ပြင်ပဈေးကွက်၏ ဈေးနှုန်းသတ်မှတ်မှုနောက် လိုက်ပါနေရသည့်အတွက် ဗဟိုဘဏ်၏ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်သတ်မှတ်မှုစနစ်မှာ ထိန်းကျောင်းခံနှုန်းရှင်စနစ်သို့ ရောက်ရှိနေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ထောက်ပြ

ပြင်ပဈေးကွက်၏ ဈေးနှုန်းသတ်မှတ်မှုနောက် လိုက်ပါနေရသည့်အတွက် ဗဟိုဘဏ်၏ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်သတ်မှတ်မှုစနစ်မှာ ထိန်းကျောင်းခံနှုန်းရှင်စနစ်သို့ ရောက်ရှိနေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ထောက်ပြ
Published 22 July 2015
ဖြိုးဝေ

ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်သည့် ဈေးနှုန်းသတ်မှတ်မည်ဟုဆိုကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် မှစ၍ အမေရိကန်ဒေါ်လာဈေးကို တစ်ဒေါ်လာ ၇၅ ကျပ် ခုန်တက်လိုက်ပြီးနောက် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ပိုမိုမြင့်တက်လာခဲ့ကာ အဆိုပါ မြင့်တက်လာသည့် ဒေါ်လာဈေးနောက်သို့ ဗဟိုဘဏ်က လိုက်ပါသတ်မှတ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်စနစ် (Manage Float) အစား ဈေးကွက်နောက်သို့ လိုက်ပါနေရသည့် ထိန်းကျောင်းခံနှုန်းရှင်စနစ် (Being Manage Float) အခြေအနေသို့ ရောက်ရှိနေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။ 
 
ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်မည်ဟုဆိုကာ ဗဟိုဘဏ်က နေ့စဉ် သတ်မှတ်ပေးနေသည့် အမေရိကန်ဒေါ်လာဈေးနှုန်းကို ပြင်ပဈေးကွက်ပေါက်ဈေး ကျပ် ၁၂၂၀ ခန့်နှင့် လိုက်လျောညီထွေဖြစ်နိုင်သော နှုန်းထားအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ဇူလိုင် ၁၃ ရက်မှ စတင်၍ ၁၁၂၅ ကျပ်မှ ကျပ် ၁၂၀၀ အဖြစ်  ၇၅ ကျပ်ခန့် မြင့်မားစွာ ဆွဲတင်ကာ ဗဟိုဘဏ်က ရုတ်ခြည်း ခုန်တက်လိုက်သည်။ ထိုသို့ ခုန်တက်ပြီးနောက် ပြင်ပဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဈေး နှုန်းလိုက်ပါ မြင့်တက်လာသည့်အတွက် ဗဟိုဘဏ်က သတ်မှတ်နေသည့် ငွေလဲနှုန်းကို နေ့စဉ်တိုးမြှင့်နေရကာ ရက်ပိုင်းအတွင်း ကျပ် ၄၀ ထပ်မံ ခုန်တက်လိုက်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
 
ဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုး လျှော့ချလိုက်သည့်အနေအထားမှာ ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း ယခင်ထက် ရာခိုင်နှုန်း ၂၀ ခန့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ဇူလိုင် ၂၁ ရက်အ တွက် ဗဟိုဘဏ်က သတ်မှတ်မှုမှာ ကျပ်  ၁၂၄၀ ဖြစ်ပြီး ဇူလိုင် ၁၁ ရက်မှ တွက်ချက်မည်ဆိုပါက ကျပ် ၁၃၀ ခန့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည့် အနေအထားဖြစ်နေသည်။
 
“ဗဟိုဘဏ်က ဈေးကွက်ကို ထိန်းကျောင်းရမယ့်အစား ဈေးကွက်က ထိန်းကျောင်းတာကို ခံနေရတဲ့ အနေအထား ဖြစ်လာနေတယ်။ ဗဟိုဘဏ်မှာ အရန်ငွေကလည်း အများကြီးရှိတဲ့ အနေအထားမဟုတ်ဘူး။ ဒီအခြေအနေကို မထိန်းနိုင်သရွေ့ မြန်မာကျပ်ငွေက ဆက်ပြီး တန်ဖိုးကျဆင်းနေမှာပဲ”ဟု ဒေါက်တာ အောင်ကိုကိုက ဆိုသည်။
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားအရန်ငွေ နည်းပါးမှု ပြဿနာ၊ ကုန်သွယ်မှုလိုငွေ ပြဿ နာ၊ ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လခတိုးမြှင့်မှုပြဿနာ၊ နေ့စဉ် အနည်းဆုံး အခကြေးငွေသတ်မှတ်ရန် ပြင်ဆင်လာမှု၊ ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်း ထုတ်ပြန်နိုင်မှု မရှိဘဲ ကျပ် ၅၀၀၀ တန်နှင့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအသစ် ထပ်မံရိုက်ထုတ်မှု စသည့် အခြေ အနေများကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုဒဏ်ကို ပြည်သူများ ခံစားနေရသည် ။ 
 
လက်ရှိအခြေအနေတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာနေပြီး ပြည်သူများအကြားတွင် အခက်အခဲများ ဖြစ်ပေါ်လာသည်။ ထိုသို့ ပြည်သူများအကြား စားဝတ်နေရေး ခက်ခဲလာမှုမှာ နိုင်ငံရေးအကျပ်အတည်း သို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်နေပြီး အန္တရာယ်ရှိလာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီဝင် ဦးမင်းခင်က သုံးသပ်သည်။