ပုံပြင်တွေထဲက ကြောင်နှစ်ကောင်နှင့် ငြိမ်းချမ်းရေး

ပုံပြင်တွေထဲက ကြောင်နှစ်ကောင်နှင့် ငြိမ်းချမ်းရေး
Published 9 June 2015
ဒေါက်တာခင်မောင်ညို

(၁)
 
ပုံပြင်တွေဟာ ရိုးရှင်းပြီး အလွယ်တကူ သင်ခန်းစာယူနိုင်တာတွေ များတယ်။ အချို့လည်း ဘာသင်ခန်းစာကိုမှ မပေးပါဘူး။ ဒါပေမဲ့ ဖတ်လို့ကောင်းတယ်။ ယဉ်ကျေးတဲ့ လူမျိုးတိုင်းမှာ ပုံပြင်တွေများစွာရှိတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားရိုးရာပုံပြင်တွေ အများကြီးရှိတယ်။အချို့ဟာ နိုင်ငံတကာပုံပြင်တွေနဲ့ ဆင်တူပေမယ့် အချို့ကတော့ကွဲလွဲတယ်။
 
လူထုဦးလှ စုဆောင်းခဲ့တဲ့ပုံပြင်တွေကတော့  မြန်မာ့ဂုဏ်ကိုဆောင်တဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုစေတဲ့ ပုံပြင်တွေဖြစ်တယ်။ ကမ္ဘာ့ကုလသမဂ္ဂ UNESCO (United Nations Educational, Scientific and Cultural Organization) အဖွဲ့က အသိအမှတ်ပြု ပြုစုထိန်းသိမ်းထားရတဲ့ ပုံပြင်တွေ  ဖြစ်ပါတယ်။
 
 ရှေးအခါက မြန်မာကျောင်းတွေမှာသုံးတဲ့ ဒေါင်းဖတ်စာထဲမှာ ပုံပြင်တွေအများကြီးပါတယ်။ ပါဝင်တဲ့ ပုံပြင်တွေထဲက  အဓိက ကတော့ အီစွတ်ပုံပြင်တွေဖြစ်တယ်။အီစွတ်ဟာ ရှေးခေတ်(ရောမခေါမခေတ်)မှာ ငွေဝယ်ကျွန်ဖြစ်တယ်။သူဟာ ပုံပြောကောင်းလို့ ကျွန်ဘဝကနေ လွတ်မြောက်ခဲ့သူဖြစ်တယ်။သူ့ရဲ့ ပုံပြင်တွေအားလုံးဟာ သင်ခန်းစာယူဖို့ကောင်းတဲ့ ပုံပြင်တွေပါ။ စောစောကပြောတဲ့အတိုင်း ပုံပြင်တွေဟာ အပျင်းပြေပြီး ပညာရစေပါတယ်။
 
(၂)
 
ဒီရက်တွေမှာ ကလေးပုံပြင်လေးတွေကို ဖတ်မိနေတယ်။ ဖတ်ထားတာတွေကို မျှဝေလိုတဲ့အတွက် ကြောင်နှစ်ကောင်အကြောင်းကို ပြောပြချင်တယ်။
 
တစ်ခါက ကြောင်နှစ်ကောင်ဟာ လမ်းကျဉ်းထဲမှာ မျက်နှာချင်းဆိုင်လျှောက်လာကာ ဆုံမိကြသတဲ့။ သူတို့နှစ်ကောင် နီးလာတဲ့အခါမှာ ဘယ်ကြောင်ကမှ တစ်ကောင့်ကိုတစ်ကောင် ပေးကျော်ဖြတ်မသွားစေဘူး။ သူတို့ နှစ်ကောင်ဟာ မျက်နှာချင်းဆိုင်ပြီး တစ်ကောင့်ကိုတစ်ကောင် အော်နေကြတယ်။
 
“ငါ့ကို အရင်ပေးသွား”
 
“ဘာလို့ပေးသွားရမှာလဲ၊ ငါ့ကိုအရင်ပေးသွား”
 
“မရဘူး။ ငါဟာ မင်းထက်ထွားတယ်။ ငါ့ကို အရင်ပေးသွား”
 
“ဟင့်အင်း၊ ငါက ပိုလှတယ်။ ငါ့ကို အရင်ပေးသွား”
 
