အဖြေ . . .

အဖြေ . . .
Published 29 June 2015
ချစ်ဝင်းမောင်

ခုနစ်ထပ်ရှိ ကျွန်တော်ထိုင်နေသော ရုံးခန်းပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လိုက်လျှင် သစ်လွင်သော အထပ် ၂၀ ကျော်မြင့် ကွန်ဒိုအဆောက်အအုံ သစ်ကြီးနှင့် ဆောက်လက်စ မိုးမျှော်ကွန်ဒို အဆောက်အအုံသစ်များကို မြင်ရသည်။ ရှည်လျားသော အဝါရောင် ကရိန်းလက်တံကြီးများနှင့် ဆောက်လက်စထပ်မြင့် အဆောက်အအုံကြီး၏ ငြမ်းစင်များ မြေပြင်ပေါ်တွင် လှုပ်ရှားနေသော မြေသယ်ယာဉ်များ၊ အလုပ်သမားများကို ခပ်ဝါးဝါးမြင်ရသည်။ အဆောက်အအုံသစ်ကြီး တစ်လုံးကတော့ ပြီးစီးသွားပြီဖြစ်၍ ငြမ်းအားလုံး ဖြုတ်သိမ်းပြီးဖြစ်ကာ အချောသပ်နေသည်။ ဤအဆောက်အအုံသည် မကြာမီ ရန်ကုန်မြို့၏ Land Mark အသစ်တစ်ခုအဖြစ် ဝန်ဆောင်မှုများ ပေးပါတော့မည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန် ရုံးခန်းပေါ်သို့ ကျွန်တော်ရောက်လာခါစက ပြတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် ကျယ်ပြန့်သော မြေကွက်လပ်ကြီး တစ်ခုသာဖြစ်ခဲ့သော ဤနေရာသည် ယခုတော့ ထပ်မြင့်အဆောက်အအုံ သစ်များဖြင့် ပြည့်ကျပ်သွားခဲ့ပြီ။ နှစ်နှစ်ကျော် သုံးနှစ်တာကာလအတွင်း မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က မြေကွက်လပ်ကျယ်ကြီး၏ ဟိုးအဝေး နောက်ခံမှာ သစ်ပင်စိမ်း အုပ်အုပ်များနှင့် အင်းလျားကန် ရေပြင်ကိုမြင်ရသည်။ အင်းလျားကန်၏ အနောက်ဘက်မှ အဆောက်အအုံသစ်များကို လှမ်းမြင်နေရသည်။ ယခုမမြင်ရတော့ပါ။ တစ်ခါက စက်မှု (၁) ဝန်ကြီးရုံးဖြစ်ခဲ့သော ဤမြေကွက်လပ်သည် ယခုအခါ ဗီယက်နမ်ကုမ္ပဏီ “ဟောင်အန်းဂေလိုင်း” အဓိကပါဝင်သည့် ကုမ္ပဏီကြီး တစ်ခု၏ စီမံခန့်ခွဲမှုအောက်မှ ဟိုတယ်နှင့် ဝန်ဆောင်မှုပေးမည့် အဆောက်အအုံသစ်များ ဖြစ်လာခဲ့ကြပြီ။
သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၏ နောက်ဆုံးလက်ကျန် နှစ်များအတွင်း ရန်ကုန်မြို့အနှံ့ အဆောက်အအုံသစ်တွေ တိုးချဲ့ဆောက်လုပ်နေတာ မြင်ရသည်။ ဗီယက်နမ်ကုမ္ပဏီ “ဟောင်အန်းဂေလိုင်း” က ဆောက်လုပ်နေသည့် ဤအဆောက်အအုံကြီးများ၏ မလှမ်းမကမ်းမှာပင် (ဧရာမ အဆောက်အအုံသစ်တွေ ဆောက်နေတာ မြင်ရသည်။ ယခင်က သိသာပေါ်လွင်စွာ မြင်တွေ့နေရသော “ဆီဒိုးနား” ဟိုတယ်ကြီးမှာ ဟောင်အန်းဂေလိုင်း အဆောက်အအုံသစ်ကြောင့် ဝပ်ကျသွားပြီး မြင်ကွင်းထဲက ပျောက်သွားသည်။ ယခုဆီဒိုးနားဟိုတယ် နောက်မှာလည်း ဟောင်အန်းဂေလိုင်းနှင့်အပြိုင် အထပ် ၂၀ ကျော်ပါ တိုးချဲ့ဟိုတယ်သစ်ကြီး ဆောက်နေသည်။ မလှမ်းမကမ်း အနောက်ရန်ကင်းထဲမှာလည်း ဆောက်လက်စ ကွန်ဒိုသစ်ကြီးများ၏ ကရိန်းကြီးများကို မြင်နေရသည်။ အနောက်ရန်ကင်း ဈေးအနီးက ကွင်းကျယ်ကွက်လပ် ကြီးသည်လည်း ကွန်ဒိုအဆောက်အအုံသစ်တစ်ခု ဖြစ်လာတော့မည်။ ၁၉၉၀ ပြည့်နှစ်များက ကျွန်တော်နေထိုင်ရာ အနောက်ရန်ကင်းတိုက်ပေါ်မှ လှမ်းကြည့်လျှင် မြက်ရိုင်းကွင်းကြီးဖြစ်ပြီး မြောက်ဘက်မှာ ဘုန်းကြီးကျောင်းနှင့်စေတီငယ်၊ အရှေ့ဘက်မှာ ဂျိုးဖြူပိုက်လုံးကြီး ရှိခဲ့သည့်နေရာ။ ယခုတော့ နက်ရှိုင်းသော ဖောင်ဒေးရှင်းများ တူးနေသည့် ယန္တရားကြီးများ၊ မြေသယ်ယာဉ်များနှင့် ရှုပ်ရှုပ်ထွေးထွေးဖြစ်နေပြီ။ ရန်ကင်းမြို့နယ် ထဲမှာပဲ ရန်ကင်းလမ်းပေါ် (ယခင်မှတ်တမ်းရုံးနေရာ) မှာလည်း ထပ်မြင့်ကွန်ဒိုကြီးတစ်ခု ဆောက်လုပ်နေသည်မှာ မကြာမီပြီးတော့မည်။ ကျောက်ကုန်းလမ်းဆုံမှာတော့ “မိုးကောင်းကွန်ဒို” ဆိုပြီး တည်ဆောက်နေသည့် အဆောက်အအုံ သစ်ကြီးကလည်း တဖြည်းဖြည်းမြင့်လာပြီ။
မကြာမီကာလအတွင်း ရန်ကုန်မြို့၏ Land Mark တွေ တစ်ခုပြီး တစ်ခု အသစ်ပေါ်လာတော့မည်။ နောင် ၁၀ နှစ်ကျော်ကြာလျှင် ရန်ကုန်မြိ့ကို ကျွန်တော်တို့မှတ်မိဖို့ အတော်ကြိုးစားရတော့မည်။ ဆူးလေ လမ်းမကြီးပေါ်မှာ လေဟာပြင်ဈေး ကွက်လပ်ပေါ်မှာ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ သိမ်ဖြူယာဉ်မောင်းသင်ကွင်းမှာ တာမွေရာပြည့်ဈေးကွင်းမှာ အဆောက်အအုံသစ်ကြီးတွေ ဆောက်နေကြသည်။ အလှုပ်ခတ်ဆုံးဖြစ်သွားသော အဆောက်အအုံ ပရောဂျက်ကြီးတစ်ခုကတော့ ရွှေတိဂုံစေတီတော်အနီး ကမ္ဘာအေးဘုရားလမ်းပေါ်မှ တည်ဆောက်ရေး ပရောဂျက်ဖြစ်သည်။ ယခင်တုန်းကတော့ ဤနေရာသည် အုတ်တံတိုင်းမြင့် ကာရံထားပြီး မည်သူမျှ ဝင်ထွက်သွားလာခွင့် မရှိသော စစ်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ စစ်ရုံးကြီးဟု ကျွန်တော်တို့ ခေါ်ဝေါ်သည့် ရွှေတိဂုံစေတီတောင်ဘက် ကျယ်ဝန်းသော မြေဧရိယာကြီးမှာ ယခုတော့ (ကျွန်တော်တို့ မသိသည့်) ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ။ မည်သို့မည်ပုံ ရောက်ရှိပြီး မည်သို့ မည်ပုံ လွှဲပြောင်းခဲ့သည်ကိုတော့ မသိရပါ။
