ရာသီဥတုပြောင်းလဲမှုနှင့် အကျိုးဆက်များ

ရာသီဥတုပြောင်းလဲမှုနှင့် အကျိုးဆက်များ
Published 22 June 2015
သစ်ထွဋ်

ကမ္ဘာ့နိုင်ငံတွေမှာ ရာသီဥတု ပြောင်းလဲလာမှုကြောင့် ထိခိုက်ဆုံး ရှုံးမှုများရှိနေသလို မြန်မာနိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် လူမှုဘဝစီးပွားအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကြောင့် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း အပါအဝင် ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ နိုင်ငံအများအပြားမှာ ဖြစ်ပေါ်နေသလို မြန်မာနိုင်ငံမှာလည်း လွန်ခဲ့သော ၁၀ နှစ်ကျော်ကစပြီး နှစ်စဉ်လိုလို ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်အချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ယခုနှစ်မှာလည်း မြန်မာနိုင်ငံမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကို ကြုံတွေ့နေရတာကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို စတင်ကြုံ တွေ့နေပြီဖြစ်ပါတယ်။ ဒါဟာပညာ ရှင်တွေခန့်မှန်းထားခဲ့တဲ့ ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အယ်လ်နီညို ဖြစ်စဉ် ကြုံတွေ့ရမယ်ဆိုတဲ့ ခန့်မှန်း ချက်အတိုင်း ဖြစ်လာခဲ့တာ ဖြစ်တယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနရဲ့ တာဝန်ရှိသူများ ကလည်း မြန်မာနိုင်ငံဟာအယ်လ်နီ ညို ရာသီဥတုဖြစ်စဉ်ကြောင့် ပုံမှန် မဟုတ်တဲ့ ရာသီဥတုပြောင်းလဲမှုများကို စတင်ကြုံတွေ့နေရပြီး အထူး သဖြင့် မိုးရွာသွန်းမှုတွေဟာ ပုံမှန်ဖြစ်နေကျပုံစံများနဲ့မတူတဲ့ ရွာသွန်းမှုပုံစံများ ဖြစ်ပေါ်နေတယ်လို့ သတင်းမီဒီယာတွေကို ဆိုထားခဲ့ပါတယ်။
မိုးခေါ်ပွဲ
လက်ရှိဇွန်လအတွင်းမှာ မုတ်သုံလေ အားနည်းနေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့မှာ ရက်အနည်းငယ်မိုးရွာသွန်းမှု ရပ်တန့်နေခဲ့တဲ့ဖြစ်စဉ်များ ရှိခဲ့သလို မုတ်သုံလေ ပုံမှန်မရှိခြင်းများ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်များဟာ အယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများ ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားမှုများလည်း ရှိခဲ့ပါတယ်။ အချို့ဒေသများမှာလည်း မိုးဦးမှာ မိုးရွာသွန်းမှု နောက်ကျပြီး အပူရှိန်မြင့်တက်နေခဲ့တာကြောင့် လွန်ဆွဲပွဲများ အပါအဝင် ရိုးရာဓလေ့ မိုးခေါ်ပွဲတွေကို ကျင်းပခဲ့ရာ လွိုင်ကော်မြို့နယ်မှာဆိုရင် ရိုးရာဓလေ့ မိုးခေါ်တဲ့ မီးကျည်လွှတ်ပွဲတွေကို ဇွန်ဒုတိယပတ်အတွင်း ကျင်းပခဲ့ကြပါတယ်။ မှတ်တမ်းများအရ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်း၊ ၂၀၁၁ ခုနှစ်တွင် မကွေးလျှပ်တစ်ပြက်ရေ ကြီးမှု၊ ၂၀၁၄ခုနှစ်တွင် ရေကြီးမှုများကဲ့သို့ သဘာဝဘေးအန္တရာယ်များရဲ့ လက်သည်ဟာ ရာသီဥတုပြောင်းလဲလာမှုက အဓိကနေရာက ပါဝင်နေပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ရာသီဥတုဖြစ်စဉ်များကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု ပိုကြီးခဲ့ပြီး ရေကြီးခြင်းကြောင့် စိုက်ပျိုးပင်များ ပျက်စီးခဲ့ရသလို မိုးခေါင်ခြင်းများကြောင့် သီးနှံများကို အချိန်မီမစိုက်ပျိုးနိုင်ခြင်း များကိုလည်း ဒေသအချို့မှာ ကြုံတွေ့ခဲ့ရပါတယ်။
ရာသီဥတုပြောင်းလဲမှု
မိုး/ဇလပညာရှင်တွေ ထောက်ပြချက်တွေမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ပြောင်းလဲလာတဲ့ ရာသီဥတု ဖြစ်စဉ်များကြောင့် နှစ်အလိုက် နွေရာသီ၊ ဆောင်းရာသီ အပူချိန်ပြောင်းလဲမှုများခြင်း၊ မုတ်သုံမိုးရေချိန်ရရှိပုံ မတူညီခြင်း၊ အလွန်အမင်း ကွာခြားမှုရှိခြင်း ကြုံတွေ့ခဲ့ရသကဲ့သို့ ၁၀ စုနှစ်များအလိုက် ဖြစ်ပေါ်ခဲ့တဲ့ ပျမ်းမျှအပူချိန်၊ မုတ်သုံမိုးရေ ချိန်ရရှိမှု အခြေအနေများဟာလည်း ပြောင်းလဲလာခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် အလယ်ပိုင်းဒေသများမှာလည်း ရာသီအလိုက် မိုးရွာသွန်းမှုပုံစံပြောင်းပြီး မိုးခေါင်မှု အခြေအနေများ ဖြစ်လာခြင်း၊ ပိုမိုပြင်းထန်လာခြင်းကဲ့သို့ ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်စဉ်များ ကြုံတွေ့ရပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များကြောင့် သဘာဝဘေး အန္တရာယ်များ ပိုမိုဖြစ်ပေါ်လာနေတယ်လို့ ဆိုထားကြပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကျေးလက်မှာနေထိုင်သူ ဒေသခံများရဲ့ လူမှုစီးပွားဘဝကိုလည်း ရိုက်ခတ်မှုရှိလာခဲ့ရာ အထူးသဖြင့် ယခင်ခြောက်သွေ့ ပူပြင်းတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့ဟာ ယခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုမိုခံစားခဲ့ရတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ FSWG နဲ့ INGO တစ်ခုဖြစ်တဲ့ Mecry Corps တို့က အပူပိုင်းဒေသ Dry Zone နဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာ လက်ရှိမိုးရွာသွန်းမှုပုံစံနဲ့ သာဆိုပါက လာမယ့်သုံးနှစ်အတွင်း ယင်းဒေသတွင် အစားအစာမလုံ လောက်မှုအကျပ်အတည်းသသိ ခမင- ျငျ ဖြစ်နိုင်တယ်လို့ၤှွျှွ  တာ ဝန်ရှိသူက ဆွေးနွေးပွဲတက်ရောက် တဲ့မီဒီယာတွေကို ပြောကြားခဲ့တယ်။ အပူပိုင်းဒေသအတွင်း သီးနှံအောင်မြင်ခဲ့တဲ့ ဒေသအနည်းငယ်သာ ရှိခဲ့ကာ မအောင်မြင်ခဲ့တဲ့ ဒေသတွေက ဒေသခံတွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေပြီး ဒေသအတွင်းရှိ အိမ်ထောင်စု ရာခိုင်နှုန်း ၄၀ ဟာ အစားအသောက် မလုံလောက်မှုတွေ ရှိနေတယ်လို့ အဲဒီဆွေးနွေးချက်များတွင် ပါရှိခဲ့ပါတယ်။
ဆိုးရွားတဲ့ အယ်လ်နီညို
တကယ်တော့ အယ်လ်နီညိုဖြစ်စဉ်ကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နှစ်ကြိမ်ခန့် ကြုံတွေ့ခဲ့ရပြီး နွေရာသီတွင် ပုံမှန်ထက် အပူရှိန်ပြင်းထန်ခြင်းနဲ့ မိုးရာသီမှာ မိုးနည်းပါးခြင်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒေသအချို့မှာတော့ ပုံမှန်ထက်များတဲ့ မိုးရွာသွန်းမှုတွေ ရှိခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်များကြောင့်လည်း စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အယ်နီညို ဖြစ်စဉ်ဟာ သမုဒ္ဒရာရေနွေးစီးကြောင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများဟာလည်း ယင်းဖြစ်စဉ်များ ပေါ်ပေါက်လာဖို့ ဖန်တီးနေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများအပြင် ငါးဖမ်းလုပ်ငန်းကဲ့သို့ လုပ်ငန်းများကိုလည်း ထိခိုက်စေနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိစေတာ ဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ကို ကြုံတွေ့ရတဲ့ ဒေသများတွင် အပူချိန်မြင့်တက်ခြင်း၊ မိုးရေချိန်နည်းခြင်းကို အဓိကတွေ့ကြုံရတတ်ပြီး အကျိုးဆက်အနေဖြင့် သောက်သုံးရေရှားပါးခြင်း၊ စိုက်ပျိုးရေရှားပါးခြင်း၊ ဆန်စပါးအထွက် နှုန်းလျော့ခြင်းများအပြင် ငါးပုစွန်ဖမ်းဆီးရရှိမှု နည်းပါးခြင်းများ ဖြစ်ပေါ်လေ့ရှိတာကြောင့် ကျေးလက်နေ တောင်သူလယ်သမားများ၊ ဒေသခံများအပေါ် သက်ရောက်မှုတွေ ရှိစေနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့သည့် မေလအတွင်းက ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့စဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
စံချိန်တင်အပူချိန်
