လူရယ်လို့ဖြစ်လာရင် အမေနဲ့အဖေ ဆိုတာရှိတယ်။ ကျွန်တော်တို့မှာ အမေရှိတယ်။ အမေမရှိတော့တာ ကြာခဲ့ပြီ။ အမေ့ရုပ် အမေ့အသံ အမေသဏ္ဌာန် စစ်စစ်တွေသာ မရှိတော့တာပါ။ အမေ့ပုံရိပ် အမေ့အကြောင်း အမေနဲ့ ပတ်သက်တာတွေကတော့ ဟိုအရင်တုန်းလို ရှိနေသေးတယ်။ နေ့စဉ်နဲ့အမျှ အမေ့အကြောင်း တစေ့တစောင်းက ပေါ်နေမြဲပါ။ ဇနီးသား မိသားစုနဲ့ နေ့စဉ်အလုပ်တာဝန်တွေ ကြားထဲမှာကိုပဲ အမေ့အကြောင်းအရာတွေက လျှပ်တစ်ပြက်ဝင်လာနေမြဲပါ။ အမေက ကျွန်တော်တို့ကို အမြဲမပြတ် စောင့်ကြနေသလို ထင်မိတယ်။ အကြောင်းတစ်ခု အခွင့်အရေးတစ်ခု ကြုံတာနဲ့ ရောက်ရောက်လာတတ်တယ်။
အခုလို မိုးဖြိုင်ဖြိုင်ရွာတဲ့ အခါတော့ အမေကမခေါ်ဘဲ မမျှော်ဘဲ ရောက်ရောက်လာတယ်။ အမေက မိုးကိုကြောက်တယ်။ ကြောက်တယ်ဆိုတာထက် မနှစ်သက်ဘူးဆိုရင် ပိုမှန်မယ်ထင်တယ်။ မိုးရေစက်၊ မိုးကြိုးမုန်တိုင်းနဲ့ လျှပ်စီးတွေကြားမှာ အမေက---နဲ့ ဒုက္ခတွေ လောကဓံဆိုးတွေရှိခဲ့တာမို့ ထင်ပါတယ်။ အမေက မိုးကိုစိတ်နာပုံရတယ်။ အမေငယ်ငယ်က တောရွာတစ်ခုမှာမွေးတယ်။ ညီအစ်ကိုမောင်နှစ်မ ခြောက်ယောက်ရှိတယ်။ အဖေက ကရင်လူမျိုး၊ အမေကဗမာ။ ကျွန်တော်တို့ အဘိုးဖြစ်သူက ရိုးတယ်။ မိရိုးဖလာလယ်ပဲ လုပ်တတ်တယ်။ မိုးရွာရင် လယ်ထွန်မယ်။ ပျိုးကြဲမယ်။ စပါးစိုက်မယ်။ ပေါင်းသင်မြေဆွမယ်။ နွားစာရိတ်မယ်။ စပါးတွေမှည့်ရင် ရိတ်သိမ်းမယ်။ မျိုးစပါးချန်ပြီးရောင်းမယ်။ ရတဲ့ပိုက်ဆံ အဘွားကိုအပ်မယ်။ နွားစာကျွေးဖို့ ကောက်ရိုးတွေစုမယ်။ နွားတွေအစာကျွေးမယ်။ ရေချိုးမယ်။ ပြီးရင် အဘွားခိုင်းတာလုပ်မယ်။ ထင်းရှာမယ်ရေခပ်မယ်။ ကလေးထိန်းမယ်။ နောက်နှစ်မြေဆီချဖို့ နောက်ချေးတွေစုမယ်။ သင်္ကြန်တွင်းရောက်ရင် အိမ်ပြင်မယ်။ ဓနိတွေအသစ်မိုးမယ်။