ရွှေတိဂုံဝန်းကျင်သည် ရန်ကုန်မြို့၏ အသာယာအလှပဆုံးရပ်ဝန်း တစ်ခုဖြစ်သည်ကို မည်သူမျှမငြင်းနိုင်ပါ။ ဤစေတီတော်တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်၏ အနီးဝန်းကျင်မှာ လျှိုမြောင်ကုန်းတန်းရေကန်၊ သစ်တောများဖြင့် လွန်စွာလှပခဲ့သည်။ တောတောင်ရေမြေ သာယာလွန်းပြီး သားရဲတိရစ္ဆာန်များ ခိုအောင်းကျက်စားရာ ရေမြေဖြစ်ခဲ့သဖြင့် အင်္ဂလိပ်လက်ထက်တုန်းက ရွှေတိဂုံစေတီပေါ် “ကျား” တက်သည့် သတင်းကိုပင် စာအုပ်တွေထဲမှာ ဖတ်ဖူးသည်။ အရှေ့ဘက်မှာ ကန်တော်ကြီးရေပြင် အနောက်ဘက်မှာ ပြည်သူ့ရင်ပြင်နှင့် ယခင်လွှတ်တော် အဆောက်အအုံဟောင်း၊ တောင်ဘက်မှာ သစ်ပင်သစ်တောများ၊ ကုန်းပြင်၊ လျှိုမြောင်များရှိသည့် ယခင်စစ်ရုံးဟောင်းဧရိယာ။ ဒီနေရာမှာ ယခုတော့ မြို့ပြလူနေ အဆောက်အအုံသစ်တွေ ဆောက်လုပ်ဖို့ ဝင်းခတ်ထားပြီ။ ခေတ်မီအဆောက်အအုံသစ် တစ်ခု၏ ဇိမ်ခံခေတ်သစ် အပြင်အဆင်များ ဒီဇိုင်းများကို နံရံတစ်လျှောက်မှာ ဂရပ်ဖစ်များဖြင့် ဈေးကွက်မြှင့်ထားသည်။ ကုမ္ပဏီဘက်က အချို့သော မြင်ကွင်းကောင်း အခန်းကျယ်များကိုပင် ကြိုပွိုင့်ရောင်းထားပြီဟု သိရသည်။
မိမိအကျိုးစီးပွား တစ်ခုကိုသာ ကြည့်ပြီး မိမိဝန်းကျင်၊ မိမိ၏ သဘာဝရေမြေ၊ သမိုင်းအမွေအနှစ် ထိခိုက်နစ်နာနိုင်မှုများကို ထည့်တွက်စဉ်းစားခြင်း မရှိသည့် စီးပွားရေးသမားတစ်စုနှင့် အာဏာပိုင်တချို့၏ လုပ်ရပ်များကို ယခုတော့ ရဟန်းရှင်လူပြည်သူ လူထုက အုံနှင့်ကျင်းနှင့် အရေးဆို ကန့်ကွက်မှုများ ရှိလာခဲ့ပေပြီ။
ရန်ကုန်မြို့ထဲ သွားလာဖြစ်သည့် အခါများတွင် စိတ်မချမ်းသာဖွယ်ရာ တည်ဆောက်မှုများ၊ မြင်ကွင်းများကို မမြင်ချင်အဆုံး မြင်နေရသည်။ ကန့်ကွက်မှုများ ရှိနေသည့်ကြားက ရန်ကုန်မြို့၏ အထင်ကရ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို စီးပွားရေးလုပ်ငန်းရှင်တွေက ကိုယ်ကျိုးအတွက် ဆက်လက်တိုးချဲ့ မွမ်းမံနေတာ တွေ့ရသည်။ ပန်းဆိုးတန်းလမ်းမပေါ်က ကိုလိုနီခေတ်လက်ရာ ဗဟိုတရားရုံး အဆောက်အအုံ ကမ်းနားလမ်းပေါ်က စုပေါင်းရုံးကြီး သိမ်ဖြူလမ်းပေါ်က ဝန်ကြီးများရုံး အဆောက်အအုံတို့ လုပ်ငန်းရှင်တို့လက်ထဲ ကျရောက်သွားခဲ့ပြီ။ အားကစားကွင်းများ၊ ပန်းခြံများ မြေလွတ် ဧရိယာများမှာ အဆောက်အဦးသစ်တွေ အပြိုင်းအရိုင်း ဆောက်လုပ်နေကြသည်။ မည်သူမျှ မတားနိုင်ကြ။
သိမ်ဖြူယာဉ်မောင်းသင်ကွင်း မြေကွက်လပ်မှာ ယခုကွန်ဒိုသစ်ကြီး မဆောက်မီကတည်းက ပြည်သူတွေက မဆောက်လုပ်ဖို့ ကန့်ကွက်ခဲ့သည်။ အရာမထင်။ တာမွေရာပြည့်ကွင်းမှာ ယခုလို မြေကျင်းကြီးတွေတူးပြီး ကွန်ဒိုဆောက်ဖို့ မစတင်မီကတည်းက ပြည်သူတွေ ဆန္ဒပြတားမြစ်ခဲ့သည်။ မရ။ အများပြည်သူ အပန်းဖြေအနားယူရာ မြကျွန်းသာပန်းခြံထဲမှာ အဆောက်အအုံသစ်တွေ အပြိုင်းအရိုင်း ဆောက်လုပ်နေသည်။ တိုင်းဒေသကြီး လွှတ်တော်ထဲမှာ အမျိုးသမီးအမတ် ဒေါက်တာဒေါ်ညိုညိုသင်းက ကန့်ကွက်အဆိုတင် သော်လည်း မအောင်မြင်။
ဒီလို တရားလက်လွတ် ကိစ္စတွေကို မည်သူတွေက ကျူးလွန်လုပ်ဆောင် နေကြသလဲ။ ဒီနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတော့ပြီလား။ ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့သစ် စီမံကိန်းတစ်ခု အဆိုတင်လာရာ ကန့်ကွက်မှုများ ရှိလာပြီး ရပ်ဆိုင်းခဲ့သည်။ ဟော မကြာမီက တိုင်းဒေသကြီး လွှတ်တော်မှာ ပြန်စဖို့ အတည်ပြုလိုက်ပြန်ပြီ။
ယခုရက်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း တင်ထားသော Facebook စာသားအချို့ကို ဖတ်ရှုခဲ့မိသည်။ လီရှန်လွန်းက “ကျွန်တော်တို့ဟာ သန့်ရှင်းပြီး ခြစားမှုကင်းစင်တဲ့ စနစ်တစ်ခုကို စင်ကာပူမှာ ရာစုနှစ် တစ်ဝက်ကျော် ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ ကျွန်တော်တို့ဟာ ခြစားမှုနဲ့ ပတ်သက်လာရင် လုံးဝသည်းမခံဘူး။ တစ်စုံတစ်ယောက် အမှားလုပ်တာကို တွေ့ရှိတာနဲ့ ချက်ချင်းကျွန်တော်တို့ အရေးယူတယ်။ ဘယ်လိုဖုံးကွယ် ထားမှုမျိုးကိုမှ ကျွန်တော်တို့ ခွင့်မပြုဘူး” ဟုဖြစ်သည်။ စင်ကာပူကဘာကြောင့် အာဆီယံမှာ ရှေ့ဆုံးရောက်နေပြီး ကျွန်တော်တို့က ဘာကြောင့် အောက်ဆုံး နောက်ဆုံးမှာ ရှိနေသလဲဆိုသည့် အဖြေပဲ ဖြစ်သည်။