ယခုနှစ်နွေရာသီမှာဆိုရင် ဒေသအချို့မှာ အပူချိန်တွေစံချိန်တင် ၄၅ ဒီဂရီစင်တီဂရိတ် အထိရောက်ရှိ ခဲ့တာတွေ့ရပါတယ်။ ဒီလို အပူချိန်တွေ မြင့်တက်လာခြင်းနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ အကြောင်းအရာများစွာ ရှိနေနိုင်ပေမယ့် နိုင်ငံတွင်းမှာ သစ်တောပြုန်းတီးမှုများ တိုးပွားလာခဲ့ခြင်းဟာလည်း အပူချိန်များကို တိုးမြင့်လာရခြင်းရဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၁၉၇၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်မှာ ၅၉ ရာခိုင်နှုန်းနဲ့ ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ (FAO) နဲ့ ပူးပေါင်းတွက်ချက်မှု အရ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာ များစွာလျော့နည်း သွားတဲ့အခြေအနေတွေ ရှိပါတယ်။ ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော် မတီအတွင်းရေးမှူး  ဦးသိန်းလွင်က မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းဟာ ၂၄ ရာခိုင်နှုန်းပဲ ရှိတော့ကြောင်း လွှတ်တော်မှာ တင်ပြမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ တရားဝင်သစ်ထုတ်လုပ် ခွင့်တွေကို ပုဂ္ဂလိက ကုမ္ပဏီကြီးများကို အများအပြား ချပေးခဲ့မှုနဲ့ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် အလုံးအရင်းနဲ့ သစ်ခိုးထုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုများကြောင့် လက်ရှိအခြေအနေမှာ သစ်တောပြုန်းတီးမှုတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။ တရားဝင်သစ်တင်ပို့မှုတွေဟာ နှစ်စဉ်မြင့်တက်နေပြီး ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း တရားမဝင်တင်ပို့တဲ့ သစ်တန်ချိန် ငါးသောင်းကျော်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နီညို ဖြစ်စဉ်ကဲ့သို့ ဒေသတွင်းကို သက်ရောက်မှုရှိစေတဲ့ ရာသီဥတု ဖြစ်စဉ်တွေနဲ့ ကြုံလာတဲ့အခါမှာ ဆိုးရွားတဲ့ သက်ရောက်မှု လျော့နည်းစေဖို့ဆိုရာမှာ နိုင်ငံတွင်းမှာ သစ်တောပြုန်းတီးမှုကဲ့သို့ ဖြစ်စဉ်တွေ အပါအဝင် ရာသီဥတုပြောင်းလဲမှုကို သက်ရောက်စေနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုများကို လျော့နည်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရာသီဥတုနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေကို နယ်ဒေသအနှံ့ပျံ့နှံ့အောင် လုပ်ဆောင်ဖို့ လိုအပ်သလို ကြုံတွေ့လာရတဲ့ ပြဿနာတွေကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ အချိန်အတန်ကြာ သက်ရောက်မှုရှိတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ အပါအဝင် သောက်သုံးရေ ရှားပါးမှုများအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ရှာဖွေထားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဟာ အာရှ-ပစိဖိတ် ဒေသအတွင်း အဆိုးရွားဆုံးဖြစ်နေပြီး ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ ဒုတိယနေရာတွင် ရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တာဝန်ရှိသူတွေက ဆိုထားပါတယ်။ ဒီလိုရာသီဥတု ပြောင်းလဲမှုဟာ အကျိုးဆက်ကြီးမားပြီး နိုင်ငံသားအားလုံးအပေါ် သက်ရောက်မှုရှိစေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူမှုစီးပွားဆိုင်ရာအပေါ် များစွာသက်ရောက်မှုများ ရှိစေနိုင်ပါတယ်။ စိုက်ပျိုးရေး အပါအဝင် စီးပွားရေးကဏ္ဍများကိုပါ ထိခိုက်စေနိုင်တာကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေ ပြုမှုတုံ့ပြန်နိုင်ဖို့ အစီအမံများ ချမှတ်ထားဖို့ ပညာရှင်များက အကြုံပြုထားပါတယ်။ အဓိကကျသော စိုက်ပျိုး၊ သစ်တော၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ရေအရင်းအမြစ်၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ ထိန်းသိမ်းရေး လုပ်ငန်းများမှာ ပြောင်းလဲလာတဲ့ ရာသီဥတုဖြစ်စဉ်များရဲ့ သက်ရောက်မှုများကို တုံ့ပြန်ကာကွယ်နိုင်တဲ့ ဆောင်ရွက်ချက်များ ရှိဖို့လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ အထူးသဖြင့် ဖြစ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ထိခိုက်ဆုံးရှုံးမှုကို လျှော့ချနိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ အပြုအမူလုပ်ရပ်များကို ကာကွယ်တားဆီးနိုင်ဖို့ လိုအပ်ပြီး ရာသီဥတုပြောင်းလဲမှုကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။