သမိုင်းနှင့် အတ္ထုပ္ပတ္တိ

သမိုင်းနှင့် အတ္ထုပ္ပတ္တိ
Published 15 July 2015
ရဲထွတ်နီ

ကျွန်တော်တို့သည် လူတွေအကြောင်း စိတ်ဝင်စားကြသည်။ လူတွေက လူတွေအကြောင်း စိတ်ဝင်စားသည်မှာ သဘာဝကျသည်။ ထို့ကြောင့် ဝတ္ထုတွေ ဖတ်သည်။ ရုပ်ရှင်တွေ ကြည့်သည်။ သီချင်းတွေကို နားထောင်သည်။ ကဗျာတွေ ရွတ်ဆိုသည်။ ဇာတ်သဘင်၊ အငြိမ့်၊ ပြဇာတ်တွေကို ကြည့်ရှုခံစားကြသည်။ အတ္ထုပ္ပတ္တိများကိုလည်း ရှာဖွေဖတ်ရှု ကြပါသည်။အတ္ထုပ္ပတ္တိဟူသော ပါဠိစကား၏ အဓိပ္ပာယ်မှာ ‘အကြောင်းအရာ၏ ဖြစ်ခြင်း’ ဟု ဆိုပါသည်။ မြန်မာ အဘိဓာန်က ‘ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ဘဝဖြစ်စဉ်၊ တစ်စုံတစ်ခု၏ အကြောင်းအရာ’ ဟု ဖွင့်ပေးထားပါသည်။ဆရာကြီး ဦးလှကြိုင် (ဆရာပါရဂူ)က “ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ဘဝနှင့် စရိုက်ကို ဖော်ပြသည့် စာသည် အတ္ထုပ္ပတ္တိဖြစ်သည်။ အတ္ထုပ္ပတ္တိသည် ကဗျာ၊ ပြဇာတ်၊ ဝတ္ထု စသည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ စာပေ၏ အခြားအင်္ဂါ အစိတ်အပိုင်း ကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသည်။ အကျိုးလည်း များစေသည်။ အတ္ထုပ္ပတ္တိကို ဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှု ရရှိနိုင်ပြီး မိမိအတွက် အကျိုးများမည့် အချက်အလက်များကိုလည်း သိရှိနားလည်နိုင်သည်။ အခြားသော ပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိ၏ ဘဝဖြစ်ရပ်၊ မိမိ၏ စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်သည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်သည်” ဟူ၍ ‘မြန်မာအတ္ထုပ္ပတ္တိသမိုင်း’ စာတမ်း၌ ဖွင့်ဆိုခဲ့ပါသည်။ထို့ကြောင့်ပင် ကျွန်တော်တို့သည် အတ္ထုပ္ပတ္တိများကို ရုပ်ပုံလွှာ တစ်လွှာအနေဖြင့်ဖြစ်စေဦး ပြုစုရေးသား အားပေးလျက် ရှိကြသူများအား အလွန်ကျေးဇူးတင်လျက် ရှိကြသည်။ လမ်းလှမ်းတမီ ဖတ်ရှုမိရသလောက် ကျမ်းတစ်စောင် ပေတစ်ဖွဲ့တို့ကို ကျေနပ်အားရပါသည်။ ရာပြည့်စာအုပ်တိုက် ဦးစိုးညွန့်က ၂၀၀၅ ခုနှစ်မှ အစပြုလျက် ‘၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀’ အတ္ထုပ္ပတ္တိ အကျဉ်းများ စုစည်းပြုစု ထုတ်ဝေပေးခဲ့သည်မှာ ယခု တတိယအုပ်ပင် ရှိခဲ့ပြီဖြစ်သည်။ ဆရာမင်းယုဝေက မက္ခရာမင်းသားကြီး၊ ယောမင်းကြီး ဦးဘိုးလှိုင်၊ ဒေါက်တာရှောလူး၊ ဂျိမ်းလှကျော် အစရှိသည့် ပြည်ထောင်စုသား ပုဂ္ဂိုလ်ကျော် ၁၈ ဦးတို့ကို ‘ပထမမြန်မာများ’ ဟူ၍ အနှစ်ထုတ် ပြုစုရေးသား တင်ပြခဲ့ပါသည်။ ‘မောင်သုတ’ အမည်ခံ ဗိုလ်မှူးဘသောင်း၏ ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ သည် မြန်မာ့စာပေ ယဉ်ကျေးမှု သမိုင်း၏ မော်ကွန်းပင်ဖြစ်သည်။ အမေ လူထုဒေါ်အမာ၏ ‘သာသနာ့တန်ဆောင် ဆရာတော်ကြီးများ’ ဆိုသည်မှာ ဆရာတော်ကြီးများအား အမေလူထု၏ ကြည်ညိုသဒ္ဓါစိတ်ကို ဆင့်ပွားခံစားရသဖြင့် ပြုစုသူကိုလည်း လေးစားကြည်ညိုစိတ် ဖြစ်ပေါ်ရပါသည်။ ဆရာမောင်ဇေယျာ၏ ‘ရှင်ကျော် ၁၀၀’ သည် ထပ်ပြန်တလဲလဲ ဖတ်ရှုကြည်ညိုနေဖွယ်ကောင်းသော တကယ့်ဆရာတော်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း ပြုစုချက် ဖြစ်နေပါသည်။ ပထမအတွဲ ဆရာတော်အပါး ၅၀ ဖြစ်ပါသည်။ ဆရာမောင်ဇေယျာကပင် အမျိုးသားလွတ်မြောက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုနှင့် နိုင်ငံတကာ ပညာရှင်များ၏ အလယ်တွင် ထင်ရှားကျော်ကြား သြဇာကြီးမားကြသည့် ပုဂ္ဂိုလ်ကျော်တို့၏ အတ္ထုပ္ပတ္တိကို ပြုစုထားသော ‘မြန်မာလူကျော် ၁၀၀’ သည် ပထမ၊ ဒုတိယဖြင့် နှစ်အုပ် ထွက်ရှိခဲ့ပြီး ဖြစ်သည်။ ဂုဏ်ယူစွာ မှတ်သားရချက်များ များလှသည်။ ဆရာကြီး ဒေါက်တာသန်းထွန်းက “Micheal H.Hart ၏ The 100 A Ranking of the Most Influential Persons in History” စာအုပ်ကို ‘ကျော်စွာ ၁၀၀’ ဆိုပြီး ပြန်ဆိုပေးထားခဲ့သည်။ ဆရာကြီးက သူဖတ်ဖူးသမျှ အတ္ထုပ္ပတ္တိ အကျဉ်းများတွင် ဤစာအုပ်မှာ အတော်ကောင်းသဖြင့် မြန်မာပြန်ဆိုမိကြောင်းလည်း အမှာစာတွင် ရေးသားထားသည်။ ‘မြန်မာ့အလင်း ဦးသန်းညွန့်’ က ‘အတ္ထုပ္ပတ္တိ မဟုတ်ပါ’ ဟု ဆိုလျက် သတင်းစာဆရာကြီးများ ဖြစ်ကြသော ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးပုကလေး၊ စွယ်စုံရ ဆရာဇဝန၊ ဆရာကြီးရွှေဥဒေါင်း၊ စာနယ်ဇင်း သံယောဇဉ်ကြီးသော လူထုဦးလှ၊ မှုခင်းသတင်းထောက် ဦးဘနှင်း၊ စစ်ကြိုခေတ် သတင်းထောက် ဦးချစ်ဦး၊ ဓာတ်ပုံသတင်းထောက်ကြီး ဦးလှဖေတို့နှင့် သူ့သတင်းစာဆရာ သက်တမ်းတစ်လျှောက် ကြုံဆုံခဲ့ပုံကို ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ဖူးပွင့်ဝေေ၀တိုက်မှ ထုတ်ဝေသည့် စာအုပ်တွင် ဦးလေးဦးသန်းညွန့်က သူကြုံဆုံခဲ့ရသည့် အကြောင်းစုံကို မိုးဝေ၊ နွယ်နီ၊ မိုး၊ ရနံ့သစ်၊ မြန်မာမန်နေဂျာ၊ ရွှေပြည်တန်၊ စာဖတ်သူ စသည့် မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပြည့်စုံအောင် ရေးသားခဲ့သော်လည်း ထိုစာနယ်ဇင်းတို့၌ ပုံနှိပ်ဖော်ပြ ပါရှိသမျှသာဟု စာရေးသူ အစီရင်ခံစာတွင် ရေးခဲ့သဖြင့် မည်သို့မည်မျှ ဖြတ်တောက်ခံခဲ့ရသည်ကို ဦးလေးသာလျှင် သိပါတော့မည်။ မည်သို့ဖြစ်စေ ဖတ်ရသမျှဖြင့် ဦးလေး မြန်မာ့အလင်း ဦးသန်းညွန့်ကို ကျေးဇူးတင်ရှိနေပါသည်။ ယခုစာအုပ်များမှာ သတိရတတ်သမျှပါ။“သူတို့သည် မျိုးချစ်သူရဲကောင်းများ ဖြစ်သည်။ သူတို့သည် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ပြန်လည်လွတ်မြောက်ရေးအတွက် နယ်ချဲ့တို့၏ မတရားသော တရားခွင်တွင် ရဲရဲတောက် လွတ်လပ်ရေးအတွက် ကြွေးကြော်သံကို အော်ဟစ်ရင်း ကြိုးစင်ပေါ် တက်သွားကြသူများ ဖြစ်ကြသည်။ သူတို့သည် ဖက်ဆစ်နှင့် နယ်ချဲ့တရားခွင်ကို လွတ်လပ်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်ရေး တရားဟောရာအဖြစ် အသုံးပြုခဲ့ကြသည်။ သူတို့သည် သစ္စာတရား၏ ရှေ့နေများဖြစ်၏။ အမှုမှ လွတ်ငြိမ်းချမ်းသာခွင့်ရရေးထက် သစ္စာတရားကို ပို၍ မြတ်နိုးသူများ ဖြစ်ကြ၏။ သစ္စာတရားအတွက် ထောင်သွင်းအကျဉ်းချထားမှုကို မကြောက်မရွံ့ မတုန်လှုပ်သူများ ဖြစ်သည်” ဟု ဖွင့်ဆိုကာ စာပေဂန္ထဝင်အဖြစ် ကျန်ရစ်သော ထိုပုဂ္ဂိုလ်၊ ထိုသူရဲကောင်းတို့၏ ရဲရဲတောက် လျှောက်လဲချက်တို့ကို ဥပဒေစာပေ မှတ်တမ်းတစ်စောင်အဖြစ် ကျန်ရစ်ခဲ့စေရန် ပြန်ဆိုပြုစုသည်ဆိုသော ဆရာမောင်ကိုယု၏ ‘ကမ္ဘာကျော် တရားခွင်လျှောက်လဲချက်များ’ ဖတ်ရှုမိကြလျှင် ဆိုကရေတီး၊ မဟတ္တမဂန္ဒီ၊ ဖီဒယ်လ်ကတ်စထရို၊ ဂျော်ဂျီဒီမီထရော့ဗ်၊ အဲမီးလ်ဇိုလာ၊ ဂျွန်ဘရောင်း စသူတို့၏ အတ္ထုပ္ပတ္တိ ရုပ်ပုံလွှာများ အထင်းသား ဖမ်းယူခံစားနိုင်ကြမည် ထင်ပါသည်။တစ်နေ့ကတော့ အငြိမ်းစား ကျောင်းဆရာမကြီး တစ်ဦးနှင့် တွေ့ဆုံ စကားစပ်မိသည်တွင် မကြာမီက ပုံနှိပ်ထွက်ရှိသော အတ္ထုပ္ပတ္တိဆိုသော စာအုပ်တစ်အုပ်ကို ဝယ်ယူမိသည်ဆို၏။ တန်ဖိုးက ငွေကျပ် ရှစ်ထောင်။ သို့သော် ဖတ်ကြည့်ချင်၍ ဝယ်လာပြီးနောက် စာမျက်နှာ ငါးမျက်နှာထက်ပိုအောင် ဆက်ဖတ်ချင်စိတ် မရှိတော့သဖြင့် ဤအတိုင်းစာအုပ်ကို ပိတ်ထားလိုက်တော့ကြောင်း ပြောပါသည်။ ဆရာမကြီးမှာ အဖိုးစားနားဆုံးရသည်ကို နှမြောနေပုံရပါသည်။ စိတ်ပျက်မိကြောင်း ဆိုပါသည်။ ကိုယ်ရေးအတ္ထုပ္ပတ္တိရှင်က ယခုကျမှ ဟိုကိုသည်ကို ပုံချသလားဟု စောဒက တက်နေသော တစ်ချိန်က ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဟု ဆိုပါသည်။အတ္ထုပ္ပတ္တိနှင့် သမိုင်း...၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ။‘ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ’ ဘယ်သူဘယ်တုန်းက စတင်ပြောဆို သုံးနှုန်းခဲ့သည်တော့ မသိ။ ဤစကား အတော်အပြော လေ့လာသည်ဟု ထင်ပါသည်။ ယခုလည်း ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ကြပြီး ရေးလျက်လည်း ရှိကြပါလျက် မတရားမှုများ ကျူးခဲ့ပါရက် မကျူးခဲ့လေဟန်။ တရားမျှတလေဟန်ဖြစ်မည် ထင်၍များ ရေးသားလေသည်ထင့်။ ယခုတော့ ဖတ်မိသူမှာ လက်မခံနိုင်ပါတဲ့။ သူတို့မို့သာပဲ ကိုယ့်လိပ်ပြာ ကိုယ်လုံပဲ လုံနိုင်လွန်းဟု ဆိုရတော့မည်။စကားစပ်မိ၍ လိပ်ပြာလုံအောင် ပြုသွားခဲ့ဖူးသူ တစ်ဦး၏ ရုပ်ပုံလွှာလေးတစ်လွှာကို ပြန်ပြောချင်မိပါသည်။ ကျွန်တော်တို့၏ အဘိုးလေး ဖြစ်ပါသည်။ အဘွားမိထွေး၏ မောင်အရင်း ဖြစ်ပါသည်။ ကျွန်တော်မှာ ခြောက်တန်း ခုနစ်တန်း။ အဘိုးလေးက ပထမ မေမြို့(ပြင်ဦးလွင်)မှာ ဖြစ်သည်။ ရန်ကုန်မြို့သို့ ကျွန်တော်တို့ မိသားစုက အရင်ရောက်သည်။ အဘိုးလေးလည်း ရန်ကုန်ရောက်ပြီး တစ်လလျှင် တစ်ခေါက်နှစ်ခေါက် ဆိုသလို သူ့အစ်မထံသို့ အလည်လာပါသည်။ အဘွားက မြေးများကိုချစ်၍ ကျွန်တော်တို့နှင့်သာ အတူလိုက်နေသည်။ အဘိုးလေးက လာလျှင် စစ်ဂျစ်ကားကလေးနှင့် ဖြစ်သည်။ တစ်ရက်တွင် အဘွားနှင့် အဘိုးလေးတို့ အိမ်သို့ ညအိပ်သွားလည်ပြီး မနက်အစောကြီးတွင် အဘိုးလေးက ဗိုလ်ရှုသဘင်သို့ တက်ရောက်ရန် တံဆိပ်တွေ ပြည့်နေအောင် တပ်ထားသော ယူနီဖောင်း ဝတ်ဆင်နေပုံကို မှတ်မိနေပါသည်။ အဘိုးလေးက ဒုတိယဗိုလ်မှူးကြီးဟု သိရှိခဲ့ရသည်။ထို့နောက် ကာလအတန်ကြာ အဘိုးလေးသည် သူ့အစ်မဆီ အလည်ရောက်မလာဘဲ ရှိသည်။ အဘွားက သူ့မောင်မလာတာ ကြာပြီဟု မျှော်ရှာသည်။ နောက်တော့ အဘိုးလေး မိသားစု ဇာတိပြည်နယ်ရှိ မြို့သို့ ပြန်သွားကြကြောင်း ကြားရသည်။ မြို့ပြန်ပြီး ကိစ္စရှိ၍ ရန်ကုန်သို့ တစ်ခေါက်လာရတော့မှ မောင်နှမနှစ်ယောက် ဆုံတွေ့သည်။ “နင် ပင်စင်ယူလိုက်တာ ငါတောင် မသိရပါလား မောင်.... ရယ်” ဟု သူ့မောင်တပ်မှ ပင်စင်ယူကြောင်း နောင်မှသိရ၍ အစ်မဖြစ်သူက အပြစ်တင်သလို ပြောလိုက်သည်။ ထိုအခါ ကျွန်တော်တို့ အဘိုးလေးက ပြန်ပြောခဲ့သည်မှာ-“မမ မသိဘူးနော်။ အထွေးက ဖဲသိပ်ရိုက်တယ် မမရယ်။ ဒါကြောင့် ကျွန်တော် ပင်စင်ယူလိုက်တာ” ပါတဲ့။ကျွန်တော်တို့ အဘိုးလေးသည် ဇနီးဖြစ်သူက ဗိုလ်ကတော်များ အသိုင်းအဝိုင်းတွင် ဖဲကစားလွန်းသဖြင့် ရိုးဖြောင့်သော စစ်သားက ကျင့်ဝတ်အထိပါးမခံနိုင် ဖြစ်သည် ထင်ပါရဲ့။ တပ်ကို ပင်စင်တင်ခဲ့လိုက်သည်။ လိပ်ပြာလုံအောင် အဘိုးလေး ပြုမူခဲ့တာ ဖြစ်ပါမည်။ အစ်မဖြစ်သူကိုပင် နောက်မှ အသိပေးခဲ့သည်။ယခု ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဟု ဆိုကြသူများတွင် မိသားစုအိမ်ထဲ၌ “သူ ဘာလုပ်တယ်၊ ငါ ဘာလုပ်တယ်၊ ငါ ဘာလဲ၊ သူ ဘာလဲ” ဟူ၍ ဖြစ်ပျက်ကြရာတွင်ပင် ပြောလာကြသူများ ရှိတတ်ကြသည်။ ကိုယ်က ကောင်းခဲ့တာ ကောင်းအောင်လုပ်နေတာဟူသော သဘောအဓိပ္ပာယ်ဖြင့် ဆိုကြခြင်းဖြစ်သည်။ ကိုယ့်သမိုင်းကိုယ်ဆိုတော့ စကားက မရင့်သီးသလို စကားကလည်း လှသလိုဖြင့် တကယ်ကမူ သူ့အကြောင်း ကိုယ့်အကြောင်း ပါပင်။ ‘သမိုင်း’ ဟု ဆိုလိုက်တော့ ကြီးကျယ်ခမ်းနားနေလေသည်။‘There is properly no history; only biography.’ဤစကားကို Ralph Waldo Emerson က သူ့အက်ဆေး History တွင် ပြောကြောင်း မှတ်သားရပါသည်။‘History is Philosophy from examples.’ ဤစကားကို Diomysius က ပြောဆိုခဲ့သလို Thomas Carlyle ပြောဆိုခဲ့သည့် စကားမှာ ‘History is the essence of innumerable biographies.’ ဟူ၍ ဖြစ်ပါသည်။ ဤစကားများနှင့် ဆရာပါရဂူ ဖွင့်ဆိုခဲ့သည့်အတိုင်း အတ္ထုပ္ပတ္တိ ဆိုသည်မှာ စာပေအရာမြောက်လေရာ ယခုထွက်ရှိ၍ အငြိမ်းစား ကျောင်းဆရာမကြီးပင် ဖတ်ချင်စိတ် ကုန်သည်ဆိုသော အတ္ထုပ္ပတ္တိဟူသည် ဆွမ်းဆန်ထဲ ကြွက်ချေးနှယ် ဖြစ်တော့မည် ထင်ပါသည်။လူတွေအကြောင်းနှင့် အတ္ထုပ္ပတ္တိကို စိတ်ဝင်စားသော ကျွန်တော်တို့သည် သမိုင်းကို တန်ဖိုးထားရမှာ ဖြစ်သလို နိုင်ငံရေးကိုလည်း စိတ်ဝင်စားကြရမည်။ History is past politics, and politics is present history. ဟု E.A Freeman ၏ စကားကို နှလုံးသွင်း ဆင်ခြင်ကြည့်ဖို့ အလွန်ကောင်းပါသည်။“သင်ဟာ သမိုင်းကြောင်း ကောင်းဖို့... တစ်ခုခု လုပ်ခဲ့သလား....”“လူတွေ စဉ်းစားကြ...စဉ်းစားကြ.... လောကအတွက်....”မင်းသားကြီး အကယ်ဒမီကျော်ဟိန်း ရဟန်းဘောင်သို့ မတက်ရောက်မီ အသံမာမာဖြင့် သီဆိုခဲ့သော သီချင်းသံတစ်ပိုင်းတစ်စက ကျွန်တော့်နားထဲ ဝင်လာပြန်ပါသည်။

Most Read

Most Recent