မြို့ပြရဲ့ ငိုညည်းသံ

မြို့ပြရဲ့ ငိုညည်းသံ
Published 5 June 2015
ဇေယျာဦး

မြို့ပြရဲ့ ညနေခင်းလေးတစ်ခုမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ဟိုဟိုဒီဒီ စကားပြောဖြစ်ကြတယ်။ ရောက်တတ်ရာရာပြောရင်း သူငယ်ချင်းက သူ့ရဲ့အင်္ကျီက အိမ်မှာ အဝတ်လျှော်ရင်း စွန်းထင်းသွားတဲ့အတွက် နှမြောမိကြောင်း တမ်းတမ်းတတပြောနေပါတယ်။ နောက် သူငယ်ချင်းတစ်ယောက်က သူက ဈေးကြီးတဲ့အင်္ကျီတစ်ထည် ဝယ်လာခဲ့ကြောင်း၊ နောက်ပိုင်း အင်္ကျီမတွေ့လို့ အိမ်ကို မေးကြည့်တော့ ငွေကြေးအဆင်မပြေလို့ အပေါင်ဆိုင်တွင် ငွေ ၃၀၀၀ ကျပ်နဲ့ ပေါင်ထားရာမှ ဆုံးသွားကြောင်း မကျေမနပ် ဒေါသစိတ်နဲ့ ပြောပါတယ်။ တကယ်တော့ သူ အဲဒီအင်္ကျီဝယ်တုန်းက ငွေကျပ် ခုနစ်သောင်းနီးပါးပေးရကြောင်း ဆက်ပြောပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်က အံ့သြစွာဖြင့် မေးခွန်းတစ်ခုကို မေးလိုက်ပါသေးတယ်။ အဲဒီအင်္ကျီတွေ ဘာဖြစ်လို့ ပေါင်တာလဲတဲ့။ သူတို့နေတဲ့နေရာမှာ အင်္ကျီအဝတ်အစား ပေါင်စားတယ်ဆိုတာ မရှိဘူးတဲ့။ သူတို့ဆီက အပေါင်ဆိုင်တွေမှာ ရွှေလောက်ပဲ ပေါင်တာကို သိတယ်တဲ့။ အဲဒါပဲပေါင်လို့ရတာ ထင်တာတဲ့။
 
ဆင်းရဲတဲ့ အခြေခံလူတန်းစားတွေအနေများတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အပေါင်ဆိုင်တွေဆိုတာ မှိုလိုပေါက်နေတာပါ။ ငွေကြေးကျပ်တည်းတဲ့အခါ သူတို့ရဲ့ အားကိုးရာက ငွေတိုးချေးစားတဲ့ ငွေရှင်တွေဆီ ဒါမှမဟုတ် အပေါင်ဆိုင်တွေဆီကို ဦးတည်ကြရတယ်။ ငွေရှင်တွေဆီ ပိုက်ဆံချေးရင် အတိုးက ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ရာခိုင်နှုန်း ၂၀ ပေးရတတ်တော့ မတတ်နိုင်တဲ့သူတွေက အိမ်မှာရှိတာလေးတွေ အဝတ်အထည် ဒါမှမဟုတ် အိုးခွက်ပန်းကန်လေးတွေကို တစ်နေ့တာဝမ်းစာ ဒါမှမဟုတ် ငွေကြေးအကျပ်အတည်းအတွက် ဖြေရှင်းတတ်ကြတယ်။ အိုးခွက်ပန်းကန်ဟာ အပေါင်ဆိုင်တွေမှာ ပေါင်လို့ရသလားဆိုတာမသိတဲ့ သူငယ်ချင်းတွေအတွက်ကတော့ အံ့သြစရာဖြစ်နေပါတယ်။
 
