အသိနှင့် သမာသမတ်စိတ်

အသိနှင့် သမာသမတ်စိတ်
Published 5 June 2015
တက္ကသိုလ်မိုးဝါ

လူအများပြောဆိုနေလေ့ရှိသော “သူက တရားရှိတယ်” ဟူသော စကားတစ်ခွန်းတွင် “ရှိ” ဆိုသည့်စကားတစ်လုံးသည်  “သိ” နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားကြောင်း အထူးပြောရန် လိုမည်မထင်ပါ။  အရှိ နှင့် အသိကို ဓမ္မအမြင်ဖြင့် အဓိပ္ပာယ်ဖွင့်ပါက တရားသဘောတစ်ခုအား ရှိအောင်လုပ်နိုင်သူတိုင်း ထိုတရားကို သိချင်မှ သိမည်။  ရှိစေရန် လုပ်ဆောင်ခြင်းသည် လွယ်သလောက် သိစေရန် လုပ်ဆောင်ရန် ခက်ခဲလှသည်။  ပြီးတော့ ဓမ္မကို သိမြင်မှုဖြင့် လောကအား မထိန်းချုပ်နိုင်ဟုဆိုပါက ရှိမှုများနောက်သို့အမောတကော လိုက်ရင်းလိုက်၍ မဆုံးမီ၌ပင် ဘဝနိဂုံးအဆုံးသတ်ရတတ်သည်။  ရှိမှုများနောက်သို့ လိုက်သူတစ်ယောက် သိမှုဖြင့် ချုပ်ငြိမ်းရသော ဘဝသည်သာ တန်ဖိုးရှိမည်ဖြစ်သည်။
 
“အသိ” ဖြင့် ပြည့်ဝသူတစ်ယောက်သည် အထူးအားဖြင့် လောဘ၊ ဒေါသ၊ မောဟကို သိမြင်ပြီးတရားမျှတမှုကို လိုလားသူ၊ ကျင့်သုံးသူ ဖြစ်သည်။  တရားမျှတမှုဟူသည် လူတိုင်း ရထိုက်သည့်အရာဖြစ်သည်။  ထိုမှဆက်၍ ဂုဏ်သိက္ခာဟူသောစကား။  ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်းအား ဂုဏ်သိက္ခာဟု အမည်တပ်ကြသည်။  အမှန်စင်စစ် ယင်းမှာ အတုအယောင်ဂုဏ်သိက္ခာသာဖြစ်သည်။  လွတ်လပ်မှု၊ ရိုးသားမှု၊ တရားမျှတမှုမရှိဘဲ စစ်မှန်သော ဂုဏ်သိက္ခာမရှိနိုင်။ တစ်ဖန် တရားမျှတမှု၊ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာ စသည့် လူ့တန်ဖိုး (Human Values) မရှိ ပါက လူ့အသိုင်းအဝိုင်းသည် အဆင့်နိမ့်ကျသော အသိုင်းအဝိုင်းတစ်ရပ်သာ ဖြစ်မည်။
 
တရားမျှတမှုကို တစ်နည်းပြောရပါက သမာသမတ်ရှိမှုနှင့် တူသည်ဟု ပြောနိုင်သည်။  ဥပမာအားဖြင့် အိမ်တစ်အိမ်၌ အိမ်ဦးနတ်ဖြစ်သူ ယောက်ျားသည် မေတ္တာရှေ့ထား၍ တရားသဖြင့် မိသားစုအပေါ် ကြည့်ရှုစောင့်ရှောက်လျှင် ထိုအိမ်သည် တိုးတက်ပြီး သာယာချမ်းမြေ့သည့်အိမ် ဖြစ်မလာစရာအကြောင်းမရှိပါ။  တရားသည်ဟုဆိုခြင်းမှာ ထိုအုပ်ချုပ်သူ အိမ်ဦးနတ်ယောက်ျားအား သမာသမတ်ရှိသူအဖြစ် သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။
 
