သိပ်မကြာသေးမီက စာပေဆွေးနွေးပွဲ တစ်ခုကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတော့ တက်ရောက်နားထောင်သူတွေက ထပြီး မေးခွန်းတွေ မေးကြပါတယ်။ အဲဒီမှာ ပရိသတ်ထဲက အမျိုးသမီးတစ်ဦးက “ကျွန်မက နိုင်ငံရေးဆောင်းပါးတွေ ရေးနေသူပါ။ ဒါပေမဲ့ ဆရာကြီးတို့လို နိုင်ငံရေး အပြင်းစားတွေ မရေးနိုင်သေးပါဘူး၊ နိုင်ငံရေး အပျော့စားပဲ ရေးနိုင်ပါသေးတယ်ရှင်” လို့ ထပြောပါတယ်။အဆိုပါ အမျိုးသမီး စာရေးဆရာမ ပြောလိုက်တဲ့ နိုင်ငံရေး အပျော့စားဆိုတဲ့ စကားလုံးကို ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ သူမအနေနဲ့ နိုင်ငံရေးရာကို ဆရာကြီးတို့လို ထိထိမိမိ ချက်ကျလက်ကျ ပီပီပြင်ပြင် သေသေချာချာ ဝေဖန်သုံးသပ်နိုင်စွမ်း မရှိသေးသော်လည်း သူမ သိသလောက်၊ လေ့လာမိသလောက်၊ ဉာဏ်မီသမျှလေးနဲ့ ရေးသားနေပါတယ်လို့ ဆိုလိုချင်ပုံ ရပါတယ်။ နိုင်ငံရေးကို ကျွမ်းကျင်သည့် ပညာရှင်တစ်ယောက်လို ဝေဖန်သုံးသပ်နိုင်စွမ်း မရှိသေးသော်လည်း နိုင်ငံရေးကို စိတ်ဝင်စားတဲ့ အရပ်သားတစ်ယောက်လို မိမိခံစားမိ တွေးမိသမျှလေးနဲ့ သုံးသပ်နေမိပါတယ်လို့ ပြောချင်ပုံရပါတယ်။ဒါကြောင့်လည်း သူမက ‘အပြင်းစား’ လို့ မသုံးဘဲ ‘အပျော့စား’ လို့ သုံးနှုန်းခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဘယ်နေရာမှာမဆို အပြင်းနဲ့ အပျော့ဆိုတာ ရှိပါတယ်။ အပျော့က အပြင်းလောက် မထိရောက်ဘူးဆိုပြီး လျှော့တွက်လို့တော့ မရပါဘူး။ အပျော့မှာလည်း သူ့အရည်အချင်းနဲ့သူ ရှိပါတယ်။ ကမ္ဘာ့နိုင်ငံရေး စာအုပ်တွေထဲမှာပင် Soft Power ဆိုပြီး ပါဝါအပျော့အကြောင်း ရေးထားတဲ့ စာအုပ်ပင် ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် အပျော့ဆိုပြီး အထင်သေးလို့တော့ မရပါဘူး။လူ့ကိစ္စတွေကို ဖြေရှင်းတဲ့အခါ နေရာတိုင်းလိုလိုမှာ အခါခပ်သိမ်း မာနေလို့ မရပါဘူး။ ပျော့ပျောင်းညင်သာစွာ ကိုင်တွယ်ရတဲ့ အခါမျိုးလည်း ရှိပါတယ်။ အမာဝင်လို့ မရတဲ့ နေရာမျိုးမှာ အပျော့ကို အစားထိုးရပါတယ်။ နာဂစ်ဖြစ်တဲ့အခါ ကျွန်တော်တို့ ပတ်ဝန်းကျင်က သစ်ပင်တော်တော်များများ ပြိုလဲသွားကြပါတယ်။ မပြိုမလဲဘဲ နဂိုအတိုင်း ကျန်ရစ်ခဲ့တဲ့ အပင်တွေလည်း ရှိပါတယ်။ အမြစ်ကနေ ကျွတ်ကာ ပြိုလဲသွားတဲ့ အပင်အများစုဟာ ပင်စည်တုတ်တုတ်ခိုင်ခိုင်နဲ့ မာမာတောင့်တောင့် အပင်တွေ ဖြစ်နေပါတယ်။ အကောင်းပကတိ ကျန်ရစ်ခဲ့တဲ့ အပင်တွေကတော့ ပင်စည်နွဲ့နွဲ့နှောင်းနှောင်းနဲ့ လေနဲ့အတူ အလိုက်သင့် ယိမ်းနွဲ့လိုက်ပါနိုင်တဲ့ အပင်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မာပါတယ်ဆိုတဲ့ အပင်တွေဟာ ပြင်းထန်တဲ့ လေမုန်တိုင်းရဲ့ ရိုက်ချိုးခြင်းကို ခံလိုက်ရပါတယ်။ ပျော့ပျောင်းတဲ့ အပင်တွေကတော့ လေမုန်တိုင်းနဲ့အတူ အလိုက်သင့် ယိမ်းနွဲ့ပါနေလို့ ဘယ်လိုမှ ရိုက်ချိုးလို့ မရဘူး ဖြစ်နေပါတယ်။ ဒါဟာ အပျော့စားရဲ့ အရည်အချင်းဖြစ်သလို တန်ဖိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အပျော့စားပဲဆိုပြီး ကျွန်တော်တို့ အထင်သေးလို့ မရပါဘူး။ထို့အတူပါပဲ။ အပျော့စားနိုင်ငံရေးကိုလည်း အထင်သေးလို့ မရပါဘူး။ ငါတို့က အပြင်းစားနိုင်ငံရေး မလုပ်နိုင်သေးဘူးဆိုပြီး စိတ်အားလည်း မငယ်စေချင်ပါဘူး။ တကယ်တော့ အပျော့စားနိုင်ငံရေးကို တစ်နည်းအားဖြင့် အရပ်သားအမြင် နိုင်ငံရေးလို့လည်း ပြောလို့ရပါတယ်။ နိုင်ငံရေးကို ပညာရပ်တစ်ခုလို စနစ်တကျ မလေ့လာထားတဲ့ သာမန်အရပ်သားတွေရဲ့ နိုင်ငံရေးလို့ ပြောလို့ရမယ် ထင်ပါတယ်။ ပညာရှင် မဟုတ်တဲ့အတွက် အရပ်သားတွေရဲ့ အမြင်က တိမ်ပါလိမ့်မယ်။ အားနည်းပါလိမ့်မယ်။ ချို့ယွင်းချက်တွေလည်း ရှိပါလိမ့်မယ်။ သို့သော် လုံးဝထိရောက်မှု မရှိဘူးလို့ ပြောလို့မရပါဘူး။ ဆင်မှာလည်း ဆင်အထွာရှိသလို ပုရွက်ဆိတ်မှာလည်း ပုရွက်ဆိတ်အထွာ ရှိပါတယ်။ သာမန်အရပ်သားတွေဟာ နိုင်ငံရေးမှာ ပရော်ဖက်ရှင်နယ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် နိစ္စဓူ၀ ရုန်းကန်နေရလို့ပါပဲ။ အဲဒီလို ရုန်းကန်နေရတဲ့ ကြားထဲကမှ မိမိရဲ့ နိုင်ငံအရေးကို လေ့လာနေရလို့ပါပဲ။ တကယ်တမ်းပြောရရင် သူတို့အတွက် ပထမဆုံး လိုအပ်တာက စိတ်ဝင်စားမှုပါပဲ။ မိမိနိုင်ငံကို စိတ်ဝင်စားမှ လေ့လာချင်စိတ်၊ သိချင်စိတ် ပြင်းထန်ပါလိမ့်မယ်။ အဲဒီလို ပြင်းထန်လာခြင်းသည်ပင်လျှင် အပျော့စားနိုင်ငံရေးရဲ့ ပထမခြေလှမ်းကို စလှမ်းလိုက်ခြင်းပါပဲ။လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ထိုကဲ့သို့သော အပျော့စား နိုင်ငံရေးသမားတွေ ခပ်များများ လိုအပ်နေပါတယ်။ အထူးသဖြင့် ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေကလွဲရင် ကျန်နိုင်ငံသား အားလုံးလိုလို အပျော့စားနိုင်ငံရေး သမားတွေတော့ ဖြစ်စေချင်ပါတယ်။ မိမိတို့နိုင်ငံကို မိမိတို့ကိုယ်တိုင် စိတ်ဝင်စားမှ နိုင်ငံတိုးတက်ရေးကို လုပ်ဆောင်နိုင်မှာ မို့လ့ိုပါပဲ။ ရိုးရိုးလေးပြောရရင် ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်ရင် တိုင်းသူပြည်သားအားလုံး နိုင်ငံ့အရေးကို စိတ်ဝင်စားဖို့ လိုပါလိမ့်မယ်။ ကိုယ်နဲ့ မဆိုင်သလို မနေစေချင်ပါဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ့်နိုင်ငံကို လက်လွတ်စပယ် ပစ်ထားလို့ မဖြစ်ပါဘူး။ ကိုယ်ဟာ မွေးလာကတည်းက ဒီနိုင်ငံမှာပဲ နေလာခဲ့တာမို့လို့ ကိုယ့်နိုင်ငံရဲ့ အကောင်းအဆိုးအတွက် ကိုယ့်မှာလည်း တာဝန်ရှိပါတယ်။ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရတာလို့ ပြောတတ်ကြပါတယ်။ ကောင်းမွန်တဲ့ အစိုးရတက်လည်း ကိုယ့်ထမင်း ကိုယ်ရှာစားရမှာ သေချာပါတယ်။ ဘယ်အစိုးရမှ ကိုယ့်ပါးစပ်ထဲလာပြီး ထမင်းခွံ့မကျွေးပါဘူး။ သို့သော် ရှာပုံရှာနည်းနဲ့ စားရပုံ စားရနည်းတော့ ကွာပါလိမ့်မယ်။ သက်သောင့်သက်သာ ရှာဖွေရတာနဲ့ ခက်ခဲပင်ပန်းလှစွာ ရှာဖွေရတာဟာ အစိုးရကောင်းနဲ့ စနစ်ကောင်းပေါ်မှာ မူတည်ပါတယ်။ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူးလို့ မတွေးစေချင်ပါ။ သင့်လက်ထဲက မဲတစ်ပြားဟာ သင့်တိုင်းပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားမှာပါ။လက်ရှိအချိန်မှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ကပ်ထားပါတယ်။ မဲစာရင်းမှာ ကိုယ့်နာမည် ပါမပါ သွားကြည့်ပါ။ မပါရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။ တတ်နိုင်ရင် မဲစာရင်း မကြည့်ရသေးသူတွေကို သွားကြည့်ခိုင်းပါ။ မကြည့်တတ်ရင် ကူညီပေးပါ။ ချို့ယွင်းချက်၊ လွဲမှားချက်တွေတွေ့ရင် ပူးပေါင်းဖြေရှင်းပေးကြပါ။ ဒါဟာ ကိုယ့်နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ကိစ္စဆိုတာကို သဘောပေါက်အောင်လည်း ရှင်းပြပေးကြပါ။ ဒီလိုမျိုး မဲပေးနိုင်ခွင့်ဆိုတာ အမြဲတမ်းရနေတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ အချို့လူတွေ သေသာသွားရော ဒီလို အခွင့်အရေးမျိုး မရခဲ့ကြပါဘူး။ မိမိလက်ထဲ ရောက်လာတဲ့ အခွင့်အရေးကို မလွှတ်ချလိုက်ပါနဲ့။ ၂၈-၆-၂၀၁၅ ရက်နေ့ထုတ် Daily Eleven သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပါပဲ။ “စည်းရုံးရေးကာလ မတိုင်မီ မဲစာရင်းနဲ့ ပတ်သက်တာတွေ သိရမယ်။ နောက်သုံးလအတွင်း ပြီးဖို့အတွက် လူငယ်တွေလည်း ဝိုင်းပြီးတော့ ကူညီပေးကြပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာအတွက်ပဲလေ။ နောက်ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ နိုင်ငံသူ နိုင်ငံသားတွေအတွက် အရေးကြီးတယ်ဆိုတာ အားလုံး သဘောပေါက်ဖို့ လိုတယ်။ ဒါတွေကို ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မနေပါနဲ့။ ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ ဒါတွေက ဆိုင်နေမှာပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်လိုချင်တဲ့ အစိုးရမျိုး ရဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်။ အမေ ခဏခဏ သတိပေးတယ်။ မဲပေးတာနဲ့ ပတ်သက်ပြီးတော့ ငါမပေးလည်း ရပါတယ် ဆိုတာမျိုးပေါ့။ လူတိုင်းကသာ အဲလိုစိတ် ထားမယ်ဆိုရင် မဲထည့်မယ့်သူ ရှိမှာတောင် မဟုတ်ဘူး။ အဲဒီတော့ သူများပေးတာ မပေးတာ ကိုယ်နဲ့ မဆိုင်ဘူး။ ကိုယ်ကိုယ်တိုင် မဲပေးရမယ်ဆိုတဲ့ စိတ်ဓာတ်ပဲ လိုပါတယ်” တဲ့။အဲဒီတော့ သာမန်အရပ်သားတွေ အနေနဲ့ အပျော့စားနိုင်ငံရေးလောက်တော့ လုပ်သင့်ကြပါတယ်။ ဒါဟာ အပြင်းစားနိုင်ငံရေး လုပ်နေတဲ့ လူတွေရဲ့ တာဝန်ပဲလို့လည်း သဘောထားလို့ မဖြစ်ပါဘူး။ တိုင်းပြည်အကျိုးကို စေတနာမှန်မှန်နဲ့ လုပ်ပေးနေတဲ့ အပြင်းစားနိုင်ငံရေးသမားတွေကို ကျွန်တော်တို့လို သာမန်အပျော့စား နိုင်ငံရေးသမားတွေက ဝန်းရံပေးထားဖို့ လိုပါတယ်ဆိုတဲ့အကြောင်း နောက်ဆုံးအနေနဲ့ ပြောကြားလိုက်ပါရစေ။