ကျွန်တော်တို့ သူငယ်ချင်းအချို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ကြတာ တစ်ယောက်ကို ငွေကျပ် ၁၀၀၀ ဝန်းကျင်လောက်ပဲ ကုန်တာပါ။ ဒါဟာ ကျွန်တော်တို့အတွက် ဘာမှမပြောပလောက်တဲ့ပမာဏတစ်ခုပါ။ ဒါပေမဲ့ ဆင်းရဲတဲ့ အချို့မိသားစုတွေအတွက်တော့ ငွေ ၁၀၀၀ ဟာ သူတို့အတွက် မိသားစုသုံးလေးဦး တစ်နပ်စာထမင်းစားလို့ရလားဆိုတာကို သူငယ်ချင်းတစ်ယောက်က အံ့သြစွာမေးတယ်။ “ပိုက်ဆံတစ်ထောင်နဲ့ မိသားစုသုံးလေးဦး ထမင်းတစ်နပ်စားလို့ရတာ မဖြစ်နိုင်တာနဲ့၊ ဘယ်လိုစားမလဲတဲ့” ဟုတ်ပါတယ်။ ပိုက်ဆံ တစ်ထောင် ဟာ ကျွန်တော်တို့အတွက် လက်ဖက်ရည်တစ်ဝိုင်းစာတောင် မရှိပါဘူး။ မြို့ထဲမှာဆိုရင် လူတစ်ယောက်စာအတွက် တစ်ခါပြင် ကျပ် ၁၂၀၀ ဒါမှမဟုတ် ကျပ် ၁၅၀၀ ရှိပါတယ်။ လမ်းဘေးထမင်းဆိုင်ဆိုရင်တောင် ကျပ် ၇၀၀၊ ၈၀၀ လောက်ရှိပါတယ်။ ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်က ကျပ်တည်းတဲ့ မိသားစုတွေမှာ ဒီလိုမျိုးငွေတစ်ထောင်နဲ့ ထမင်းတစ်နပ်လောက်အောင် ဖြေရှင်းနေရတဲ့ မိသားစုများစွာ ရှိနေပါတယ်။ တစ်ခါတစ်ရံ အဲဒီထမင်းတစ်နပ်ဟာ သူတို့အတွက် တစ်နေ့တာအတွက်လည်း ဖြစ်သွားနိုင်ပါတယ်။
 
ရန်ကုန်မြို့ကြီးမှာ လူနေသိပ်သည်းမှုက တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ ရန်ကုန်မှာ မြန်မာနိုင်ငံ ဒေသအသီးသီးကနေ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့သူတွေ အများကြီးပါ။ တချို့တွေဆို မိရိုးဖလာလုပ်ကိုင်လာရတဲ့ လယ်မြေတွေကို စွန့်ပြီး ရန်ကုန်တက်လာကြတဲ့သူတွေ၊ အခြေခံပညာနည်းတော့ ရန်ကုန်မှာ ကြုံရာဝင်လုပ်ရင်း တစ်နေ့တာမိသားစုဝမ်းစာ ဖြေရှင်းရသူတွေ ဒုနဲ့ဒေးပါ။ အခြေခံပညာနည်းတဲ့သူတွေဟာ နေ့စားအလုပ်သမားတွေအဖြစ် ဘဝကို ရုန်းကန်နေကြရတယ်။ နေ့စားအလုပ်သမားတွေအတွက် တစ်နေ့မှာ ငွေကျပ်သုံးလေးထောင်ရဖို့ ရုန်းကန်နေကြရပါတယ်။ ရလာတဲ့ ဒီငွေလေးဟာ အိမ်ပြန်ရောက်တဲ့အခါ မိသားစုထမင်းစားဖို့၊ သားသမီးတွေ ကျောင်းတက်ဖို့၊ အိမ်လခ စတာတွေအတွက် ဘယ်လိုမှ မလုံလောက်ပါဘူး။ ဒါတောင်မှ အရှက်လုံဖို့အတွက် အဝတ်အထည် သင့်တင့်ရုံလောက်ဝယ်ဖို့ဆိုတာ ခက်ခဲပါသေးတယ်။ ဒီလိုမျိုးမိသားစုတွေဟာ မြို့ပြမှာ တဖြည်းဖြည်းနဲ့ ပိုများလာတဲ့အခါ မြို့ပြရဲ့ ငိုရှိုက်သံဟာ တဖြည်းဖြည်းနဲ့ ကျယ်လောင်လာပါတယ်။
 
