ဇွန် ၂၁ တနင်္ဂနွေ ရန်ကုန်ညနေခင်း

ဇွန် ၂၁ တနင်္ဂနွေ ရန်ကုန်ညနေခင်း
Published 24 June 2015
မောင်စံပေါ

(၁)
မိုးရွာပြီးစအချိန် မဟာရန်ကုန်မှာ။ မိုးရေနဲ့ဆေးလို့ လမ်းတွေပြောင်သွားပြီ ထင်လား။ ပြောင်ပါတယ်။ လမ်းနံဘေးမှာတော့ အမှိုက်တွေ စုလာတယ်။ ဘုရားလမ်းပေါ်မှာ အမှိုက်တွေ တွေ့ရတယ်။ သစ်ရွက်တွေ သစ်ကိုင်းခြောက်ငယ်တွေ၊ လူတွေ ပစ်ချထားတာတွေ။ သဘာဝအမှိုက်၊ လူလုပ်တဲ့အမှိုက်။ တနင်္ဂနွေ ညနေတောင်မှ ကားတွေက ကျပ်နေဆဲ၊ ရပ်နေမြဲ။ ဘာတတ်နိုင်မှာလဲလေ။ သည်းခံခြင်းနဲ့သာ တရားမှတ်မှတ်၊ ဂါထာရွတ်ရွတ်၊ ဖုန်းပွတ်ပွတ်၊ ကြိုက်တာလုပ်။ ဆန္ဒဖော်ထုတ်မယ် ဆိုရင်တော့ စဉ်းစား။ 
(၂)
နိဝရဏတွေ ဝိပ္ပလာသတွေ အားကောင်းနေတာ ဘာတရားရမှာလဲ။ သိဒ္ဓိပေါက်ဖို့ ဆိုတာကလည်း သမာဓိအား ကောင်းကောင်းနဲ့ စွဲစွဲမြဲမြဲ လုပ်ပါမှ။ ဖုန်းပွတ်တာက အချိန်ကုန်မှန်းမသိ ကုန်သွားပေမယ့် ပိုက်ဆံက သိသိသာသာ ကုန်တယ်။ ကားပြတင်းပေါက်ကနေ လျှောက်ကြည့်ပြီး ရောက်တတ်ရာရာတွေးတာ ကောင်းပါတယ်ဆိုတဲ့ စိတ်ကူးကို ချက်ချင်း အကောင်အထည် ဖော်တယ်။ 
(၃)
‘သည်မှာ သခင်၊ကြင်လို့ ကြည့်တယ်၊ကြည့်လို့ ကြိုက်တယ်၊ကိုယ့်ထိုက်ကိုယ့်ကံ ခံပါရစေ၊ညာမနေဘူး ချစ်မိပြီ’ တဲ့။နှစ်သက်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်က ဘာမဆိုင်ညာမဆိုင် ခေါင်းထဲဝင်လာတယ်။ (မောင်ပန်းမွှေးရေးတဲ့ ကဗျာ)။ ဘာမဆိုင်ညာမဆိုင်ကွာလို့ အောက်မေ့ရင်း ပြုံးမိတယ်။ ပြုံးခွင့်တော့ တောင်းစရာ မလိုလောက်ဘူး ထင်ပါရဲ့ တွေးရင်း ထပ်ပြုံးမိတယ်။ ပြုံးရင်းကြည့်မိတော့ သန့်ရှင်းရေး အလုပ်သမ သေးသေးလေးက တံမြက်စည်း သေးသေးလေးနဲ့ လမ်းနံဘေးမှာ အမှိုက်လှည်းတာ တွေ့တယ်။ ရွှမ်းရွှမ်းရွှမ်းရွှမ်းနဲ့ မြည်သံစွဲ အလင်္ကာတစ်ခု ရတယ်။ ပိန်လိုက်တာကွယ်၊ ထန်းပလပ်ပြားခြောက် ကျနေတာပဲ။ ဥပမာ အလင်္ကာတစ်ခု ရတယ်။ 
(၄)
အလင်္ကာတွေ ရေတွက်နေဆဲမှာ တံမြက်စည်းလှည်းသူက သူ့အလုပ်သူ ဝတ်ကျေဝတ်ကုန် လုပ်တယ်။ အမှိုက်တွေ ပုံတယ်။ တချို့က ရေမြောင်းကြီးရဲ့ ရေဝင်ပေါက် အဝတွေမှာ တချို့က လမ်းနံဘေးမှာ။ ရေဝင်ပေါက် အဝနားမှာ အမှိုက်တွေ မထားခဲ့နဲ့လေ၊ ရေမြောင်းထဲ ကျကုန်မယ်။ မလုပ်နဲ့။စိတ်ထဲက အော်လိုက်တဲ့အသံ ပါးစပ်က ထွက်မလာပေမယ့် ကိုယ်ဟန်က ပျက်သွားခဲ့တယ်။ လက်ဆန့်တန်းရင်း