“ဟင့်အင်း၊ ငါက မင်းထက်တော်တယ်။ ငါ့ကို မင်းအရိုအသေပေးတဲ့အနေနဲ့  ဖြတ်သွားခွင့်ပြုရမယ်”
 
 “ငါဟာ မင်းထက် ခွန်အားပိုကြီးတယ်”
 
 “ငါ့မှာ ကြောင်တွေအများကြီးရှိတယ်။ မင်းငါ့ကိုပေးမဖြတ်ရင် မင်းကိုကိုက်ကြလိမ့်မယ်”
 
အဲဒီနောက် မကြာခင်မှာဘဲ ဒီလိုအော်ဟစ်ပြောဆိုနေရာကနေ တိုက်ပွဲစတင်တော့တာပါပဲ။ တစ်ကောင်နဲ့တစ်ကောင် ကုတ်ကြ ဖဲ့ကြ ကိုက်ကြတာပေါ့။
 
မကြာမီမှာ ပညာရှိကြောင်တစ်ကောင် ရောက်လာပြီး သူတို့နှစ်ကောင်ကိုကြည့်ကာ ရယ်သတဲ့။ ဒီအခါ တိုက်ခိုက်နေတဲ့ ကြောင်နှစ်ကောင်ဟာ တိုက်ခိုက်တာကိုရပ်လိုက်ပြီး အဲဒီကြောင်ကို အံ့သြစွာနဲ့ ကြည့်ကြတယ်။
 
“ခင်ဗျား ဘာလို့ရယ်နေတာလဲ”
 
ကြောင်နှစ်ကောင်က မေးတာပေါ့။  
 
“ငါ မင်းတို့နှစ်ယောက် လုပ်တာကိုင်တာကိုကြည့်ပြီး ရယ်စရာကောင်းလို့ရယ်တာပေါ့။ မင်းတို့ဟာ အချိန်ကုန်တယ်။ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် ပြုလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကောင် က နောက်တစ်ကောင်ကို မဖယ်ပေးလို့ပဲ။ တကယ်တော့ တစ်ကောင်နဲ့ တစ်ကောင် ဖြတ်သွားလို့လောက်အောင်လည်း လမ်းက ကျယ်ပါတယ်”
 
“မင်းတို့နှစ်ကောင် ဘာလို့ဒီလိုတိုက်ခိုက်ကြတာလဲ”
 
“ဂုဏ်သိက္ခာနဲ့ အာဏာအတွက်ပေါ့”
 
 ပညာရှိကြောင်ဟာ ရယ်လိုက်ပြီးပြောတယ်။
 
“မင်းတို့ထဲမှာ ဘယ်သူကပိုပြီး ခွန်အားကြီးတယ်ဆိုတာ ပြဖို့မဟုတ်လား။ ဒါကို ဘယ်သူက ဂရုစိုက်တာလဲ”
 
 တကယ်တမ်း ခွန်အားကြီးတဲ့သူဟာ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိရမယ်။ သူများကို သက်သေပြစရာမလိုဘူး။ အချို့ကတော်တယ်။ အချို့က ခွန်အားကြီးတယ်။ ဘာဖြစ်လဲ၊ သူတို့ကို ယှဉ်စရာမလိုဘူး။ အရိုအသေပြုပါ။ ချစ်ခင်ပါ။ မေတ္တာထားပါ။ ကြောက်စရာမလိုပါဘူး”
 
“ဒီမှာ၊ တို့ဆီမှာ ဘဝဆိုတာရှိတယ်။ စားစရာတွေရှိတယ်၊ ပျော်စရာကောင်းတာတွေလည်း အများကြီးပဲ၊ လုပ်စရာတွေ အများကြီးထဲမှာ တစ်ကောင်နဲ့တစ်ကောင် မျက်နှာချင်းဆိုင်ပြီး အော်နေကြတယ်။ ကုတ်ခြစ်နေကြတယ်။ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေကြတယ်။ မျက်လုံးလေး ဘာလေးဖွင့်ပြီး စဉ်းစားကြပါဦး။ မင်းတို့တစ်တွေ ဘယ်တော့မှ လူကြီးမဖြစ်တော့ဘူးလား။
 
