လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့်စွမ်းအင် စသည့်ကဏ္ဍများဖွံ့ဖြိုးရေးတွင် ဒေါ်လာရှစ်ဘီလျံသုံးစွဲရန် တရုတ်-မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။
China Sichuan - Myanmar Business Matching Conference ကို ၂၀၁၅ ခုနှစ် မေ ၂၈ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တိုးချဲ့ရေး၊ ဆက်သွယ်ရေးကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် သုံးစွဲရန်အတွက် ငွေပမာဏ ဒေါ်လာရှစ်ဘီလျံခန့်ရှိသော နားလည်မှု စာချွန်လွှာကို ရေးထိုးထားကြောင်း သိရသည်။
“တရုတ်နဲ့ မြန်မာအစိုးရကြားမှာ ဒေါ်လာရှစ်ဘီလျံ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာ သိပ်မကြာသေးပါဘူး။ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ မွေးမြူရေးစတဲ့ ကဏ္ဍတွေ အတွက်ရှစ်ဘီလျံပေးဖို့ ရေးထိုးထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် ချေးငွေတွေလည်းပါတယ်။ ချေးငွေက Government to Government ပေးတာဖြစ်တဲ့အတွက် အစိုးရကတစ်ဆင့် Private Bank တွေကို ပြန်သွားတဲ့ပုံစံမျိုးပါ” ဟု ကုန်သည်စက်မှု အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ဆိုသည်။
ထို့အပြင် အဆိုပါ နားလည်မှုစာချွန်လွှာအရ တရုတ်-မြန်မာ နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကော်မတီတစ်ရပ် ထူထောင်သွားရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ချေးငွေတစ်ရပ် ဆက်လက် ထုတ်ချေးသွားရန်၊ တရုတ်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနည်းပညာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးရန်၊ တရုတ်-မြန်မာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သရုပ်ပြဗဟိုဌာန တစ်ခုတည်ထောင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ယင်းအပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်စွမ်းအားကဏ္ဍ၊ အခြေခံအဆောက်အအုံ တိုးတက်ခိုင်မာရေးသည် အဓိကလိုအပ်ချက် ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတစ်ရပ် ထူထောင်ရန်ကို သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံ ကုမ္ပဏီများအကြား လျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ လုံခြုံစိတ်ချမှုရှိရန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေရေးနှင့်အညီ လိုက်နာဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
“တရုတ်-မြန်မာ စိုက်ပျိုးရေးကော်မတီ ထူထောင်ဖို့ရှိတယ်။ အဲဒီမှာ နည်းပညာ၊ ဘဏ္ဍာရေးဆိုင်ရာတွေကို ဘယ်လိုပေးမယ် ဆိုတာပါတယ်။ သူတို့ရဲ့ကော်မတီမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာပါ ပါတယ်” ဟု ၎င်းက ပြောကြားသည်။
တရုတ်- မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅၇ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၀၁၆ ဘီလျံရှိခဲ့သည်။
လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲရန် တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာ ရေးထိုး