‘စံ’ ကို မြန်မာအဘိဓာန်က (၁) ချမ်းသာစွာနေသည်၊ (၂) အကောင်းဆုံးနမူနာ၊ (၃) နှိုင်းယှဉ်ရန် အခြေခံပြုထားအပ်သောအရာ၊ (၄) နှိုင်းယှဉ်အပ်သော အရာဟု ဖွင့်သည်။ စံဆိုတာ စံပြု၊ စံပြ၊ စံထားခြင်းပင်။ ထို့ကြောင့် ‘စံပြ’ ကိုကြည့်တော့ ‘စံအဖြစ် သတ်မှတ်ခံရသောသူ၊ အရာ’ ဟု ဖွင့်သည်။ စံနှင့်တွဲပြီးတော့ စံချိန်၊ စံကျောင်း၊ စံစား၊ စံညွှန်း၊ စံတော်ချိန်၊ စံတင်၊ စံနှုန်း၊ စံထိုး စသဖြင့် သုံးနှုန်းကြသည်။ဤနေရာမှာ ‘စံ’ ဆိုတာကတော့ စံပြကို ဆိုလိုသည်။ တကယ် စံပြ၊ မပြတော့မသိ၊ မိမိတို့ သင်္ဃန်းကျွန်းမှာ စံပြရပ်ကွက် ရှိသည်၊ စံပြဈေး ရှိသည်၊ စံပြဆေးရုံ ရှိသည်။နယ်တော်တော် များများမှာလည်း စံပြကျေးရွာ ဆိုတာတွေ ရှိသည်။ စံပြဆိုတာ အားကျဖို့၊ အတုယူဖို့၊ နမူနာယူ ဆောင်ရွက်ဖို့၊ စံနမူနာထား ကျင့်သုံးဖို့ စသည့် အဓိပ္ပာယ်တွေ ပါဝင်ပါသည်။သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဘုရားမှာ စိန်ဟု ဆိုသည်။ သင်္ကန်းမှာဆိုလျှင် ကထိန်သင်္ကန်းလှူရတာ အမြတ်ဆုံး၊ ကျောင်းမှာဆိုလျှင် သိမ်ကျောင်းလှူရတာ အမြတ်ဆုံး၊ ဘုရားနှင့် စပ်သောအလှူမှာ စိန်ဖူးလှူရတာ အမြတ်ဆုံးဖြစ်သတဲ့။ ဤကား အထွတ်အမြတ် စံထားသည့်သဘောဖြစ်သည်။‘စံ’ ဆိုတာ ကောင်းသည့်ဘက်မှာ ရှိသလို မကောင်းသည့်ဘက်မှာလည်း ရှိသည်။‘ဓားကိုဖျက် ဝါးမြက်’၊ ‘လူကိုဖျက် အရက်’၊ ‘ရှင်ကိုဖျက် ဓဇဂ်’ ဆိုတာ မကောင်းသည့်ဘက်မှာ စံထားခြင်းဖြစ်သည်။ ဓားကို ဖျက်ဆီးသည့်နေရာမှာ ဝါးမြက်က အဆိုးဆုံးစံ ဖြစ်သည်။ လူကို ဖျက်ဆီးရာမှာ အရက်က အဆိုးဆုံးစံဖြစ်သည်၊ ရှင်(ကိုရင်)ကို ဖျက်ဆီးရာမှာ ဓဇဂ္ဂသုတ်က အဆိုးဆုံးစံဖြစ်သည်။ ပရိတ်ကြီး ၁၁ သုတ်မှာ ဓဇဂ္ဂသုတ်က ကျက်ရတာ ခက်သည်၊ ထို့ကြောင့် အဲဒီသုတ်ရောက်လျှင် ကိုရင်ငယ်တွေ ထွက်ထွက်ပြေးကြသတဲ့။ကျမ်းကြီးပဋ္ဌာန်း၊ ကျမ်းငယ်ဆန်း၊ ကျမ်းလတ်ဓာတုကထာ။ ဒါက အခက်ဆုံးကို စံပြုခြင်း ဖြစ်သည်။ အခက်ဆုံးကျမ်းတွေက ကျမ်းကြီးမှာဆိုလျှင် ပဋ္ဌာန်းကျမ်း၊ ကျမ်းငယ်မှာဆိုလျှင် ဆန်းကျမ်း၊ ကျမ်းလတ်မှာဆိုလျှင် ဓာတုကထာကျမ်းဖြစ်သတဲ့။ဒါက စာသင်သား သံဃာတွေ စာသင်ရာမှာ ခက်သည့်စံဖြစ်သည်။ရှေးတုန်းက ‘ဗုဒ်အစ၊ ဗုဒ်အဆုံး’ဟု ဆိုထုံးရှိခဲ့သည်၊ ကျမ်းပြုသည့်နေရာမှာ စံထားခြင်းဖြစ်သည်။ ဗုဒ်အစဆိုတာက အရှင်မဟာဗုဒ္ဓဃောသကို ဆိုလိုသည်၊ ဗုဒ်အဆုံးဆိုတာက ဆရာတော်ဦးဗုဒ်ကို ဆိုလိုသည်။ သို့သော် နောက်တော့ လယ်တီဆရာတော် ပေါ်လာသည်၊ အမရပူရ မဟာဂန္ဓာရုံဆရာတော် ပေါ်လာသည်။လယ်တီဆရာတော်လည်း လယ်တီဒီပနီကျမ်းများစွာကို ပြုခဲ့သည်။ မဟာဂန္ဓာရုံ ဆရာတော်လည်း ဘာသာဋီကာကျမ်းများစွာကို ပြုခဲ့သည်။သာသနာတော်မှာတော့ မန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းတိပိဋက ဆရာတော် စသော ဆရာတော်ဘုရားကြီးတို့သည် တကယ်စံပြုလောက်သော သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတွေ ဖြစ်ကြသည်။‘အာဇာနည်’ ဆိုတာ အာဇာနီယ၊ အာဇာနေယျဆိုသည့် ပါဠိက လာသည်။ အာကို ‘ဘုသော’ ဟု ဖွင့်သည်။ ‘ပြင်းထန်ခြင်း’ ဟု အဓိပ္ပာယ် ထွက်သည်။ ဇာနီယက ‘သိခြင်း’ အနက်ထွက်သည်။ ပြင်းပြင်းထန်ထန် သိသူသည် အာဇာနည်ဖြစ်သည်။ သာမန် အပေါ်ယံ သိခြင်းမျှမဟုတ်၊ အတွင်းသို့ ထွင်းဖောက်၍ နက်နက်နဲနဲ စူးစူးရှရှသိခြင်း ဖြစ်သည်။ အဖြောင့်ပြောလျှင်တော့ အသိဉာဏ်ကြီးမားသူ၊ အမြော်အမြင်ကြီးမားသူ၊ ကြီးကျယ်မြင့်မြတ်သော အလုပ်တွေကို ကိုယ်ကျိုးစွန့်လုပ်သူဟု ဆိုရမည်။ အာဇာနည်ဆိုတာ ‘အကြောင်း ဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ’ ဟု မြန်မာအဘိဓာန်က ဖွင့်သည်။ ‘ဟုတ် မဟုတ်၊ မှန် မမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်ပြတ်သားစွာ ခွဲခြားသိနိုင်စွမ်းရှိသော ပုဂ္ဂိုလ်သည်’ အာဇာနည်ဖြစ်သည်။ ထို့အပြင် သာမန်ထက် လက်ရုံးရည် နှလုံးရည် သာလွန်ရမည်။ အများအတွက်ဆိုလျှင် အသက်ကိုပင် စွန့်ရဲသူ စွန့်ဝံ့သူဖြစ်ရမည်။ဂုဏ်လာဘ်ပကာသန ပိုင်ဆိုင်မှု ကိုယ်ကျိုးတစ်ခုခုကို ကြည့်နေသမျှ ဘယ်တော့မှ အာဇာနည် မဖြစ်နိုင်ချေ။ သာသနာတော်ဘက်မှာ မန်လည်၊ လယ်တီ၊ မဟာဂန္ဓာရုံ၊ မဟာစည်၊ မင်းကွန်း စသော ဆရာတော်ကြီးတွေသည် စံအဖြစ် ကျန်ရစ်ခဲ့သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးတွေ ဖြစ်ကြသည်။ အရပ်ဘက်မှာကြည့်လျှင် တကယ့် စံအဖြစ် ကျန်ရစ်ခဲ့သူကတော့ ‘ဗိုလ်ချုပ်အောင်ဆန်း’ ပင်ဖြစ်သည်။ ‘ငါတို့ဗမာပြည်ဝယ် ...မိဘတိုင်း...ကရယ်...၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း ...မွေးကြရမယ်...’ ဆိုတာ စံထားခြင်း၊ စံပြုခြင်း မဟုတ်လား။ ဗိုလ်အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့် နေရာမှာတော့ တကယ့် စံထားလောက်သော စံပြပုဂ္ဂိုလ်ဖြစ်သည်။ မျိုးချစ်စိတ်ဆိုတာ ဗိုလ်အောင်ဆန်း၏ ရင်ထဲက စိတ်မျိုးကိုမှ ခေါ်နိုင်သည်။ ထိုစိတ်ကြောင့်ပဲ ယခုထက်တိုင် သိမီနားလည်သူတို့၏ ရင်ထဲမှာ ဗိုလ်အောင်ဆန်း