ဘောလုံးကွင်းတွေတော့ ပြန်ပေးပါဦး

ဘောလုံးကွင်းတွေတော့ ပြန်ပေးပါဦး
Published 22 June 2015
ကျော်ဇောလင်း

ဒီတစ်ပတ်အတွင်း သတင်းသုံးသပ်ချက်ကဏ္ဍမှာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် ပြည်သူတွေရဲ့ အားပေးမှု အပြည့်အဝရခဲ့တဲ့ မြန်မာ ယူ-၂၃ ဘောလုံးအသင်း၊ ဗိုလ်လုပွဲ မတိုင်မီနဲ့ ဗိုလ်လုပွဲပြီး ကာလတွေမှာ မြန်မာဘောလုံး အဆင့်အတန်း၊ မြန်မာအားကစား အဆင့်အတန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ပြောဆိုသံတွေ၊ ဝေဖန်သံတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဓိကပြန်လည် သုံးသပ်ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
ဆက်စပ်ပြီး ပုဒ်မ ၁၉ နဲ့ တရားစွဲမှုကို အာမခံမယူဘဲ တရားရင်ဆိုင်မယ့် ဦးကိုကိုကြီးတို့ရဲ့ သတင်းကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘောလုံးကွင်းတွေ ပြန်ပေးပါ
ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ ယူ-၂၃ အသင်းဟာ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို အပြည့်အ၀ ရရှိခဲ့ကြပါတယ်။ လက်ရွေးစင်အသင်းကြီးနဲ့ ယူ-၂၀ အသင်းတွေလောက် ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အားပေးထောက်ပံ့မှု အပြည့်အဝမရခဲ့ပေမဲ့ ပြိုင်ပွဲတစ်လျှောက်မှာ ယူ-၂၃ အသင်းရဲ့ စိတ်ဓာတ်နဲ့ အနိုင်လိုစိတ် ပြင်းပြမှုတွေကြောင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ အားပေးချီးမြှောက်မှုနဲ့အတူ ယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ငွေတံဆိပ် ရရှိခဲ့ပါတယ်။
အုပ်စုအဆင့်မှာ ယူ-၂၃ အသင်းရဲ့ ကြိုးစားအားထုတ်မှု မြန်မာပြည်သူတွေရဲ့ အနိုင်လိုစိတ်တွေကို ဖန်တီးပေးနိုင် မှုတွေကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဘောလုံးနဲ့ပတ်သက်တဲ့ ပြောဆိုသံတွေ ဇာတိသွေး ဇာတိမာန် အပြည့်နဲ့ မခံချင်စိတ်၊ ဂုဏ်ယူလိုစိတ်တွေနဲ့ ပြောစရာ ဖြစ်ခဲ့ရပါတယ်။ ယူ-၂၃ အသင်းကလည်း ဗိုလ်လုပွဲအထိ တက်လှမ်းပြီး မြန်မာတွေအတွက် နှစ်ပေါင်းလေးဆယ်ကျော် ဝေးကွာနေတဲ့ ချန်ပီယံအိပ်မက်ကို ပြန်မက်ခွင့် ရစေခဲ့ပါတယ်။
ဆီးဂိမ်းစ်ဗိုလ်လုပွဲ မတိုင်မီမှာ ထူးထူးခြားခြား သမ္မတဦးသိန်းစိန်က ဘောလုံးအသင်းနဲ့ အားကစားသမားတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာယူ- ၂၃ အသင်းဟာ စိတ်ဓာတ်ပိုင်းကလွဲပြီး ထိုင်းအသင်းကို မယှဉ်နိုင်လို့ အရှုံးပေးလိုက်ရပြီး ငွေတံဆိပ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။