အမေကမောင်နှမတွေထဲမှာ ဒုတိယအကြီးဆုံး သမီးပါ။ အစ်ကိုတစ်ယောက်နဲ့ မောင်သုံးယောက်၊ ညီမတစ်ယောက်ရှိတယ်။ အမေ့ပြောစကားအရ အစ်ကိုကြီးက နည်းနည်းဆိုးပုံရတယ်။ ကျောင်းထားပေမယ့် ကျောင်းစာကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ပုံမရဘူး။ အဲဒီတော့ အကြီးဆုံးသမီးဖြစ်တဲ့ အမေက အဘွားပြီးရင် တာဝန်တွေပုံကျလာတယ်။ အမေက စာမတတ်ဘူး။ အမေ့ကိုရွာက ဘုန်းကြီးကျောင်းမှာ ရေးတတ်ဖတ်တတ်အောင် ထားပါတယ်။ အမေက စာမသင်ချင်ဘူး။ ကျောင်းမတက်ချင်ဘူး။ အလုပ်ပဲ လုပ်ချင်တယ်။ ကျောင်းသွားရမယ်။ စာသင်ရမယ်ဆိုရင် အမေငိုတယ်။ အမေစာတတ်ချင်ပေမယ့် စာမသင်ချင်ဘူး။ စာမသင်ချင်တာ အကြောင်းတော့ရှိမှာပါ။ အမေ့မိသားစု အခြေအနေကိုသိလို့ ကျောင်းသွားပြီး စာသင်ရမယ့်အချိန်မှာ အလုပ်လုပ်ငွေရှာချင်ပုံ ရပါတယ်။ အစ်ကိုနဲ့ အငယ်တွေကိုတော့ အားပေးတယ်။ ပညာတတ်တွေ ဖြစ်စေချင်တယ်။
အမေကကျောင်းမတက်ဘဲ လူကြီးတွေနဲ့ လယ်ထဲလိုက်တယ်။ ပျိုးနုတ်တယ်၊ ကောက်စိုက်တယ်။ ထဘီတိုတိုဝတ်ပြီး လူကြီးတွေနဲ့ အပြိုင်ကောက်စိုက်တယ်။ အမေက စာသာမတတ်တာ ကောက်စိုက်တာတော့ တော်တယ်။ ရွံ့တွေရေတွေမျှော့တွေထဲမှာ ခမောက်လေးဆောင်းပြီး ကောက်စိုက်နေတဲ့ အမေ့ပုံရပ်ကို ကျွန်တော်ပုံဖော် ကြည့်မိတယ်။ ချစ်စရာလေး နေမှာပါ။ အမေက သေးသေးကွေးကွေးလေး။ လူကသေးသလောက် စိတ်ကမြန်တယ်။ စိတ်မြန်တော့ အလုပ်လည်း မြန်တယ်ဆိုတာ ဟုတ်မှာပါ။ ကျွန်တော်တို့ ကြီးလာတဲ့အချိန် အမေ့အသက် ခြောက်ဆယ်အထိ စိတ်မြန်လုက်မြန် ရှိသေးတယ်။ တစ်ခါတလေ အဖေနဲ့များ ရန်ဖြစ်တဲ့အခါ ဒေါသထွက်လာရင် အဖေ့စကားသံ မဆုံးခင် အမေက အဖေ့ရှေ့ ရောက်နေပြီ။
အမေကသူတို့ရွာကို တော်တော်ချစ်ပုံ ရပါတယ်။ လှည်းကူးအပိုင် ရှမ်းတဲကြီးဆိုတဲ့ရွာမှာ အမေတို့နေတယ်။ သူ့သူငယ်ချင်းတွေ အကြောင်းလည်း ခဏခဏပြောတယ်။ ငယ်ငယ်တုန်းက ကောက်စိုက်ပျိုးနုတ်ခဲ့တဲ့ လယ်လေးတွေမှ ရှိသေးရဲ့လား မသိဘူးလို့ သတိရတိုင်းပြောတယ်။ ရွာမှာ လယ်လုပ်ငန်းနဲ့ အဆင်မပြေ၊ သားသမီးတွေလည်း ကြီးလာတော့ အဘိုးအဘွားတွေ ရွာကိုစွန့်ခွာဖို့ လုပ်ကြတယ်။ ငါတို့သားသမီးတွေ ရွံ့ရေဗွက်တွေကြားမှာ ဆင်းဆင်းရဲရဲ နေရမယ့်အတူတူ မြို့ကကတ္တရာလမ်းဘေးမှာပဲ ဖြစ်သလို နေတော့မယ်ဆိုပြီး ရန်ကုန်တက်လာကြတယ်။ ဆွေမျိုးသားချင်း အကူအညီမရှိလို့ စွပ်ကျယ်စက်ရုံဘေးမှာ တဲထိုးနေကြတယ်။ အဘိုးကကြုံရာ ကျပန်းလုပ်တယ်။ အမေကစွပ်ကျယ်စက်ရုံမှာ ဝင်လုပ်တယ်။ အမေက စိတ်သွက်လူသွက်ဆိုတော့ သူများတွေထက် အလုပ်ပိုပြီးတယ်။ ခဏခဏ ဆုရတယ်ဆိုပဲ။ အလုပ်မှာတော့ အမေက အဲဒီလောက် တော်တာပါ။
အမေက ဘောလုံးဝါသနာပါတယ်။ ကျွန်တော်တို့ ဘောလုံးပွဲတွေရှိရင် ထမင်းစောစောချက်ပြီး လိုက်ကြည့်တယ်။ ကွင်းထဲမှာ ဘောလုံးကန်နေရင်းနဲ့ အော်သံတွေကို နားစိုက်ထောင်ရင် အမေ့အသံက ထိပ်ဆုံးကပဲ။ တစ်ခါတလေ အားမလိုအားမရဖြစ်ပြီး ကွင်းထဲကိုလူပါ ရောက်လာတတ်တယ်။ ဒိုင်လူကြီး ဆူတာခံရတယ်။ သူ့သားအသင်း နိုင်တဲ့အခါ ဆိုရင်တော့ ပြောမဆုံးတော့ဘူး။ ပြောလိုက် ရယ်လိုက်နဲ့။ ငစိန်ဆန်ထမင်း၊ ငါးပိရည်တို့စရာ၊ ငါးခြောက်ငါးခြမ်း ဟင်းတွေစားရင်း ပြောနေတာအခုထိ မြင်ယောင်နေတုန်းပါ။ ဒါပေမဲ့ အမေ...။ ကျွန်တော်တို့ငယ်ငယ်က ကန်ခဲ့တဲ့ ဘောလုံးကွင်းလည်း မရှိတော့ဘူး။ အမေ့မြေးတွေဆိုရင် ဘောလုံးတောင် မကန်တတ်တော့ဘူး အမေရဲ့။
မြို့ထဲက သိမ်ကြီးဈေး ဓမ္မာရုံနားရောက်တိုင်းလည်း အမေက ရောက်ရောက်လာတယ်။ အခုလိုမိုးတွင်း သရက်သီးလှိုင်လှိုင် ပေါ်ချိန်မှာ သားအမိနှစ်ယောက် ဓမ္မာရုံထောင့်မှာ ဈေးရောင်းဖူးတယ်။ မနက်အစောကြီးထ ဗိုက်ပူဘတ်စ်ကားကြီးစီးပြီး ကီလီဈေးကိုလာတယ်။ ကမ်းနားမှာ သရက်သီး သမ္ဗန်တွေဆီသွားတယ်။ အဲဒီတုန်းက သရက်သီးသမ္ဗန်တွေထဲ ဆင်းကြည့်ရင်လည်း သရက်သီးနံ့ လှိုင်နေတာပဲ။ အခုခေတ်လို ဓာတုဆေးဝါးတွေ မသုံးဘဲ သဘာဝအတိုင်း မှည့်ကြတော့ ခေါင်းမူးမတတ် လောက်အောင်မွှေးတယ်။ သရက်သီး တစ်ယောက်တစ်တောင်းစီဝယ်ပြီး သိမ်ကြီးဈေးမှာ ရောင်းကြတယ်။ ဗိုက်ဆာရင် ရေမဆေးဘဲ သရက်သီးကို ခွဲစားလိုက်၊ အခွံနွှာစားလိုက်တာပဲနော်။
