အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည့် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နေပြည်တော်၌ ရက်ပိုင်းအတွင်း ကျင်းပ၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိမရှိ ဆုံးဖြတ်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၏ ပြောကြားချက်အရ သိရသည်။ရွေးကောက်ပွဲရက် သတ်မှတ်ပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုမပြုကို တရားဝင် ထုတ်ပြန်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောကြားထားပြီး အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ရွေးကောက်ပွဲကျင်းပမည့်ရက် သတ်မှတ်လိုက်ပြီဖြစ်ရာ NLD အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိမရှိ ဆုံးဖြတ်မည့် အခြေအနေနှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က “အဲဒီအကြောင်းကို ကျွန်တော်တို့ အနီးဆုံး CEC အစည်းအဝေးမှာ တင်ပြလိုက်မှာပါခင်ဗျ။ အစည်းအဝေးကို အမြန်ဆုံးကျင်းပနိုင်အောင်လို့တော့ ပြောမှာပါဗျ။ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ CEC တော်တော်များများနဲ့ တွေ့ဖို့က ရှိပါတယ်။ ကျွန်တော်တို့ အစည်းအဝေးက နေပြည်တော်မှာ လုပ်မှာပါ။ နေပြည်တော်မှာက ကျွန်တော်တို့ CEC ကိုးယောက်တောင် ရှိတာ။ ဒေါ်အောင်ဆန်းစုကြည် ပါမှာပါ” ဟု ဇူလိုင် ၈ ရက် ညနေပိုင်းတွင် ပြောကြားသည်။ဆက်လက်၍ ဦးထွန်းထွန်းဟိန်က “ရွေးကောက်ပွဲရက် ကြေညာပြီဆိုတော့ ကျွန်တော်တို့က ဝင်မလား၊ မဝင်မလား ကြေညာဖို့ပဲ ရှိတော့တာပေါ့။ အဲဒါပဲ ပြောရမှာပါ။ တခြား ပြောစရာ မရှိပါဘူူး။ ရွေးကောက်ပွဲဝင်ဖို့ အတွက်က ပြင်ဆင်မှုတွေ ရှိထားပါတယ်။ စည်းရုံးရေးတို့၊ အောင်နိုင်ရေးတို့ လုပ်ထားတာတော့ ရှိတာပေါ့။ ကိုယ်စားလှယ်ရွေးချယ်မှုနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဝင်မယ်လို့ ဆုံးဖြတ်မှသာ ကိုယ်စားလှယ် ရွေးချယ်တာ လုပ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။NLD ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် မိမိ၏ ပိုင်ဆိုင်မှုကို ပြည်သူထံ ပွင့်လင်းစွာပြောပြနိုင်ပြီး အချိန်မရွေး စစ်ဆေးခံနိုင်သူများ ဖြစ်ရမည်ဆိုသည့် စည်းကမ်း သတ်မှတ်ထားဟု ဇွန် ၂၀ ရက်က ရန်ကုန်မြို့၌ ကျင်းပသော NLD ၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ယင်းသို့ စည်းကမ်းသတ်မှတ်ရခြင်းမှာ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိအကျိုး၊ မိမိ၏ မိသားစု အသိုင်းအဝိုင်း အကျိုး လုပ်ဆောင်ရန် မဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် လုပ်ဖို့ဆိုသည်ကို နားလည်စေချင်၍ ဖြစ်သည်ဟု ၎င်းကဆိုသည်။ထို့ပြင် နိုင်ငံ၏ မတည်ငြိမ်မှုကို အကြောင်းပြကာ ရွေးကောက်ပွဲ လမ်းလွဲခြင်းမျိုး မဖြစ်စေရန် ပြည်သူများနှင့် NLD ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ်သည် နိုင်ငံ၏ အနာဂတ်အတွက် များစွာအရေးကြီးသည့်နှစ် ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်တုန်းက ပြည်သူများအနေဖြင့် မိမိနိုင်ငံ၏ ကံကြမ္မာကို ဖန်တီးပိုင်ခွင့် ရခဲ့သော်လည်း ယင်းအခွင့်အရေးသည် အဟောသိကံဖြစ်ခဲ့ပြီး နောင် ယင်းသို့မဖြစ်ရန် အားလုံးဝိုင်းဝန်းပြီး ညီညွတ်စွာ လုပ်ဆောင်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို NLD ပါတီက ဖေဖော်ဝါရီ ၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။ရွေးကောက်ပွဲရက် ကြေညာပြီးမှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်မည်ဟု ကရင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ ကွန်ဂရက်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီများ အပါအဝင် ပါတီအချို့မှ တာဝန်ရှိသူများကလည်း ထုတ်ဖော်ပြောကြားထားသည်။