 “လမ်းပေးလိုက်ရတာ အရေးကြီးလို့လား။ ဒီလို ကုတ်ခြစ်ထားတဲ့ဒဏ်ရာတွေ၊ ကိုက်ထားတဲ့ ဒဏ်ရာတွေရတာ တန်ကောတန်ရဲ့လား။ မင်းတို့ဟာ အချိန်တွေဖြုန်းပစ်နေတယ်။ စွမ်းအင်တွေ၊ ကျန်းမာရေးတွေ အားလုံးဆုံးရှုံးတယ် မဟုတ်လား။ မင်းတို့ဘေးမှာကြည့်လိုက်။ ဝိုင်းကြည့်ပြီး ရယ်သွမ်းသွေးနေတဲ့ သတ္တဝါတွေ အများကြီးပါပဲ”
 
ကြောင်နှစ်ကောင်ဟာ တကယ့်ကို  “ကြောင်” သွားကြတယ်။ သူတို့ဘာပြန်ပြောရမယ်ဆိုတာကို မသိကြတော့ဘူး။ သူတို့ တစ်သက်လုံးဖြစ်လာတဲ့ အလေ့အထ၊ အကျင့်ဆိုးတွေဟာ ခေါင်းထဲမှာစွဲနေတယ်။ ဒါတွေကို တွန်းလှန်ဖို့ မလွယ်လှဘူး။ 
ဒီတော့ ကြောင်နှစ်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် တိုက်ခိုက်နေတာကို ရပ်ပြီး ကျေအေးသွားမလား။ ဒါမှမဟုတ် ဆက်ပြီး ကိုက်နေကုတ်ခြစ်နေကြမှာလား။ ကလေးတို့စဉ်းစားပေါ့။ တိရစ္ဆာန်တွေဆိုတော့လေ။
 
(၃)
 
ဒီပုံပြင်က ဘာသာပြန်ပုံပြင်တစ်ခုပါပဲ။ ဒါပေမဲ့ ရှေးကတည်းကရှိသလား။ ယခုမှ တီထွင်တာလားဆိုတာကို မပြောထားပါဘူး။
 
ကြောင်တွေဟာ တိရစ္ဆာန်တွေဆိုတော့ တစ်ကောင်နဲ့တစ်ကောင် ဦးစားပေးဖို့ ခဲယဉ်းတယ်လို့ဆိုတယ်။
 
အမှန်ကတော့ ခွင့်လွှတ်သည်းခံခြင်း မရှိရင် ငြိမ်းချမ်းမှုကို မရပါဘူး။ ဒီအကြောင်းကို တိရစ္ဆာန်ကမ္ဘာ (Animal Kingdom) မှာ အများဆုံးတွေ့ရပါတယ်။ တိုက်ခိုက်ပြီး ဘဝဆုံးသူတွေ အများကြီးပါပဲ။ လူတွေအတွက်ကော၊ သတ္တဗေဒပညာရှင်တွေရဲ့အလိုအရ လူတွေဟာလည်း (Animal Kingdom) က သတ္တဝါတစ်မျိုးပါပဲ။ ဒါကြောင့် သူတို့ဟာ ဒီလိုပဲတိုက်ပြီး ငြိမ်းချမ်းရေးမရကြပါဘူး။
 
အချို့ကတော့ငြိမ်းချမ်းစွာနေရတာတော့ ရှိပါတယ်။ဒ ါပေမဲ့ သူတို့ဟာ တစ်စုံတစ်ယောက်က အကာအကွယ်ပေးထားလို့ နေကြရတာဖြစ်တယ်။ အမှန်တော့ အကာအကွယ်ထဲမှာ ဥပဒေရဲ့အကာအကွယ်ဟာ အထိရောက်ဆုံးနဲ့အကောင်းဆုံးပါပဲ။ ဒါကြောင့် လူတွေဟာ ဥပဒေကို အလေးထားဖို့ ကြိုးစားကြတယ်။ ဒါဟာလည်း ရာခိုင်နှုန်းပြည့်မှန်တယ်လို့ မဆိုနိုင်ပါဘူး။
 
ဥပဒေကို လက်တစ်လုံးခြားလုပ်တာတို့၊ ဥပဒေကို မိမိဘက်ဆွဲယူတာမျိုးတွေ လုပ်လို့ရတာတွေရှိတယ်။ အထူးသဖြင့် ဥပဒေဆိုတာ လူဆွဲတာဖြစ်တဲ့အတွက် အချိန်အခါ နေရာဒေသကိုလိုက်ပြီး အဆင်မပြေတာတွေ အများကြီးပါပဲ။
 