တစ်ရက်မှာတော့ အဖြစ်ဆိုးနဲ့ကြုံတယ်။ မရှိလို့ဈေးရောင်း စားပါတယ်ဆိုမှ ဖြစ်ရတယ်။ သားအမိနှစ်ယောက် ကုန်ဈေးတန်းမှတ်တိုင်မှာ သရက်သီးတောင်းတွေချတယ်။ ကားသမားက အတင်းမောင်းထွက်တော့ သရက်သီးတောင်း မှောက်ကျတယ်။ လမ်းပေါ်မှာပြန့်ကျဲနေတဲ့ သရက်သီးတွေကို လိုက်ကောက်ပေမယ့် တစ်ဝက်လောက်ပဲ ပြန်ရတယ်။ အခုခေတ် ဆီးသီးဗန်းမှောက်ကျလို့ လူတွေလုစားတာ မဟုတ်ဘူး။ ကားတွေတက်နင်းတာနဲ့ ကွဲပြဲကုန်လို့ပါ။ အဲဒီနေ့က အပြန်မှာ အမေ့မျက်နှာမကောင်းဘူး။ ညနေကျတော့ သတင်းစာနဲ့ တစ်ခုခုကိုထုပ်ပြီး အမေအပြင် ထွက်သွားတယ်။ ပြန်လာတော့ အမေ့လက်ထဲမှာ မနက်ဈေးရင်းဖို့ ပိုက်ဆံပါလာတာ သတိထားလိုက်မိတယ်။ အမေ့ကို သနားတာကလွဲလို့ ကျွန်တော်လည်း ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။
အမေက စာသာမတတ်တာ ပုံတိုပတ်စနဲ့ ရာဇဝင်တွေ အများကြီးပြောပြတယ်။ ဘုရားအကြောင်း၊ ယသော်ဓရာအကြောင်း၊ အဇာတသတ်နဲ့ ဒေဝဒတ်အကြောင်း၊ သုဒ္ဓေါဒန နဲ့ဗိမ္မိသာရမင်းကြီးအကြောင်း ကာဠုဒါယီ အမတ်ကြီး အကြောင်းတွေလည်းပါတယ်။ အဲဒီတုန်းက စာမဖတ်ဘဲ အမေပြောပြတာနဲ့ သိနေတယ်။ အမေက ကျွန်တော့်ကိုတစ်ခါမှ မရိုက်ဖူးဘူး။ ကျွန်တော်က အမေရိုက်တာ ခံကြည့်ချင်လို့ တစ်ခါလောက် ရိုက်ပါဆိုတော့ အမေထလာတယ်။ ကျွန်တော့်ကိုရိုက်တယ်။ တုတ်နဲ့တော့မဟုတ်ဖူး နှာခေါင်းနဲ့။ အမေ့သွားတွေ မကောင်းတော့ နုတ်ပစ်ရတယ်။ အံကပ်စွတ်ပြီးလည်း ထမင်းမစားတတ်လို့ သွားဖုံးနဲ့ ဝါးစားတယ်။ ကြာတော့ အမေ့မှာ အာရုံကြောရောဂါ တစ်ခုဖြစ်တယ်။ ဆေးစားဆေးထိုး လုပ်ပေမယ့် ပိုပိုဆိုးလာတယ်။ ဆေးရုံတက်ပြီး ခွဲစိတ်လိုက်ရတယ်။
