ရေငတ်သေတော့မယ့် ချောင်းကလေး

ရေငတ်သေတော့မယ့် ချောင်းကလေး
Published 28 June 2015
မင်းချစ်နိုင်

လမ်းသမိုင်ချောင်းကလေးဟာ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် လမ်းသမိုင်ရွာကြီးကျေးရွာနဲ့ လမ်းသမိုင်ရွာလေး ကျေးရွာတွေရဲ့ အလယ်တည့်တည့်ကနေ ဖြန်သန်းစီးဆင်းနေပြီး ဖျာပုံခရိုင်နဲ့ ဘိုကလေးခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်၊ ကျေးရွာတွေဆီကို အချိန်၊ ငွေတွေ အကုန်အကျ သက်သာစွာ သွားလာနိုင်တဲ့ ဖြတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းက ချောင်းကလေးဟာ ပေ ၃၀၀ ကျော် ကျယ်ဝန်းပြီး ၁၅ ပေကျော် နက်ပါတယ်။ လမ်းသမိုင်ချောင်းကလေးဟာ လမ်းသမိုင်ရွာကြီး၊ ရွာလေးကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ပြည်သူ ၅၀၀၀ ကျော်အတွက် သောက်သုံးရေ၊ စိုက်ပျိုးရေတွေ ပေးတဲ့အပြင် စီးပွားရေးလုပ်ငန်း၊ ကူးသန်းသွားလာရေး လုပ်ငန်းတွေအတွက်လည်း မရှိမဖြစ် ချောင်းကလေး ဖြစ်ပါတယ်။လမ်းသမိုင်ရွာကြီးနဲ့ ရွာလေးကျေးရွာ အုပ်စုအတွင်း နေထိုင်ကြတဲ့ သူတွေဟာ အနီးပတ်ဝန်းကျင်မြို့နယ်၊ ကျေးရွာတွေဆီကို သွားရင်လည်း လှေနဲ့ သဘောၤတွေကို အသုံးပြုပြီး သွားလာကြရတာပါ။ ဖျာပုံခရိုင်နဲ့ ဘိုကလေးခရိုင် နှစ်ခုမှာရှိတဲ့ မြို့ရွာတွေဆီ သင်္ဘောနဲ့ အပြင်လမ်းကသွားရင် ဒီဇယ်သုံးပုံးကုန်ပြီး လမ်းသမိုင်ချောင်းကလေးက ဖြတ်သွားရင် ဒီဇယ်နှစ်ဂါလန်လောက်ပဲ ကုန်ပါတယ်။ ဒါကြောင့်လည်း လမ်းသမိုင်ချောင်း ရေပြင်ပေါ်မှာ ဧရာဝတီသင်္ဘောကြီးတွေ၊ အညာဆန်သင်္ဘောကြီးတွေ၊ သစ်ဖောင်၊ ဝါးဖောင်တွေ၊ စပါး၊ ဓနိ၊ ဝါး၊ ထင်းတင်တဲ့ သင်္ဘောတွေ၊ ခရီးသည်တင်သင်္ဘောတွေ၊ ပဲ့ထောင်တွေ၊ လှေ၊ သမ္ဗာန်တွေနဲ့ နေ့စဉ် စည်ကားနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ရွာသူရွာသားတွေ အားလုံးဟာလည်း ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် လမ်းသမိုင်ချောင်းကလေးနဲ့ ကင်းလို့ မရခဲ့ပါဘူး။ကျွန်တော်တို့ ငယ်ငယ်က ရွာမူလတန်းကျောင်းအောင်တော့ အလယ်တန်းကို ရွာနဲ့အတန်ငယ်ဝေးပြီး ကရင်လူမျိုးတွေ အများစုနေတဲ့ မောင်းဒီးကျေးရွာမှာ သွားရောက်တက်ခဲ့ရပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက မူလတန်းအောင်တဲ့သူတွေ အားလုံး မောင်းဒီး အလယ်တန်းကျောင်းမှာ တက်ခဲ့ကြရတယ်။ ကျောင်းသွားတက်တဲ့ အခါမှာလည်း အလယ်တန်းတက်မယ့်ရွာက သူငယ်ချင်းတွေစုပြီး ကျွန်တော့်အိမ်က ၁၃ တောင်လှေကြီးကို လှေတက်ကိုယ်စီနဲ့ လမ်းသမိုင်ချောင်းကလေးအတိုင်း လှော်ခတ် ကျောင်းတက်ခဲ့ကြတာ။ လမ်းတစ်လျှောက်မှာ တခြားရွာက ကျောင်းသားလှေအဖွဲ့နဲ့တွေ့ရင် လှေလှော်ပြိုင်ကြတယ်။ လှေလှော်ပြိုင်တဲ့ အခါတိုင်းလည်း ကျွန်တော်တို့လှေက အမြဲနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့လှေဟာ အစုအဖွဲ့ကောင်းသလို လှေပေါ်မှာပါတဲ့သူတွေ အားလုံးက မခိုမကတ်ဘဲ ခွန်းအားအပြည့် လှော်ခတ်ကြလို့ပါပဲ။ ကျွန်တော်တို့ဟာ ပြိုင်စရာလှေမတွေ့ရင် သင်္ဘောတွေနဲ့တောင် လိုက်ပြိုင်ခဲ့တာ။ သပြေသီး သီးချိန်ဆိုရင်လည်း သပြေသီးလေးတွေဟာ လမ်းသမိုင်ချောင်းရေစီးအတိုင်း မျောပါလာတတ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ လှေလှော်ရင်း သပြေသီး လုကောက်ခဲ့ကြတာ တကယ့်ကို ပျော်စရာပါ။အရင်က ကျွန်တော်တို့ရွာမှာ ဘောလုံးကွင်းကြီး ရှိပါတယ်။ (အခုတော့ လူတစ်ဦးတစ်ယောက်က လက်ဝါးကြီးအုပ် အပိုင်သိမ်းထားပါတယ်။) ဒါကြောင့် ကျွန်တော်တို့ရွာဟာ ဘောလုံးအားကစားမှာ အထိုက်အလျောက် နာမည်လည်း ကြီးခဲ့ပါတယ်။ ကျွန်တော်တို့လည်း သူငယ်ချင်းတွေစုပြီး အဲဒီဘောလုံးကွင်းမှာ ဘောလုံးကန်ကြတယ်။ ဘောလုံးကန်ပြီးတဲ့အခါ ကျွန်တော်တို့တွေ လမ်းသမိုင်ချောင်းကလေးထဲမှာ ကျွမ်းထိုးကြ၊ ဒိုင်ဗင်ပစ်ကြ၊ ရေကူးပြိုင်ကြ၊ ပုစွန်ဆိတ်ကလေးတွေ လိုက်ဖမ်းပြီး အစိမ်းစားကြနဲ့ နာရီတော်တော်ကြာကြာ ကစားနေခဲ့ကြတယ်။ နောက်ဆုံး နှုတ်ခမ်းတွေပြာ၊ လက်တွေခြေတွေ ပဲကြီးတွန့်၊ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာမှပဲ အိမ်ပြန်ခဲ့ကြတယ်။ အဲဒီကာလတုန်းက လမ်းသမိုင်ချောင်းလေးမှာ ငါး၊ ပုစွန်တွေ အလွန် ပေါကြွယ်လွန်းပါတယ်။ အိမ်မှာ ဟင်းစားမရှိတဲ့အခါ လက်ဗလာနဲ့ ချောင်းထဲဆင်းသွားရင်တောင် ပြန်တက်လာရင် ပုစွန်တုပ်ကြီးတွေ၊ ပုစွန်ကြာရိုးတွေ စသဖြင့် မိသားစု ထမင်းတစ်နပ်အတွက် ဟင်းစားရလာတတ်ပါတယ်။ အဲဒီလို လမ်းသမိုင်ချောင်းကလေးဟာ လူပေါင်းများစွာရဲ့ ဘဝရပ်တည် နေထိုင်ရေးအတွက် သူ့မှာ ရှိသမျှ ခွန်အားတွေနဲ့ ဘက်ပေါင်းစုံကနေ ပေးဆပ်ခဲ့တာပါ။ အခုတော့...။ဝါးခယ်မနဲ့ ကျုံမငေးမြို့ကို တိုက်ရိုက် ကားလမ်းဖောက်ပါတယ်။ အဲဒီ ကားလမ်းက လမ်းသမိုင်ချောင်းထိပ်ကနေ ဖြတ်သန်းသွားရတဲ့အတွက် လမ်းသမိုင်ချောင်းကူးတံတားကို တည်ဆောက်ရပါတယ်။ အဲဒီတံတား တည်ဆောက်ပြီးနောက်ပိုင်း လမ်းသမိုင်ချောင်းကလေးကတော့ အရင်ကလို အားကောင်းမောင်းသန် ရေမစီးနိုင်တော့ပါဘူး။ နုန်းပို့ချမှုတွေ များတဲ့အတွက် ချောင်းကကျဉ်းပြီး တိမ်ကောလာပါတယ်။ ရေကြည်လင်တဲ့ကာလလည်း နည်းသွားပါတယ်။ သွားရေးလာရေးလည်း တော်တော်အဆင်မပြေ ဖြစ်လာခဲ့တယ်။ အခုဆိုရင် ချောင်းကလေးဟာ ရေတက်ချိန်မှာပဲ လှေ၊ သင်္ဘောတွေ သွားလာနိုင်ပြီး ရေကျချိန်ရောက်ရင် လှေငယ်လေးတွေတောင် သွားလို့ မရတော့ပါဘူး။ လမ်းသမိုင်ချောင်း ကောလာတဲ့အတွက် ယခင်က ဝါးခယ်မမြို့ကို ပြေးဆွဲပေးတဲ့ ခရီးသည်တင် ပဲ့ထောင်တွေလည်း အလုပ်မဖြစ်တော့။ ဝါး၊ ဓနိ၊ ထင်းလုပ်ငန်းတွေလည်း ပျောက်ကွယ်ကုန်ပါပြီ။ ဒါ့အပြင် ရေထုကလည်း