၎င်းမိသားစုတွင်မှ ဥပမာသားကြီးဖြစ်သူက အိမ်ရှိရှာဖွေစုဆောင်းထားသမျှ ပစ္စည်းဥစ္စာတို့ကို လူမသိအောင် ခိုးယူရောင်းစားပြီး မိမိတစ်ကိုယ်ကောင်းစားရေးအတွက် ကျူးလွန်သည်ဆိုပါလျှင် အချိန်မီတားဆီးခြင်း လုပ်နိုင်ပါမှ ယင်းအိမ်အတွင်း ကသောင်းကနင်းဖြစ်မှုမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။  ထို့ ပြင် မိသားစုအဖွဲ့ဝင်တစ်ဦးနှင့်တစ်ဦး ပိုမိုစည်းလုံးညီညွတ်ကာ ရှေ့ခရီးကိုချောမောစွာ ဆက်လက်လျှောက်လှမ်းနိုင်မည်။ 
 
အိမ်တစ်အိမ်တွင် ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သော ဦးစီးမှု၊ အုပ်ချုပ်မှု၊ သမာသမတ်ရှိမှု၊ မေတ္တာတရားထားရှိမှုနှင့် မှန်ကန်သောစီမံမှု စသည်တို့ မရှိပါက အဂတိတရား စိုးမိုးဖုံးလွှမ်းခြင်းခံရသည့် အိမ်တစ်အိမ်ဟု သမုတ်ခြင်းခံရပေမည်။
 
တစ်နေ့က မိတ်ဆွေတစ်ယောက်နှင့် လမ်းတွင်တွေ့၍ အထက်ပါအတိုင်း သူကြုံ တွေ့ခဲ့ရသည့် သူ့မိသားစုအကြောင်း ပြောပြသဖြင့် စာရေးသူက မျက်မှောက်အခြေအနေများနှင့် ဆက်စပ်ပြီး စဉ်းစားနေမိခြင်းဖြစ်၏။  
 
လူ့အဖွဲ့အစည်း၊ အသင်းအပင်း၊ အင်စတီကျူးရှင်း၊ အာဏာပိုင်အဝန်းအဝိုင်းမှန် သမျှသည် တရားဥပဒေကို လက်ကိုင်ထားကာ အမှုကိစ္စများအား တည့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ပေးခြင်းဖြင့် အမြဲမပြတ်အကျိုးရှိရှိ ဖော်ဆောင်ပေးနေမှသာလျှင် အမှိုက်သရိုက် ရှင်းလင်းသုတ်သင်ထားသော မြောင်းထဲ ရေစီးအားကောင်းစေသကဲ့သို့ လုပ်ငန်းဆောင်တာအ၀၀တို့ ချောမောပြေပြစ်စေရုံသာမက လိုရာပန်းတိုင်သို့လည်း တိုးတက်မှု အရွေ့ကို မြန်ဆန်လာစေမည်ဖြစ်သည်။
 
လတ်တလောသတင်းတစ်ပုဒ်၌ ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ  (CPJ - Committee for the Protection of Journalists) ၏ ထုတ်ပြန်ချက်အရ ဂျာနယ်လစ်များအား အကျဉ်းချထားမှု၊ ခြိမ်းခြောက်ရန် ဖိနှိပ်သည့် ဥပဒေများထားရှိမှု၊ အင်တာနက်ချိတ်ဆက်ခွင့်ကို တင်းကျပ်မှု စသည့် ဆင်ဆာတင်းကျပ်မှု နည်းဗျူဟာ အမျိုးမျိုးသုံးစွဲခြင်းကို သုတေသနပြုလုပ်ခဲ့သော ရလဒ်တို့အား အခြေခံထုတ်ပြန်ထားသည့်စာရင်းတွင်  အီရစ်ထရီးယားနိုင်ငံက အဆင့် ၁ တွင်ရှိသည်ဆိုသည်။  အီရစ်ထရီးယားသမ္မတသည် နိုင်ငံတွင်းရှိ ရုပ်သံ၌ လုပ်ကိုင်နေသည့် ဂျာနယ်လစ်များ ဖမ်းခံရခြင်းအတွက် ကြောက်လန့်နေရသည်အထိ ဖိနှိပ်သော ပတ်ဝန်းကျင်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြခဲ့သည်။  ဆင်ဆာ အဆိုးရွားဆုံး ၁၀ နိုင်ငံများအနက် ကျူးဘားသည် နံပါတ် ၁၀ ဖြစ်ပြီး မြန်မာနိုင်ငံက နံပါတ်  ၉ တွင်ရှိသည်ဟု ထုတ်ပြန်ထားသည်။
 
