနယ်ပြင်ပရှိ မဲဆန္ဒရှင်များ အနေဖြင့် ပုံစံ (၃-က) ဖြင့် မဲစာရင်း ထည့်သွင်းပေးရန် လျှောက်ထားခြင်းကို အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားရန် UEC နှိုးဆော်

မဲဆန္ဒနယ်ပြင်ပရှိ မဲဆန္ဒရှင်များ အနေဖြင့် ပုံစံ (၃-က) ဖြင့် မဲစာရင်း ထည့်သွင်းပေးရန် လျှောက်ထားခြင်းကို အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားရန် UEC နှိုးဆော်
Published 20 August 2015

ရက်ပေါင်း ၁၈၀ ထက်မနည်း မူလနေထိုင်ရာ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေကြသော မဲဆန္ဒရှင်များ အနေဖြင့် နည်းဥပဒေ ၁၀ ပါ ပြဋ္ဌာန်းချက်များအတိုင်း ပုံစံ (၃-က) ဖြင့် မဲစာရင်းထည့်သွင်းပေးရန် လျှောက်ထားခြင်းကို ကော်မရှင်က ကြေညာထားသည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး အချိန်မီ လျှောက်ထားကြရန် ထပ်မံအသိပေး နှိုးဆော်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (Union Election Commission) က သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၂ (ဆ)နှင့် နည်းဥပဒေ ၁၀ တို့အရ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မိမိတို့နေထိုင်ရာ မဲဆန္ဒနယ်၏ ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များ အနေဖြင့် လက်ရှိရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးလိုပါက နည်းဥပဒေပါ ပုံစံ (၃-က)ဖြင့် လျှောက်ထား၍ မဲစာရင်းထည့်သွင်းခွင့်ရှိကြောင်း၊ ယင်းသို့ လျှောက်ထားကြရန်လည်း ကော်မရှင်က ဇူလိုင် ၁၀ ရက် နေ့စွဲပါ ကြေညာချက်အမှတ် (၃၄/၂၀၁၅) ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။နည်းဥပဒေ ပုံစံ (၃-က)များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် တောင်းယူနိုင်ကြောင်း၊ သို့မဟုတ် နည်းဥပဒေပါ ပုံစံ (၃-က) အတိုင်း မိမိတို့ အစီအစဉ်ဖြင့် ပြုစုဖြည့်သွင်း၍လည်း လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နည်းဥပဒေပုံစံ (၃-က) ဖြင့် လျှောက်ထားလာခြင်းသည် မဲစာရင်းထည့်သွင်းရန်အတွက်သာဖြစ်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ထောက်ခံပေးရန် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။