၂၀၁၃ မှာ အိမ်ရှင်အဖြစ် လုပ်တုန်းက ရွှေတံဆိပ် ၈၄ ခုရခဲ့တဲ့ မြန်မာအားကစားအဖွဲ့ဟာ အခု ၂၀၁၅ မှာ ရွှေတံဆိပ် ၁၂ ခုသာ ရခဲ့ပါတယ်။ နှစ်နှစ်အတွင်းမှာ ကျဆင်းသွားခဲ့ရတဲ့ မြန်မာ့အားကစားရဲ့ အခြေအနေပေါ် ဝေဖန်မှုတွေ ထွက်လာပြီး မြန်မာ့အားကစား အဆင့်အတန်း၊ မြန်မာ့ဘောလုံး အဆင့်အတန်းကို တာဝန်ရှိသူတွေနဲ့ သရုပ်မှန်မြင်ပြီး ရေရှည်စီမံကိန်းတွေနဲ့ မြှင့်တင်ပေးနိုင်ဖို့ ထောက်ပြတောင်းဆို လာကြပါတယ်။
လူထုရဲ့ သည်းခြေကြိုက် အားကစားဖြစ်တဲ့ ဘောလုံးအပေါ် လူထုအားပေးထောက်ခံမှု၊ လူထုစိတ်ဝင်စားမှုကို အသုံးချပြီး ဝါဒဖြန့်ချိဖို့ တစ်ပွဲထိုး တစ်နပ်စား သဘောမျိုးနဲ့ ထောက်ခံမှုရအောင် ဆွဲဆောင်ဖို့ လုပ်ဆောင်သူတွေ ရှိနေသရွေ့ မှန်ကန်တဲ့ အောင်မြင်မှု အဆင့်အတန်းရှိရှိ အထက်တန်းကျကျ အောင်မြင်မှုဆိုတာ မရနိုင်ပါဘူး။
မြန်မာတွေဟာ မခံချင်စိတ်ရှိတယ်။ အောက်တန်း နောက်တန်းကျနေတဲ့ ဘဝတွေကနေ ရုန်းထွက်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာလူမျိုးတွေ ခေါင်းမော့ရင်ကော့ပြီး နေလို့ရတယ်။ တိုင်းပြည်ဆင်းရဲလို့ ဒေသတွင်း နိုင်ငံတွေမှာ အလုပ်လုပ် နေကြရပေမယ့် မြန်မာဆိုတဲ့ ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်ကတော့ အားကောင်းကောင်းနဲ့ ရှိနေကြပါတယ်။ ဒီလိုစိတ်ဓာတ်တွေနဲ့ပဲ စင်ကာပူရောက် မြန်မာတွေဟာ ယူ-၂၃ ကို တစ်ခဲနက် အားပေးခဲ့ကြတယ်။ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေဟာ ယူ-၂၃ ကို လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါတွေကို သက်ဆိုင်သူတွေက တလွဲမတွေးကြပါနဲ့။ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ပျက်ကွက်ပြီး မြန်မာတွေရဲ့ စိတ်ဓာတ်ကောင်းတွေပေါ် အမြတ်မထုတ်ကြပါနဲ့။ ထိုင်းအသင်းကို ဗိုလ်လုပွဲမှာ ရှုံးပေမယ့် မြန်မာပရိသတ်တွေရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးမှု၊ နိုင်ငံအပေါ် ချစ်မြတ်နိုးမှု၊ မျိုးချစ်စိတ်စတာတွေမှာ မရှုံးခဲ့ပါဘူး။ အားပေးသူ ပြည်သူတွေဟာ တာဝန်ကျေပါတယ်။ ဒါပေမဲ့ မြန်မာအားကစား အဆင့်အတန်းနဲ့ မြန်မာဘောလုံး အဆင့်အတန်းကို ပြန်လည်မြှင့်တင်ဖို့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့ လူကြီးတွေဘက်က တာဝန်ကျေပေးဖို့ လိုပါလိမ့်မယ်။ လူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် ပြည်သူတွေဟာ မြန်မာ့အားကစား အဆင့်အတန်း မြင့်မားရေးအတွက် မှန်မှန်ကန်ကန်လုပ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဘောလုံးကွင်းမှာ ဘောလုံးမကစားရဆိုတဲ့ အပေါက်မျိုးတွေ၊ အသိဉာဏ် နုံချာလွန်းလှတဲ့ လုပ်ပေါက်မျိုးတွေကို ရပ်တန်းကရပ်ဖို့ တောင်းဆိုကြပါတယ်။