ညစ်ညမ်းလာတဲ့အတွက် ချောင်းရေကိုပဲ သောက်နေရတဲ့ ရွာသူရွာသားတွေမှာ အသည်းရောဂါ ဖြစ်ပွားမှု များလာရပါတယ်။လမ်းသမိုင်ချောင်းရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လမ်းသမိုင်ရွာလေး ကျေးရွာကတော့ ကားလမ်းနဲ့ ကပ်လျက်ရှိနေတဲ့အတွက် သွားရေးလာရေး အစစအရာရာ အဆင်ပြေပေမယ့် လမ်းသမိုင်ရွာကြီးကတော့ လမ်းသမိုင်ချောင်း ရေတက်ချိန်ကို မှတ်သားပြီး သွားလာလှုပ်ရှား နေကြရပါတယ်။ ဒါကြောင့် နေမကောင်းတဲ့သူတွေ အရေးပေါ်ဆေးရုံတင်ဖို့ လိုအပ်လာတဲ့အခါ ချောင်းထဲမှာ ရေမရှိလို့ ဘယ်ကိုမှ သွားလို့မရဘဲ ရေတက်ချိန်စောင့်ရင်း အသက်ဆုံးရှုံးခဲ့ကြရတွေတောင် ရှိပါတယ်။ ကျွန်တော့် အစ်ကိုရဲ့ မိန်းမဆိုရင်လည်း မီးဖွားနေစဉ် မီးဖွားလို့မရ ဖြစ်နေချိန်မှာ လမ်းသမိုင်ချောင်းထဲ ရေနည်းနေတဲ့အတွက် လူနာကို ဝါးခယ်မမြို့ဆေးရုံဆီ အချိန်မီ မပို့နိုင်လို့ အသက်ဆုံးရှုံးရတာပါပဲ။ ကျွန်တော်တို့ ရွာတစ်ဖက်ကမ်း လမ်းသမိုင်ရွာလေး ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာန ရှိပေမယ့် အရေးပေါ် အခြေအနေတွေဆိုရင် ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံကိုပဲ သွားကြရပါတယ်။ ဝါးခယ်မနဲ့ ကျွန်တော်တို့ရွာက သင်္ဘောနဲ့ တစ်နာရီလောက်တော့ သွားရပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဘာပြဿနာမှ မရှိပေမယ့် အရေးပေါ်အခြေအနေမှာ လမ်းသမိုင်ချောင်း ရေကျချိန်နဲ့ တိုက်ဆိုင်နေခဲ့ရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်တတ်ပါတယ်။မြန်မာပြည်တစ်ပြည်လုံး ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဧရာဝတီမြစ်ကြီး အပါအဝင် မြစ်တွေ၊ ချောင်းတွေ၊ အင်းလေးကန်အပါအဝင် အင်းအိုင်တွေ၊ ရေကန်တွေဟာ ရေတွေလျော့နည်း ခန်းခြောက်နေသလို တချို့ဆိုရင် ကွယ်ပျောက်သွားတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ လမ်းသမိုင်ချောင်းလေးကလည်း လူတွေလုပ်တဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတွေ၊ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုတွေကြောင့် အလွန်အမင်း ခန်းခြောက်လာပြီး လာမယ့် နှစ်အနည်းငယ်အတွင်း ကွယ်ပျောက်သွားရပါတော့မယ်။ လမ်းသမိုင်ချောင်းကလေးသာ ကွယ်ပျောက်ခဲ့ရင် ကျွန်တော်တို့ရွာကြီးလည်း ကွယ်ပျောက်သွားမယ်လို့ ထင်ပါတယ်။ ဟိုးအရင်က ကျွန်တော်တို့ ငယ်ဘ၀ အိမ်မက်တွေ၊ ပျော်စရာတွေ၊ ကြည်နူးစရာတွေ တသွင်သွင် စီးဆင်းနေတဲ့ ချောင်းကလေး၊ လူ ၅၀၀၀ ကျော်ရဲ့ ဘဝရပ်တည်နိုင်ရေး အထောက်အပံ့ ပြုနေတဲ့ ချောင်းကလေး၊ နေ့စဉ်ကူးသန်းသွားလာကြတဲ့ လှေ၊ သင်္ဘောတွေနဲ့ စည်ကားနေတဲ့ ချောင်းကလေးဟာ အခုဆိုရင် တိမ်ကော ကျဉ်းမြောင်းပြီး ရေငတ်သေရမယ့်အချိန်ကို စောင့်မျှော်နေရပါတော့တယ်။