တစ်ခါတစ်ခါလည်း ဥပဒေဟာ အာဏာရှိသူတွေကို အကာအကွယ်ပြုတာမျိုးတွေ ဖြစ်နေတတ်တယ်။ ချမ်းသာတဲ့သူတွေကို အကာအကွယ်ပြုတာမျိုးတွေ ရှိတယ်။
 
ဒါကြောင့်မျှတတဲ့ ဥပဒေဆိုတာ အရေးကြီးလှတယ်။ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဆိုပြီး နိုင်ငံတော်သီချင်းမှာ ပါတယ်။ လူတွေက တရားမျှတပြီး လွတ်လပ်မှုကို လိုချင်ကြတယ်။ ဒါပေမဲ့ အချို့ကတော့ သူတို့အနေနဲ့ တရားမျှတမှုကို မမြင်ရဘူးလို့ဆိုတယ်။
 
ဒီလူတွေဟာ ဆန္ဒပြတာမျိုးတွေ လုပ်တတ်တယ်။ ပေါက်ကွဲတတ်တယ်။ နောက်ဆုံး လက်နက်ကိုင်တော်လှန်ရေးအထိကို လုပ်လာကြတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမျှတမှုကို မရဘူး။ သူတို့ဘဝတွေဟာ မငြိမ်းချမ်းကြပါဘူး။ ကမ္ဘာမှာ  ငြိမ်းချမ်းရေးကို တိုက်ခိုက်ပြီး ယူချင်ကြတဲ့သူတွေ အများကြီးကိုတွေ့ရ ပေမယ်။
 
(၄)
 
ပုံပြင်ထဲက ကြောင်နှစ်ကောင်လိုပါပဲ။ ရင်ဆိုင်တွေ့တဲ့သူတွေဟာ တစ်ယောက်ကိုတစ်ယောက် နာကျင်မှုတွေနဲ့ပဲ ဇာတ်သိမ်းကြမှာ ဖြစ်တယ်။ ယနေ့ ကမ္ဘာမှာ  ဆီးရီးယားတော်လှန်ရေး၊ တာလီဘန်တွေ၊ အိုက်အက်စ်တွေ၊ လစ်ဗျားတော်လှန်ရေးတွေ၊ ယီမင် ပြဿနာ အများကြီးပါပဲ။
 
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရောင်စုံသူပုန်ဆိုပြီး သူပုန်တပ်ဖွဲ့ပေါင်း များစွာရှိခဲ့ပါတယ်။ယနေ့မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အချို့ ကျန်သေးတယ်။အစိုးရဟာလည်း သူတို့နဲ့ ငြိမ်းချမ်းရေးယူဖို့ လုပ်ဆောင်နေကြတယ်။
 
ငြိမ်းချမ်းရေးရပါ့မလား။
 
ငြိမ်းချမ်းရေးအတွက် ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ပုံပြင်ထဲမှာ သတ္တဝါနှစ်ကောင်တော့ ပါဝင်တယ်။ သူတို့ကတော့ ကြောင်နှစ်ကောင် မဟုတ်ဘူး။ သိုးနှစ်ကောင်ပါပဲ။
 
တစ်ခါက တောင်စောင်းက လမ်းကျဉ်းလေးထဲမှာ သိုးနှစ်ကောင်တွေ့ကြတယ်။ ဒီလမ်းလေးဟာ တကယ့်ကို ကျဉ်းသတဲ့။နှစ်ကောင် ဘယ်လိုမှမရှောင်သာဘူး။ သူတို့ ဝဲ ယာ ကြည့်လိုက်တော့ တစ်ဖက်မှာက တောင် နောက်တစ်ဖက်က ချောက်ပဲ၊ ဘယ်လိုမှ နောက်ပြန်လှည့်ဖို့လည်း မဖြစ်နိုင်ဘူး။
 
ဒီတော့ဘာလုပ်မလဲ။ သိုးတစ်ကောင်က ထိုင်ချပေးလိုက်တယ်။ နောက်တစ်ကောင်က ခုန်ကျော်သွားတယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။
 
ငြိမ်းချမ်းရေးဆိုတာ မိမိကိုယ်တိုင် အနစ်နာခံရပါတယ်။ တစ်ဖက်သားကို လေးစားရတယ်။ အကျိုးကျေးဇူးကတော့ ဘဝတစ်လျှောက်လုံး အေးချမ်းသာယာစွာ နေထိုင်သွားနိုင်တာပါပဲ။