ကျွန်တော်တို့ သွားလာနေတဲ့ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ပြန်ငဲ့ကြည့် ကြည့်ပါ။ တောင်းရမ်းစားသောက်သူတွေ တဖြည်းဖြည်း ပိုပိုများများလာပါတယ်။ သက်ကြီးရွယ်အိုတွေအစ ကလေးငယ်တွေအဆုံး နေပူမရှောင် မိုးရွာမရှောင် တစ်နေ့တာ ဝမ်းစာအတွက် တောင်းရမ်းနေကြတာကို တွေ့နေမြင်နေကြမှာပါ။ အခုနောက်ပိုင်းလည်း တဖြည်းဖြည်း ထပ်တိုးတွေ့လာရတာက လမ်းဘေးပလက်ဖောင်းမှာ အိပ်နေကြရတဲ့သူတွေ ဒါမှမဟုတ် မိသားစုလေးတွေကို တွေ့တွေ့လာ နေရပါတယ်။ 
အိမ်လခတွေ ဈေးကြီးတဲ့အခါ နေစရာ ကျောချစရာ အိမ်နေရာလေးတစ်ခုတောင်မှ မရှိတော့တဲ့သူတွေအတွက် လမ်းဘေးကား မှတ်တိုင်ဟာ သူတို့အတွက် ညဘက်အိပ်စက်ရာဖြစ်လာပါတယ်။ မြေနေရာပေါများတဲ့ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသားတွေအတွက် ဘဝအတွက် လုံခြုံတဲ့နေရာတစ်ခု မရှိပါဘူး။ ပေါများတဲ့မြေနေရာ တော်တော်များများဟာလည်း (ဘယ်သူ့)ပိုင်မြေဆိုတာနဲ့တင် မြန်မာနိုင်ငံသား ဆင်းရဲသား လူတန်းစားတွေဟာ တဖြည်းဖြည်းနဲ့ လမ်းဘေးရောက်ကုန်ကြတော့တာပါပဲ။
 
ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်လိုမျိုးစီမံကိန်းလဲဆိုတာ ကျွန်တော်တို့ သိချင်လှပါတယ်။ အခမဲ့ပညာရေးဆိုပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်များစွာ ဘာဖြစ်လို့ ကျောင်းမတက်နိုင်သေးတာလဲဆိုတာလည်း သိချင်လှပါတယ်။ မြန်မာနိုင်ငံမှာ ထမင်းငတ်သေတဲ့လူ မရှိဘူးလို့ ပြောခဲ့ဖူးတဲ့ ကျွန်တော်တို့တွေဟာ ထမင်းငတ်နေတဲ့သူတွေကို မြင်နေကြားနေရတာ ဘာကြောင့်ပါလိမ့်ဆိုတာ တွေးနေမိပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် နေစရာ မြေတစ်နေရာတောင်မရှိဘဲ အခြားနိုင်ငံခြားသားတွေအတွက် ဘာဖြစ်လို့ မြေနေရာတွေ ဒီလောက်ပေါများနေသလဲဆိုတာ သိချင်လှပါတယ်။
 