ဆေးရုံကြီး ရောက်တိုင်းလည်း အမေ့ကို သတိရတယ်။ အမေကလည်း ကြုံတာနဲ့ ရောက်ရောက်လာတယ်။ အမေ့မှာ လောကဓံ၊ ဆေးဒဏ်၊ ဘဝကံတွေကြောင့် အသည်းရောဂါဖြစ်တယ်။ ဆေးရုံကြီးက အသည်းဆရာဝန်ကြီးဆီ သွားပြတယ်။ အမေ့ရောဂါကို စမ်းသပ်ပြီးတော့ ဆရာဝန်ကြီးကမေးတယ်။ သားသမီးတွေ အကြောင်းလည်း ပါတယ်။ ဘွဲ့ရပညာတတ် သားသမီးတွေရှိရဲ့သားနဲ့ ကိုယ့်အမေ ရောဂါဖြစ်နေတာ မသိဘူးလား။ ကြိုကြိုတင်တင် မကုဘူးလား။ မွေးရကျိုးမနပ်တဲ့ သားသမီးတွေပဲလို့ ပြောတော့ အမေမျက်ရည်ကျတယ်။ ဆရာဝန်ကြီး ပြန်သွားတော့ အမေက ပြောတယ်။ လူလေး အမေတို့ဆေးရုံးက ဆင်းရအောင်တဲ့။ ဘာဖြစ်လို့လဲ အမေဆိုတော့ အမေသေချင်သေပစေ ငါ့သားသမီးတွေကို ပြောတာတော့ မခံနိုင်ဘူးတဲ့။ အဲဒီခေတ်ဘွဲ့ရ လူငယ်တွေရဲ့ ဒုက္ခကို ဆရာဝန်ကြီး မသိလို့ဖြစ်မှာပါလို့ အမေ့ကို နှစ်သိမ့်ပေးခဲ့ရ သေးတယ်နော်။
အခုလို ရွေးကောက်ပွဲသံတွေ ကြားတော့လည်း အမေ့ကို သတိရမိပြန်ပါတယ်။ အမေသာဆိုရင် ပျော်မှာပါ။ အမေက သူတို့ခေတ် ရွေးကောက်ပွဲအကြောင်းလည်း ခဏခဏ ပြောတယ်။ ဖဆပလခေတ် တည်မြဲသန့်ရှင်း အပြိုင်အဆိုင် ရွေးတဲ့အချိန်မှာတဲ့။ အမေတို့လည်း မဲပေးခဲ့ရတယ်။ အဲဒီတုန်းက မဲဆွယ်ပွဲတွေ အကြီးအကျယ် လုပ်ကြတယ်။ ငွေကြေး ကုန်ခံလုပ်ကြတာ။ ကျွေးမွေးပြီး မဲဆွယ်တယ်။ တချို့များဆိုရင် ငွေပစ္စည်း လက်ဆောင်တွေတောင် ပေးတယ်ဆိုပဲ။ အမေတို့ကတော့ မနက်စောစောထ သူတို့ကျွေးတာစား၊ ပေးတာယူတာပဲ။ အတီးအမှုတ် အကအခုန်တွေ တောင်ပါသေးတယ်။ ပျော်စရာကြီးပေါ့။ အဲဒီနေ့က ဗိုက်လည်းဝတယ်။ ပျော်လည်းပျော်တယ်လို့ ခဏခဏပြောတယ်။ ဒါနဲ့ကျွန်တော်ကမေးတယ်။ အမေမဲထည့်တော့ ကျွေးမွေးပေးတဲ့သူတွေကို ပေးခဲ့သလားဆိုတော့ အမေက ဟက်ဟက်ပက်ပက်ရယ်တယ်။ ဘယ်ထည့်မလဲသားရယ်။ အမေထည့်ချင်တဲ့သူ ထည့်ခဲ့တာပေါ့။ သူတို့သိတာမှတ်လို့ ...။
သြော် တတ်လည်း တတ်နိုင်တဲ့အမေ။ လာမယ့်ရွေးကောက်ပွဲမှာ အမေသာဆိုရင် ပျော်မှာ။ ခုတော့။
ခလုတ်တိုက်ရင်
အမေ့ကိုပဲ နှုတ်ကအလိုလို ထွက်လာတယ်။
အမေကပြောမယ်ထင်တယ်
မင်းတို့မှာ အဖေရှိနေတာပဲ။
အမေ
သားတို့ဘဝတွေ အဆင်မပြေဘူး။
ဒါကြောင့်မို့ အမေ့ကို ရှိစေချင်တယ်။
အမေသာဆိုရင်။










