ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တင်ပြချက်အတိုင်း ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ခေတ္တဆိုင်းငံ့ထားသင့်ကြောင်း အကြောင်းကြားစာ ပေးပို့မှုအပေါ် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တင်ပြချက်အတိုင်း ဆိုင်းငံ့သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ အသုံးပြု မယ့် ဘဏ္ဍာငွေ ကျပ်သန်း ၄၀၀၀ ကျော်ကို ကျွန်တော်တို့ နိုင်ငံအနှံ့အပြားမှာ လိုအပ်ချက် ရှိနေသေးသော ကျောင်းပေါင်း ၂၀၀ ကျော် (သို့မဟုတ်) ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲ ၁၀၀ ကျော် (သို့မဟုတ်) ကျောက်ခင်းလမ်း ၈၄ မိုင် ဆောင်ရွက်နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ရပါတယ်။ သို့ဖြစ်ပါ၍ နောင်တွင် ပေါ်ပေါက်လာမယ့် လွှတ်တော်က ပြင်ဆင်အောင်မြင်သည့် ဥပဒေပုဒ်မများနှင့်အတူ ဆန္ဒခံယူပွဲ လုပ်သင့်ပါတယ်။ ခေတ္တဆိုင်းငံ့ထားသင့်ပါကြောင်း၊ သို့ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်းကို ဆိုင်းငံ့သင့်ကြောင်း အားလုံးထောက်ခံနိုင်ရေးအတွက် ထောက်ခံတင်ပြအပ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရှီသီးက ဆွေးနွေးပြောကြားသည်။ပုဒ်မ ၅၉ (ဃ) ၏ မူလပြဋ္ဌာန်းချက်၌ ပါရှိသော “စစ်ရေးအမြင်” စကားရပ်အား “ကာကွယ်ရေးအမြင်” ဟု ပြင်ဆင်ခဲ့ခြင်း ဖြစ်သဖြင့် ထူးခြားသည့် ပြောင်းလဲမှု မဟုတ်ပေ။ ယခုနှစ် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မျက်မှောက်ခေတ်ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်ပါသဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထု၏ အမြင်တွင် နိုင်ငံတော်၏ပုံရိပ် ကောင်းမွန်စေရေး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေရသည့် ကာလလည်းဖြစ်ကြောင်း ကော်မရှင်က ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။
ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တင်ပြချက်အတိုင်း ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်