ဂျာနယ်လစ်များအား ဖိနှိပ်ဖမ်းဆီးခြင်းသည် သွယ်ဝိုက်သောအားဖြင့် ပြည်သူအား ဖိနှိပ်ချုပ်ချယ်ခြင်းမည်ပေသည်။  အဘယ့်ကြောင့်ဆိုသော် ပြည်သူများ လိုလားတောင့်တသော အမှန်တရားနှင့် အမှန်သတင်း စီးဆင်းမှုရေအလျဉ်ကို ပိတ်ဆို့တားဆီးခြင်းကိစ္စသည် တရားမဲ့သော၊ သမာသမတ်စိတ်ကင်းသောလုပ်ရပ်ဖြစ်နေသောကြောင့် ဖြစ်သည်။  ယင်းမျှသာမက လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (Freedom House) ကလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ကမ္ဘာလုံးဆိုင်ရာ သတင်းစာလွတ်လပ်ခွင့်သည် ကျဆင်းနေပြီး ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုသည်။
 
လူတစ်ဦးတစ်ယောက်အနေဖြင့် သမာသမတ်စိတ်ရှိရန်ဆိုသည်မှာ အသိတရား၊ သို့မဟုတ် “အသိ” ရှိရန်လိုသည်။  “အသိ” ရှိပါက အရှိသည် အလိုအလျောက်ပြည့်စုံပြီး ဖြစ်သည်။ “အသိ”  မရှိပါက သမာသမတ်ဖြစ်ဖို့ဆိုသည်မှာ အလွန်ခက်ခဲနေပေလိမ့်မည်။  
သမာသမတ်မဖြစ်သော သာဓကတို့အားဤနိုင်ငံ၏ ဖြစ်စဉ်အများအပြားက သက်သေခံနေသည်ကို တွေ့ရမည်ဖြစ်သည်။  ဤနိုင်ငံအနေဖြင့် အဓိကအားနည်းနေသော ကဏ္ဍများမှာ အခြေခံလူ့အခွင့်အရေးရရှိမှုနှင့် ပွင့်လင်းမြင်သာသည့် အုပ်ချုပ်မှုယန္တရားတစ်ရပ် ပိုင်ဆိုင်မှုတို့ဖြစ်ကြောင်း ဆန့်ကျင်ငြင်းဆိုနိုင်ပါမည်လော။
 
စာရေးသူ၏ အသိမိတ်ဆွေထံမှ သမီးက အဖေထက် အသက်တစ်နှစ်ကြီးသည့် အဖြစ်အပျက်တစ်ခုကို ကြားသိရ၍ ရယ်ရမလို ဝမ်နည်းရမလို ခံစားခဲ့ရဖူးသည်။ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်  ဆန္ဒမဲထည့်ခွင့်ရှိသူများအား ကြေညာသည့်စာရင်းတွင် မိသားစုငါးယောက်၏ အမည် နှင့် မွေးသက္ကရာဇ်ကို ကြည့်ပါ။ 
ဦးတင်ဝင်း ၃၀-၆-၁၉၇၆ (ဖခင်) (အမည်ရင်း)
ဒေါ်သန်းဝင်း ၃၀-၆-၁၉၄၇ (မိခင်) (အမည်လွှဲ)
ဒေါ်စုစုဝင်း ၃၀-၆-၁၉၇၅ (သမီး) (အမည်လွှဲ)
ဒေါ်နွယ်နွယ်ဝင်း ၃၀-၆-၁၉၇၈ (အမည်လွှဲ)
ဦးဇော်ဇော်ဝင်း ၃၀-၆-၁၉၈၁ (အမည်လွှဲ)
 