နေရာယူထားနိုင်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ဟု ဆိုလိုက်လျှင် မြန်မာပြည်သူတို့၏ မျက်စိထဲတွင် ဗိုလ်အောင်ဆန်းပုံသာ ပေါ်လာလေ့ရှိသည်။ မြန်မာပြည်သူတို့၏ နှလုံးသားထဲတွင် ဗိုလ်ချုပ်ဟူသည် ဗိုလ်အောင်ဆန်း တစ်ယောက်သာ ရှိသည်။မနှစ်က ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်တွေကို လျှောက်မွှေတော့ ‘ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်၊ အပြုအမူနှင့် သြဝါဒများ’ ဆိုသော စာအုပ်တစ်အုပ် ရခဲ့သည်၊ ကျပ်ငါးထောင် ပေးရသည်။ စာအုပ်စင်ပေါ် တင်ထားရုံနှင့်တင် တန်ပါသည်ဟု ဆိုင်ရှင်ကို ပြောခဲ့သည်။ ထိုစာအုပ်သည် ပြဋ္ဌာန်းစာအုပ်ဖြစ်သည်၊ ပြဋ္ဌာန်းစာအုပ် ဆိုကတည်းက ဗိုလ်ချုပ်အောင်ဆန်းကို စံထားကြောင်း ထင်ရှားသည်။ ယခု ထိုစာအုပ်ထဲက ကောက်နုတ်ချက်တချို့ကို တင်ပြလိုသည်။ဗိုလ်ချုပ်အောင်ဆန်းသည် လူတစ်ဖက်သားအား လိမ်ပြောရမည်၊ ညာပြောရမည်ကို အထူးစက်ဆုပ်၏၊ သူကိုယ်တိုင်ကလည်း ဘယ်တော့မှ မဟုတ်သည်ကို မပြော၊ သူများက မဟုတ်တာပြောလျှင်လည်း လုံးဝမကြိုက်ပေ။ ထို့ကြောင့်လည်း လူထုက ဗိုလ်ချုပ်အောင်ဆန်း၏ စကားလုံးတိုင်းကို ခြွင်းချက်မရှိ ယုံကြည်ထောက်ခံခဲ့ကြခြင်း ဖြစ်ပေသည်။ (စာ-၉)အောင်ဆန်းကလေး သုံးနှစ်ကျော် လေးနှစ်သားအရွယ်က အဖြစ်အပျက်ကလေးများမှာ အံ့သြချီးမွမ်းဖွယ်လည်း ကောင်း၏၊ မှတ်သားဖို့လည်း ထိုက်၏။ တစ်နေ့တွင် အောင်ဆန်းကလေးသည် လူကြီးများကဲ့သို့ ရှုတည်တည်နှင့် မိဘများ၏ ဘေးနားတွင် ကစားနေ၏။ သူ၏ဖခင်က စာရင်းအင်းများ ရေးမှတ်နေဆဲ ကြွေးဆပ်လာသူများ ရောက်လာ၍ ဧည့်ခံစကား ပြောနေလေသည်။ သူ့မိခင်က ကျွေးပေးရန် ရှိသူများအား ချေးယူထားသောငွေများ အမြန်ပေးဆပ်မှ ကောင်းမည်ဖြစ်ကြောင်း၊ ၎င်းတို့ချေးယူထားသည်မှာ ကြာပြီဖြစ်၍ ယခုတစ်ပတ်မှ မပေးဆပ်လျှင် မိတ်ပျက်သွားစရာရှိကြောင်း စသည်ဖြင့် ပြောကြားနေစဉ် ပိတ်ဖြူအင်္ကျီကလေးနှင့် ဘာမျှမပြောဘဲ ငြိမ်သက်နေသော အောင်ဆန်းကလေးက သူ့မိခင်၏ ပြောဆိုနေသော အပိုစကားများကို နားကြားပြင်းကပ်လာကာ “အစ်မရာ... သူ့ရှိမှ ပေးနိုင်မှာပေါ့ဗျာ” ဟု တစ်ခွန်းချင်း ပီပီသသ ကြားက ဝင်ပြောလိုက်သဖြင့် လူကြီးများက အံ့သြသွားခဲ့ရဖူး၏။တစ်နေ့တွင်လည်း တောမှ စပါးဝယ်သူများ ရောက်လာ၍ သူ၏ မိခင်က “ကဲ...မင်းတို့လိုချင်ရင်လည်း ယူသွားကြပေါ့၊ ငါဝယ်ထားတုန်းကတော့ ၆၀ ဝယ်ထားတာပဲ၊ မင်းတို့ လိုချင်ရင် ၆၅ ဈေးထားပေါ့” ဟု ပြောဆိုနေခိုက် အိမ်လှေကားနားတွင် ကစားနေသော အောင်ဆန်းကလေးက မျက်စောင်းထိုး၍ “အစ်မ ...