ပြတင်းဝကနေ ခေါင်းအပြူမှာ သတိရပြီး ဘရိတ်အုပ်လိုက်တယ်။ အမှန်က လွှတ်ပေးထားလိုက်ရမှာ။ တစ်ဘဝလုံး အုပ်ခဲ့ရတဲ့ ဘရိတ်တွေ အကြိမ်များတော့ ဘရိတ်ရှူးတွေလည်း ပါးလောက်ပြီ။မတ်တတ်ရပ်နေတဲ့ အန်ကယ်ကြီးက ထတော့မယ်အထင်နဲ့ နေရာဝင်ယူဖို့ ပြင်တယ်။ မဟုတ်မှန်းသိမှ စိတ်ထဲကနေ ဆဲတယ်။ သေနာလေး၊ ရူးပေါပေါနဲ့ ငါက ဆင်းတော့မယ် အောက်မေ့တာတဲ့။ အမြင်အကြားရလို့ မဟုတ်ပါဘူး။ ဒါတွေဟာ ဗေဒင်မတတ်လည်း ဟောလို့ရတယ်။ ပညာလိုချင်ရင် သင်ပေးမယ်။လူတွေဟာ နေရာနဲ့ ပတ်သက်ရင် တော်တော်ရူးကြတယ်။ ခဏတာ ထိုင်ရဖို့တောင်မှ အငမ်းမရနဲ့။ ကိုယ်က နေရာရပြီး ကောင်းကောင်းထိုင်နေရတော့ နေရာဝင်ယူချင်သူကို ရူးတယ်မြင်တယ်။ ရူးတယ်ထင်တယ်။ 
(၅)
နောက်အလုပ်သမ သေးသေးလေးတစ်ယောက်က ပလတ်စတစ်အိတ် သေးသေးလေးနဲ့ လေးလေးနှေးနှေး လမ်းနံဘေးမှာ အမှိုက်လေးတွေ ကျုံးတယ်။ ဝင်တာတချို့၊ စင်တာတချို့၊ ကျန်တာတချို့။ အလုပ်ကိုလည်း မလေးစားဘူး။ဒီတစ်ခါလည်း စိတ်ထဲက ပြောလိုက်တာပါပဲ။ နည်းနည်း ထိန်းမိပြီဆိုတော့ အသံမထွက်သလို ဟန်မပျက်ဘူး။ ဒီတော့ အတွက်မမှားလို့ အောင့်သက်သက်လည်း မဖြစ်တော့ဘူးပေါ့ အန်ကယ်ကြီးရေ။ 
(၆)
သန့်ရှင်းရေး ကလေးမလေးတွေ မိုးရေတွေ စိုရွှဲလို့။ သူတို့လည်း နေလုံမိုးလုံ လုပ်ချင်ကြရှာပေမပေါ့။ ဒီမှာ ပိုက်ဆံမပေးရတိုင်း လေတွေလွှတ်နေတဲ့ ဆရာကြီး၊ ‘ပေါ့’ ‘ပေါ့’ ဆိုပြီး ပေါ့ပေါ့ကလေး ပြောမနေနဲ့။ ကျွန်မတို့ရတဲ့ လုပ်ခလေး ဘာလေးများ မေးပါဦးလား။ရွှမ်းရွှမ်းဆိုတဲ့ တံမြက်စည်းလှည်းသံနဲ့ ပါလာတဲ့ အသံစူးစူးက အတွေးတွေကို တံမြက်စည်း လှည်းသွားခဲ့တယ်။ငြိမ်သွားပြီ မဟုတ်လား ဆရာကြီး။ ကျွန်မတို့ ဘယ်လိုနေထိုင် စားသောက်နေကြရတယ်ဆိုတာ မစဉ်းစားမိဘူး မဟုတ်လား။ နာဖျား မကျန်းဖြစ်ရင်ကော ဘယ်မှာလဲ ကျန်းမာရေးစောင့်ရှောက်မှု။ လူဆိုတာ ကိုယ်ကျိုးစီးပွား ဦးစားပေးကြ၊ ရှေ့တန်းတင်ကြတာလေ။ အခွင့်အရေးတောင်းစရာ ရှိရင်တောင် ကိုယ့်အတွက်ကို အရင်တောင်းကြတာလေ။ ကိုယ်လိုတာ ရပြီးရင် သူများကိစ္စ သတိမရတဲ့သူတွေက ခပ်များများရယ်။ 
(၇)