ဘာကြောင့် အမယ်အိုတွေ၊ အဘိုးအိုတွေ သူတစ်ပါးဆီက တောင်းရမ်းစားသောက်နေကြပါသလဲ။ အဘွားအို အဘိုးအိုတွေကို စွန့်ပစ်လာကြတာ ဘယ်သူတွေများမှာပါလဲ။ အနာဂတ်ရဲ့မျိုးဆက်သစ်တွေလို့ဆိုကြတဲ့ ယနေ့ခေတ် ကလေးငယ်တွေ (အများစု) ဘာကြောင့် ကျောင်းပညာရေးကို ကျောခိုင်းပြီး အလုပ်လုပ်ကြတာလဲ။ တချို့ လက်ဖက်ရည်ဆိုင်၊ မီးပွိုင့်ကားမှတ်တိုင်တွေမှာ ၁၀ နှစ်အောက် ကလေးငယ်လေးတွေ အလုပ်လုပ်နေကြတာ အားလုံးသိကြမြင်ကြမှာပါ။ သူတို့တွေဟာ အနာဂတ်အတွက် မျိုးဆက်သစ်တွေ ပါ။ ကျောင်းပညာရေးကို ကျောခိုင်းနေသူတွေ သေစာရှင်စာလောက်သာ တတ်ကြတဲ့သူတွေဟာ နောင်တစ်ချိန်မှာ ကျွန်တော်တို့ လူကြီးတွေနေရာကို ရောက်လာကြမှာပါ။ အဲဒီအခါကျရင် နိုင်ငံအတွက် ဘယ်သူတွေက တာဝန်ယူပေးကြမှာပါလဲ။ ဒါတွေကိုလည်း သိချင်မိပါတယ်။
 
တစ်နေ့မှ ကျပ် ၁၅၀၀၊ ၂၀၀၀ လောက်ရတဲ့ စက်ရုံအလုပ်သမလေးတွေ မိသားစုစားဝတ်နေရေးအတွက် လစာတိုးရဖို့ အစိုးရကို အကူအညီတောင်းတာကို ဘာကြောင့်များ သူတို့လေးတွေရဲ့ ဘဝအခက်အခဲကို ဖြေရှင်းပေးဖို့ ခက်ခဲနေတာပါလဲ။ တကယ်တော့ ၁၅၀၀၊ ၂၀၀၀ ဆိုတာ ငွေကြေးချမ်းသာတဲ့သူတွေအတွက် ပြောပလောက်တဲ့ ငွေကြေးပမာဏ မဟုတ်ပါဘူး။ စဉ်းစားစရာမလိုလောက်တဲ့ ငွေကြေးပါ။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ငွေကျပ် ၁၅၀၀၊ ၂၀၀၀ ဆိုတာ တစ်နေကုန်အလုပ်လုပ်မှ ရလာတဲ့ ပိုက်ဆံပါ။ 
ဒါပေမဲ့ ဒီပိုက်ဆံဟာ မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့အတွက် လုံလောက်တဲ့ပမာဏ မဟုတ်ပါဘူး။ ဒါ ကြောင့် တစ်နေ့ ၂၀၀၀ လောက်နဲ့ လောက်အောင် သုံးဖို့အတွက်ဆိုတာ အလွန်တရာမှ ခက်ခဲလွန်းပါတယ်။ နွားနို့တစ်ခွက်ကို ကျပ် ၅၀၀ ရှိပါတယ်။ 
ဉာဏ်ရည်ထက်မြက်ဖို့ နေ့ စဉ် နွားနို့သောက်ရမယ်ဆိုရင် ကျန်တဲ့သူတွေ အငတ်နေရပါလိမ့်မယ်။ နေ့စဉ်ဘဝဟာ နွားနို့တစ်ခွက်တည်းနဲ့ ပြီးသွားတာမှ မဟုတ်တာ။
 
မြို့ပြဟာ ဝမ်းနည်းစွာ ငိုညည်းလာပါတယ်။ သူ့ရဲ့ ငိုညည်းသံဟာ တဖြည်းဖြည်းနဲ့ ကျယ်လောင်လာနေပါပြီ။ ထို့အတူပါပဲ မျှော်လင့်ချက်မဲ့နေတဲ့ ပြည်သူအများစုဟာ အနာဂတ်အတွက် ေ၀ဝါးနေပါတယ်။ ဒါတွေကို ဘယ်သူတွေက တာဝန်ယူလုပ်ဆောင်ပေးကြ မှာပါလဲဆိုတာကိုတော့ ကျွန်တော် အလွန်တရာမှ သိချင်မိပါတယ်။