ခင်ဗျား မဟုတ်တာတွေ ပြောရော့မယ်၊ ဒီစပါး ၅၀ ဈေးနဲ့ ဝယ်ယူထားတာဗျ ကျုပ်သိတယ်၊ ဟုတ်တာပြောမှ ဥစ္စာပေါတယ်၊ လိမ်ပြောတာ မကောင်းဘူး” ဟု ဝင်ရောက်ပြောလိုက်သဖြင့် အနီးရှိသူများမှာ အံ့သြ ရယ်မောရပေသည်။ (စာ-၁၀)တိုးတက်မှုဟူသည် ပြောင်းလဲမှုရှိမှသာ ပေါက်ဖွားလာနိုင်၏၊ အပြောင်းအလဲမရှိသော နေရာ၊ တစ်နည်းအားဖြင့် သမားရိုးကျ အတိုင်းသာ ရှိသော နေရာတွင် တိုးတက်မှုကို တွေ့ရမည် မဟုတ်ပေ၊ ပညာဆိုသည်မှာ လူ၏ဉာဏ်ကို တိုးပွာရန်သာ မဟုတ်၊ လူ၏ စိတ်နေစိတ်ထား၊ အယူအဆ၊ အတွေးအခေါ်များကို တိုးတက်မှုဘက်သို့ ရှေးရှုကာ ပြောင်းလဲပေးသော အရာဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဆို၏၊ (စာ-၁၄)မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ၊ လှေနံဓားထစ် ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာနှင့် အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း။ (စာ-၁၆-၁၇)ဗိုလ်ချုပ်အောင်ဆန်းသည် ကတိတစ်ခုကို အလွယ်တကူနှင့် ပေးခဲ၏၊ သူသည် ကတိပေးပြီးလျှင်လည်း အသက်ပင် သေချင်သေပါစေ ထိုကတိကိုတော့ ဖျက်မည် မဟုတ်ပေ။ မိမိ၏ ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဘက်များ အပေါ်တွင်လည်း အထူးသစ္စာကြီးခဲ့သူ ဖြစ်ပေသည်။ (စာ-၇၈-၇၉)တိုင်းပြည်လူထုကို ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ အရည်အချင်းနဲ့ ပတ်သက်ပြီး ချွတ်ယွင်းချက်ရှိမယ်။ သို့သော်လည်းပဲ တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ လူထဲမှာ ကျွန်တော် ယှဉ်ပြိုင်ရဲပါတယ်။ တိုင်းပြည်ချစ်တယ်ဆိုတဲ့ နေရာမှာ ကျွန်တော့်ထက်ပိုပြီး ချစ်တယ်ဆိုတာကို ကျွန်တော်လုံး၀ လက်မခံနိူင်ဘူး။ (စာ-၁၆၃)(၁၇-၄-၄၇)စံဆိုတာ ကောင်းတာလည်းရှိ၊ ဆိုးတာလည်းရှိသည်။ ခေတ်သစ်သောနုတ္ထိုရ်၊ ခေတ်သစ်အဇာတသတ် ဆိုတာတွေသည် မကောင်းသောစံ ဖြစ်သည်။ မကောင်းသည့်ဘက်မှာ စံမဖြစ်သင့်၊ ကောင်းသည့်ဘက်မှာသာ စံဖြစ်ရမည်။ သာသနာဘက်ကဆိုလျှင် ရှေ့မှာဆိုခဲ့သော မန်လည်၊ လယ်တီ စသော ဆရာတော်ဘုရားတို့သည် စံဖြစ်သည်၊ လူပုဂ္ဂိုလ်ဘက်က ကြည့်မယ်ဆိုလျှင်တော့ ကိုအောင်ဆန်းသည် ယခုအချိန်အထိ မြန်မာပြည်သူ အထူးသဖြင့် မြန်မာလူငယ်တို့၏ စံဖြစ်သည်။ စံအဖြစ်ကျန် ရစ်ခဲ့သူရယ်...။စံစားချင်သူသည် စံပြမဖြစ်နိုင်။စွန့်လွှတ်စွန့်စားသူသာ စံပြဖြစ်နိုင်သည်။