သမီးဖြစ်သူ ဒေါ်စုစုဝင်း (အမည်လွှဲထား) သည် အဖေ ဦးတင်ဝင်းထက် အသက် တစ်နှစ်ကြီးနေသည်။  ပြီးတော့ ထူးခြားသည် က မိသားစုငါးယောက်စလုံးသည် ဇွန် ၃၀ ရက် မွေးနေ့တစ်ရက်တည်းတွင် မွေးဖွားခြင်း ဖြစ်သည်။  ထိုမျှမက ဦးတင်ဝင်းနှင့် တစ်လမ်းတည်း အတူနေထိုင်လျက်ရှိသော အိမ်နီးနားချင်း နောက်ထပ် ၁၇ ယောက်တို့၏ မွေးနေ့သည်လည်း ဇွန် ၃၀ ရက်ပင် ဖြစ်နေပြန်သည်။  အချက်အလက်မှားယွင်းမှုများ၏ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်ရှိနေသည်ဆိုသည်ကို မေးခွန်းထုတ်ရန် လိုလာပြီမဟုတ်ပါလော။  
သဘောရိုးဖြင့်  မှားယွင်းချွတ်ချော်သည်ဟုဆိုပါလျှင်လည်း အသိမိတ်ဆွေနောက်တစ်ဦး ကြုံတွေ့ခဲ့ရပုံကိုကြည့်ပါ။
 
၎င်းမိတ်ဆွေ၏ ဆန္ဒမဲပေးခွင့်စာရင်းကြေညာချက်တွင် သူ၏ဇနီးနှင့် သမီးအမည်များ ပျောက်နေသည်ဆိုသည်။  သူကပင် ရယ်စရာစကား ပြောလိုက်ပါသေးသည်။  သူ့ဇနီး နှင့် သမီးကို ဘယ်သူကများ ပြန်ပေးဆွဲသွားသလဲမသိဘူးဟု ပြောသည်။  ပြီးတော့ သူသည် တစ္ဆေသရဲကြောက်တတ်သူဖြစ်နေပါလျက် သူ့နာမည် အပေါ်တည့်တည့်တွင် သေဆုံးပြီး ဖြစ်သူတစ်ယောက်၏ အမည်ကိုတွေ့လိုက်ရသဖြင့် ကျောချမ်းခဲ့သေးသည်ဟု ပြောသည်။  ဤသည်တို့က ရန်ကုန်မြို့ပြကြီးရှိ သမာသမတ်ကျမှုအား မေးခွန်းထုတ်ရမည့် အဖြစ်အပျက်များစွာအနက် နမူနာစတိ သေးသေးလေးမျှသာဖြစ်သည်။ မြို့ကြီးပြကြီးမဟုတ်သော နေရာဒေသများ၌ဆိုလျှင် မှန်းဆတွေးကြည့်ရန်ပင်လိုမည် မထင်တော့ပါ။
 
သမာသမတ်စိတ်သည် လူတစ်ယောက် ပိုင်ဆိုင်ထားသော “အသိ” ၏ နက်ရှိုင်းမှုမှ မွေးဖွားဖြစ်တည်လာသောအရာသာ ဖြစ်သည်။  အသိမှတစ်ပါး အခြားမည်သည့်အရာကမျှ သမာသမတ်စိတ်ကို မွေးဖွားပေးရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အသိနည်းပါးလျှင် သမာသမတ်စိတ် လျော့ပါးကာတရားမျှတမှုသည်လည်း ပျောက်ဆုံးနေမည်သာ ဖြစ်လေသည်။