လူငယ်စိတ်ဓာတ်

လူငယ်စိတ်ဓာတ်
Published 4 June 2015
ဖြိုးသီဟ

(၁)
ခက်ခဲကြမ်းတမ်းလှပါတယ်ဆိုတဲ့ ချင်းတောင်တန်းတွေပေါ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာလုပ်နေတဲ့ ရန်ကုန်သား ကျွန်တော့်ကို တော်တော်များများက တအံ့တသြ မေးလေ့ရှိတယ်။ ဘာလို့များ ဒီမှာအလုပ်လုပ်ဖို့ စိတ်ကူးလိုက်ရတာလဲတဲ့။ အဲဒီအတွက်တော့ ပေးစရာအဖြေတစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်တစ်ခု တိုးတက်ရေးအတွက် အခွင့်အရေးရတုန်း၊ ကျွန်တော်လည်း လုပ်နိုင်စွမ်း ရှိတုန်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားချင်လို့ပါပဲ။
ကျွန်တော်တို့ အဲဒီလိုရည်ရွယ်ချက်နဲ့ အခက်အခဲတွေကြားထဲကနေ ချင်းတောင်တန်းတွေပေါ်ကို တက်လာခဲ့တဲ့အချိန်မှာ ဒေသခံတွေဆီမှာလည်း တူညီတဲ့စိတ်တစ်ခု ရှိနေလိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ တကယ်တမ်း အလုပ်လုပ်ကြည့်တဲ့ အခါကျတော့ တချို့လည်း ကိုယ့်ဒေသ ကိုယ့်လူမျိုး အကျိုးအတွက် စိတ်ဓာတ်အပြည့်နဲ့ အလုပ်လုပ်ကြပေမယ့် တချို့ကျတော့လည်း အလုပ်တစ်ခု လုပ်ရမယ်ဆိုရင် ငါဘာရမှာလဲ ဆိုတဲ့ မေးခွန်းကို အရင်ဆုံး စမေးတတ်ကြတယ်။ တကယ်တော့ ဒီဒေသတိုးတက်ဖို့အတွက် ကျွန်တော်တို့လို ခဏတစ်ဖြုတ် ရောက်လာတဲ့သူတွေထက် အဲဒီမှာ ရှိနေကြတဲ့ ဒေသခံတွေရဲ့ အခန်းကဏ္ဍက ပိုအရေးပါပါတယ်။
ဒေသတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်နိုင်ငံလုံးအနေနဲ့ စဉ်းစားလည်း ဒီလိုပါပဲ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေဆီကို ဖွံ့ဖြိုးပြီးသား တိုင်းပြည်တွေကနေ အကူအညီတွေ အများကြီးပဲ ပေးခဲ့ကြတယ်။ ပေးလည်းပေးနေကြတယ်။ ဒါပေမဲ့ ထူးထူးခြားခြား ပြောင်းလဲမလာကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကြိုးစားဖို့ထက် အဲဒီအကူအညီတွေကိုပဲ မျှော်တလင့်လင့် ဖြစ်ကုန်ကြလို့ပါ။ တကယ်တော့ နိုင်ငံတကာ အကူအညီတွေဆိုတာ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူး။ ဒီတိုင်းပြည်ထဲမှာ ရှိနေကြတဲ့ လူတွေကိုယ်တိုင်က တိုးတက်ချင်စိတ်အပြည့်နဲ့ အလုပ်လုပ်ကြဖို့ လိုပါတယ်။
အဆိုအမိန့်တစ်ခု ရှိပါတယ်-
Ask not what your country can do for you, ask what you can do for your country.
တိုင်းပြည်က ကိုယ့်အတွက် ဘာလုပ်ပေးမှာလဲ ဆိုတာထက် ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မှာလဲဆိုတဲ့ မေးခွန်းကိုသာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြရမှာပါ။
ဒီလိုစကားကို လူကြားထဲပြောရင် ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ် ထင်ကြမှာပါ။ ဒါပေမဲ့ အဲ့လိုကြီးကျယ်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေရှိတဲ့ အဖွဲ့အစည်းတွေသာ ဖွံ့ဖြိုးတိုးတက်လေ့ ရှိတာကို ကမ္ဘာ့သမိုင်းတွေက သက်သေခံထားပါတယ်။
(၂)
ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်အဖွဲ့အစည်းကို စုစည်းကျစ်လျစ်အောင် လုပ်ပေးပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်ခေါ်သွားနိုင်တဲ့သူမျိုး ဖြစ်ပါတယ်။
ခက်ခဲပြီး မဖြစ်နိုင်တဲ့ အနေအထားတစ်ရပ်ကနေ ရုန်းကန်ထလာကြတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို လေ့လာကြည့်လိုက်ရင် ငါတို့မကြိုးစားလို့ မဖြစ်တော့ဘူးဆိုတဲ့ sense of urgency ကို အထင်အရှား တွေ့ရလိမ့်မယ်။ ခေါင်းဆောင်တွေက အဲဒီ sense ကို ပြည်သူတစ်ရပ်လုံးမှာ ရှိနေအောင်လုပ်ပေးတယ်။ ဒီအသိကပဲ ပြည်သူတွေရဲ့ရင်ထဲမှာ စိတ်ဓာတ်တက်ကြွမှုတွေကို ပေါက်ဖွားလာစေတယ်။ အဲဒီအခါမှာ ပြည်သူတစ်ရပ်လုံးရဲ့အားနဲ့ တိုင်းပြည်က ဆင်းရဲတွင်းထဲကနေ ရုန်းထွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်လည်း အဲ့လိုခေါင်းဆောင်မျိုး လိုအပ်နေပါတယ်။
(၃)
U-20 မြန်မာဘောလုံးအသင်းဟာ ပြည်သူတွေရဲ့ တစ်ခဲနက်အားပေးမှုကို ခံနေရတယ်။ နိုင်ပွဲတွေ ရလဒ်တွေကြောင့် ဆိုတာထက် ပွဲတိုင်းပွဲတိုင်းမှာ နောက်ဆုံးမိနစ်အထိ မဆုတ်မနစ် ကြိုးစားကစားတတ်ကြတဲ့ သူတို့ရဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။ လူကောင်သေးတယ် အခြေခံအားနည်းတယ် ရလဒ်ပိုင်းအရလည်း ရှုံးနိမ့်တယ်။ ဒါပေမဲ့ ဘယ်သူကမှ အထင်မသေးရဲဘူး။ ခိုင်မာတဲ့စိတ်ဓာတ် တစ်ခုရဲ့အောက်မှာ အားလုံးဟာ ဦးညွှတ်ကြရစမြဲပဲ။
သူတို့ဟာ တိုင်းပြည်က ဘာတွေပံ့ပိုးပေးမှာလဲ ဆိုတာထက် သူတို့အနေနဲ့ တိုင်းပြည်ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့အတွက်ပဲ အစွမ်းကုန် ကြိုးစားနေကြတယ်။
မြင်ဖူးသမျှ မြန်မာဘောလုံး အသင်းတွေထဲမှာ ခြေစွမ်းအကောင်းဆုံး ဟုတ် မဟုတ် မသေချာပေမယ့် စိတ်အားအတက်ကြွဆုံး အသင်းဆိုတာကတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ တကယ်တော့ မြန်မာတွေဟာ အရည်အချင်းရော စိတ်ဓာတ်ပိုင်းမှာပါ မညံ့ကြပါဘူး။ ဒါကို ဒီလူငယ်တွေက သက်သေခံလိုက်ပါပြီ။
အိပ်မက်တွေ၊ ပန်းတိုင်တွေ ပျောက်ဆုံးနေကြတဲ့ မြန်မာပြည်သူတွေရဲ့ တိမ်မြုပ်နေတဲ့ စိတ်ဓာတ်ပြင်းပြမှုတွေ၊ အရှုံးမပေးတဲ့ စိတ်တွေကိုလည်း ဒီအသင်းကနေ ဖော်ထုတ်ပေးနိုင်ပါစေလို့ မျှော်လင့်နေမိပါတယ်။