လူငယ်တွေကို ဘောလုံးကွင်းထဲမှာ ဘောလုံးပြန်ကစားခွင့်ပေးပါ။ အားကစားကွင်းတွေနဲ့ လူထုအတွက် ကိုယ်လက်လှုပ်ရှား လုပ်နိုင်မယ့် နေရာတွေကို ပြန်လည်ဖော်ထုတ်ပေးပါ။ ကိုယ်ကျိုးအတွက်ကြည့်ပြီး သိမ်းထားတဲ့ မြေနေရာတွေ၊ အားကစားကွင်းတွေ ပြည်သူထံ ပြန်ပေးပါ။ ဒါမှသာ အမှန်တရားဖြစ်မှာပါ။
ဆီးဂိမ်းစ်မှာ ယူ-၂၃က မြန်မာပြည်သူတွေရဲ့ မခံချင်စိတ်၊ ပြင်းထန်တဲ့ ဇွဲစိတ်ဓာတ်နဲ့ အနိုင်လိုစိတ်တွေကို ပေါင်းစည်းပေးနိုင်ခဲ့ပြီး အားကစား အောင်မြင်မှုကို ခုတုံးလုပ်၊ အမြတ်ထုတ် ဝါဒဖြန့်လိုသူတွေရဲ့ အားနည်းချက် ပျော့ကွက်တွေကို ထောက်ပြပြီး သင်ခန်းစာ ပေးခဲ့ပါတယ်။
ပုဒ်မ ၁၉ ကို အာမခံမယူဘဲ ရင်ဆိုင်မယ်ဆိုတဲ့ ဦးကိုကိုကြီး
တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကစားကွင်းမြေနေရာကို ကွန်ဒိုတည်ဆောက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြ ဟောပြောခဲ့တဲ့ ဦးကိုကိုကြီးကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲဖို့ ဇွန် ၁၅ ရက် နံနက် ၁၀ နာရီမှာ တောင်ဥက္ကလာပမြို့နယ် တရားရုံးလာရောက်ဖို့ တရားသူကြီးက ဆင့်ခေါ်ခဲ့ပါတယ်။
ဆင့်ခေါ်တဲ့ရက်မှာ ဦးကိုကိုကြီး အပါအဝင် တရားစွဲခံထားရသူ ငါးဦး သွားရောက်ခဲ့ရာမှာ ဆင့်ခေါ်ချိန်မှာ တရားသူကြီးက အစည်းအဝေး ရှိတယ်လို့ ဆိုတဲ့အတွက် နာရီဝက်အကြာ စောင့်ဆိုင်းခဲ့ပြီးနောက် ဦးကိုကိုကြီးဟာ တရားရုံးက ပြန်လည်ထွက်ခွာ ခဲ့ပါတယ်။ ဒါ့ပြင် ပုဒ် မ ၁၉ နဲ့ တရားစွဲခံရမှုကို အာမခံယူမှာ မဟုတ်တဲ့အပြင် ကိုယ်ပိုင်ခံဝန်ပေးခြင်းကို မပြုလုပ်ဘဲ တရားရင်ဆိုင်သွားမယ်လို့ မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာရှိတဲ့ မြေကွက်လပ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဌာနချုပ် အမည်ပေါက် ဧရိယာ ၀ ဒသမ ၃၉ ဧကရှိပြီး နှစ် ၆၀ မြေငှားစာချုပ်(ဂရန်)နဲ့ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း၊ ကစားကွင်း မြေနေရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံခန့်ခွဲပိုင်ခွင့် မြေနေရာဖြစ်ကြောင်း၊ ဒီနေရာကို ပုဂ္ဂလိကပိုင် လွဲပြောင်းခြင်း မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် တစ်ဦးက ပါတီရဲ့ မြို့နယ်ရုံး ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က လွှတ်တော်မှာ ဖြေကြားသွားတယ် ဆိုတော့လည်း သမိုင်းဖြစ်သွားတယ်လို့ မှတ်ကြရမှာပါပဲ။