ခက်ကပြီ။ ဒီသူငယ်မတွေနဲ့ ကြာရင် အကျိုးနည်းရချည်ရဲ့။ အာရုံကိုလွှဲမှ။ တခြားလျှောက်ကြည့်တယ်။ တွေ့တယ်။ စည်းကမ်းမဲ့ လမ်းသွားလမ်းလာတချို့၊ ကွမ်တံတွေးထွေးတာ တစ်ချို့၊ အမှိုက်ချသူ တချို့၊ ကားတွေပေါ်က ကျလာတဲ့ အမှိုက်တချို့။အများသုံး အိမ်သာရှေ့မှာ စူပါကပ်စတန်ကားတစ်စီး ညာကပ်ပြီး ရပ်တယ်။ ကားတံခါးကို နောက်ဘက်လျှောတိုက် ဖွင့်အပြီးမှာ ကားထဲက ခြေထောက်လေးတစ်ဖက်က ကားပေါ်မှာ စုဆောင်းလာသမျှ အမှိုက်တွေကို လမ်းပေါ်ကန်ချတယ်။ ရေသန့်ဘူးခွံတွေ၊ အချိုရည်ဘူးခွံတွေ၊ ဘီယာဘူးခွံတွေ၊ မုန့်ထုပ်အခွံတွေ၊ သုံးပြီးသား တစ်ရှူးစက္ကူတွေ လမ်းပေါ်မှာ ဖွေးဖွေးလှုပ်သွားတယ်။ကားပေါ်က ဆင်းလာပြီး အိမ်သာကို အပြေးတစ်ပိုင်း ဝင်သွားတာက ကောင်မလေး ငါးယောက်။ ဆယ့်ရှစ် နှစ်ဆယ်လောက် ရှိမပေါ့။ ဘောင်းဘီတို တီရှပ်နဲ့ စမတ်ကျကျ လှလှပပ။ မိတ်ကပ်တွေက ပါးတွေပေါ်မှာ။ 
(၈)
“ကန်တော့နော် အစ်ကိုကြီး”အသံကြားလို့ မော့အကြည့်မှာ လက်တစ်ဖက်ရှေ့က ဖြတ်သွားတယ်။ ကွမ်းတံတွေး ပြည့်နေတဲ့ ကြွပ်ကြွပ်အိတ်တစ်လုံး ခွမ်းခနဲ နိုင်လွန်ကတ္တရာ လမ်းမျက်နှာပြင်ကို ပြေးနမ်းတယ်။ အမဲနဲ့ အနီ။မိုးက မဲရိပ်ဆင်လာပြန်တယ်။ ခက်ပြီ။ ဘယ်အချိန် အိမ်ပြန်ရောက်မှာလဲ။ ရေတွေ ကြီးလာရင် ဒုက္ခ။ မြောင်းပိတ်ဖို့ဆိုတာ တစ်နေရာမှာ အမှိုက်ဆို့ရင် လုံလောက်တယ်။ 
(၉)
အမှိုက်သိမ်း ကားတစ်စီးက လမ်းပေါ်က အမှိုက်အမှုန်အမွှားတွေကို လေနဲ့ စုပ်သွားတယ်။ နောက်ကနေ အမှိုက်လှည်းကားက ကားဝမ်းအောက်က လည်ပတ်တံမြက်စည်းနဲ့ လှည်းတယ်။လူတချို့က လမ်းနံဘေးဓာတ်တိုင်တွေကို ရေသန့်ဘူး သေးသေးက ရေနဲ့လောင်းပြီး သွားပွတ်တံနဲ့ ပွတ်တိုက်လို့ သန့်ရှင်းရေး လုပ်နေကြတယ်။ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်တဲ့ လူတွေ၊ ကွမ်းတံတွေး ထွေးသူတွေ ဒဏ်ငွေဆောင်အပြီးမှာ မလုပ်မနေရ လုပ်အားပေးကြရတာတဲ့။သတင်းစာ ကြည့်လိုက်တယ်။ ယာဉ်စည်းကမ်း ဖောက်ဖျက်ပြီး အများသူငါ အသက်အန္တရာယ်ဖြစ်အောင် လမ်းပြောင်းပြန်မောင်းတဲ့ ယာဉ်မောင်းကို ထောင်ဒဏ်သုံးနှစ် ချလိုက်သတဲ့။ 
(၁၀)
ဘတ်စ်ကားတစ်စီးက ဝူးခနဲ လမ်းပြောင်းပြန် မောင်းအသွားမှာ စိတ်ဟာ ကိုယ်နဲ့ ပြန်ပြီး ပေါင်းစည်းမိသွားတယ်။ ဆောင်းအိပ်မက်တော့ ကြားဖူးတယ်။ မိုးအိပ်မက်ဆိုတာ ရှိလေသလား။နံပါတ်လှလှနဲ့ လင်ခရူဆာ အဖြူတစ်စီးကပါ ဝေါခနဲ နောက်ကလိုက်သွားတယ်။ တက္ကစီနှစ်စီးနဲ့ ဘတ်စ်ကားတစ်စီးပါ အပျက်ဓာတ်ကူးသွားချိန်မှာ သူတို့ အင်အားရှိလာတယ်။မိုးတွေက မည်းသထက် မှောင်လာတယ်။ မီးပွိုင့်မှာ ကားတွေက ရပ်နေဆဲ။