ကျွန်တော်က သာမန်ပြည်သူတစ်ယောက်ပါ။ လူကြီးမင်းတို့ အခွန်ကောက်တာတွေက ဘာအတွက်ပါလဲ ခင်ဗျာအစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့လား၊ ပြည်သူအကျိုးပြု လုပ်ငန်းတွေအတွက် အသုံးချဖို့များလား၊ တိုင်းပြည်တိုးတက်ဖို့အတွက်များလား ကျွန်တော်မသိလို့ပါ။အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ဆိုရင် အစိုးရဌာနတွေနဲ့ ပတ်သက်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကိုလည်း လွယ်ကူလျင်မြန်စွာ လုပ်နိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲပေးပါ။လာဘ်ပေးလာဘ်ယူမှုတွေ လုံးဝကင်းသွားအောင် ပြုလုပ်ပေးပါခင်ဗျာ။ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးက အစပေါ့။အခုအခြေအနေမှာတော့ အခွန်ဆောင်ဖို့၊ လိုင်စင်လုပ်ဖို့၊ ပတ်စ်ပို့ထုတ်ဖို့၊ မှတ်ပုံတင်လုပ်ဖို့၊ သန်းခေါင်စာရင်းလုပ်ဖို့ စသည်စသည် အစိုးရရုံးများနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ရတာ ကျွန်တော်တို့ပြည်သူတွေအတွက် အရမ်းပဲခက်ခဲပြီး ငွေကုန်ကြေးကျ များနေတုန်းပဲလို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က အစိုးရဝန်ထမ်းတွေ လစာတိုးမယ်လို့ ကြားတာနဲ့ စားသောက်ကုန်ဈေးတွေက စပြီးတက်တော့တာပါပဲ။ စားသောက်ကုန်ဈေးတက်တော့ အခြားကုန်ပစ္စည်းတွေကလည်း တက်ကုန်ရောဗျာ။ လူကြီးမင်းတို့ အစိုးရဝန်ထမ်းတွေကို တိုးပေးလိုက်တဲ့ လစာက ဘယ်ရောက်သွားလဲ ဆိုတာတော့ မသိပါဘူး။ ကျွန်တော်တို့ အခြေခံလူတန်းစား ပြည်သူတွေကတော့ ဒုက္ခတွေရောက်ပြီးရင်း ရောက်ပြန်ရပါကောလား။ပြည်သူအကျိုးပြု လုပ်ငန်းတွေအတွက်ဆိုရင်ဗျာ ကျွန်တော်တို့ ခံစားနေရတဲ့ အရာလေးတွေ နည်းနည်းပြောချင်ပါတယ်။ကောက်လိုက်တဲ့ အခွန်တွေကတော့ ဘယ်ရောက်နေလဲ မသိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ ရန်ကုန်မှာ လိုင်းကားစီးရတဲ့ ဒုက္ခကိုပဲ ပြောပြပါရစေ။မထသအောက်မှာရှိတဲ့ မော်တော်ယာဉ်လိုင်းကားတွေက ကားနည်းရင် နည်းသလို ယာဉ်စီးခကို တိုးကောက်တယ်။ ပွဲစားစကားနဲ့ ပြောရရင်တော့ ခရီးသည်တွေကိုနင်းပြီး သူတို့အတွက် အမြတ်ထုတ်ကြတယ်ပေါ့ခင်ဗျာ။ မထသက ပြောထားတာက ကျွန်တော်သိသမျှတော့ ယာဉ်စီးခ ပိုမိုကောက်ခံသော ယာဉ်လိုင်းများကို အရေးယူမယ်လို့ ဆိုထားပါတယ်။ လူကြီးမင်းတို့ အရေးယူမယူတော့ မသိဘူး။ မှတ်တိုင်မဟုတ်တဲ့နေရာ ခရီးသည်ကို ချလိုချပေး။ ကားတွေမောင်းနေတဲ့ ကြားထဲမှာ ချလိုချပေးနဲ့ဗျာ အဆိုးဆုံးကတော့ ဘီအမ်ကားတွေပါ။ ယာဉ်စီးခကို ၂၀၀ လမ်းကို ၃၀၀ တောင်း၊ ၁၀၀ လမ်းကို ၂၀၀ တောင်းနဲ့ ကျွန်တော်တို့ အခြေခံလူတန်းစားတွေအတွက် ပိုက်ဆံ ၁၀၀ ကလည်း ထမင်းစားလို့ ရပါတယ်။ လူကြီးမင်းတို့ အတွက်ကတော့ ၁၀၀ တန်ဆိုတာ မြင်တောင်မြင်ဖူးမှာတောင် မဟုတ်ဘူးလို့ ထင်မိပါတယ်။ နောက်တစ်ခုက ရန်ကုန်မှာ ကားတွေများပြီး ကားတွေကျပ်နေတာကို လူကြီးမင်းတို့အနေနဲ့ ပြည်သူတွေတော်တော်များများ ကားစီးနိုင်ပြီလို့များ ထင်နေသလားပဲ။ အဆင်ပြေနေကြပြီလို့များ ထင်နေသလားပဲ။ အခြေခံလူတန်းစားတွေကတော့ လိုင်းကားကိုတောင် အဆင်ပြေပြေ မစီးနိုင်သေးပါဘူးခင်ဗျ။ ကျွန်တော် ဖတ်ဖူးသမျှတော့ သူတပါးတိုင်းပြည်မှာ အခမဲ့လိုင်းကားတောင် ရှိတယ်ဆိုပဲ ကြားဖူးတာလေးပါ။ကျွန်တော်တို့မှာတော့ လိုင်းကားစပယ်ယာက အော်လိုက် ဆဲလိုက်နဲ့ ဒီကားမှမစီးရင် အိမ်မရောက်ဘူးဆိုတော့လည်း စီးနေရပါတယ်။ ဒီအဖြစ်တွေကို လူကြီးမင်းတို့ တစ်ရက်လောက်တော့ ခံစားကြည့်စေချင်ပါတယ်။ လူကြီးမင်းတို့ ကောက်ခံထားတဲ့ အခွန်တွေ ဘယ်နားရောက်နေလဲတော့ ကျွန်တော်တို့ မသိပါ။အခု နောက်တစ်မျိုး လူကြီးမင်းတို့က လေခွန် (ဖုန်းဘေလ်ခွန်) ကောက်တော့ တန်ဖိုးနည်းဖုန်းချပေးပြီးတော့ ဖုန်းကိုင်ကောင်းတုန်းပဲ ရှိသေးတယ်ဗျာ။ တချို့ဆို miss call လေး ပေးပေးပြီး သုံးနေတုန်းပဲ ရှိသေးတယ်ဗျာ ကျွန်တော်တို့က စကားတောင် များများမပြောရဲအောင် ဖြစ်နေပါတယ်။ ကောက်ခံတဲ့ နှုန်းထားကလည်း အင်တာနက်မှာ တွက်ပေးထားတာ တွေ့လိုက်ရတာကတော့ လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းအလုံးရေအရဆိုရင် ဖုန်းအားလုံးက တစ်မိနစ်စကားပြောလိုက်တာ နဲ့လူကြီးမင်းတို့ရဲ့ အခွန်က ၃၃၆ သိန်းရပြီ ဆိုတော့ဗျာ။ အဲဒီပိုက်ဆံတွေ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက် နေရေး၊ စားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး.....အစရှိတဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ဖို့များ ကောက်ခံသလားလို့တော့ မေးခွင့်ပြုပါ။လူကြီးမင်းတို့ရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးကလည်း ကောင်းပါတယ်။ ဆင်းရဲသားတွေ လူကြီးမင်းတို့ မြင်ကွင်းကနေ ပျောက်သွားကြတာတွေလေ။ မြို့ပြင်ရောက်ကုန်ပြီဗျ။ လယ်ကွင်းတွေထဲမှာ နောက်တစ်ခါ လာမဖယ်ခိုင်းမချင်း တဲထိုးနေကြပြီလေ။ သာမန်ရပ်ကွက်ထဲက အိမ်လခတောင် အနည်းဆုံး ၆၀၀၀၀ ရှိတယ်ခင်ဗျ။ လူကြီးမင်းတို့နေတဲ့ အိမ်တွေက ကျွန်တော်တို့ အခွန်တွေနဲ့ ဆောက်လုပ်ထားတာကို ကျွန်တော်တို့ ကြည်ဖြူစွာ လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင်တော့ လုပ်ပေးကြပါဦးဗျာ။ဧရာဝတီတိုင်းအတွင်းရှိ စာသင်ကျောင်းဆောင်တစ်ခု (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ကျွန်တော်တို့ပြည်သူတွေမှာ အခွန်လည်း ဆောင်ရ။ အစိုးရရုံးသွားရင် အခွန်ထဲက ပိုက်ဆံနဲ့ လစာပေးထားတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အော်ဟစ်ခြင်းလည်း ခံရ။ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလည်း ထပ်ပေးရ။ မိအေး ဘယ်နှခါမှန်းမသိအောင် နာနေရပါတယ်။လမ်းခရီးသွားတော့လည်း အော်ဟစ်ခံရခြင်းမှ မလွတ်ကင်းပါ။ အခြေခံပြည်သူတွေများစွာမှာ တစ်နေ့အလုပ်လုပ်ဖို့ လမ်းစရိတ်ကို ရှိတာလေးပေါင်၊ ပြန်ရောက်မှ ပြန်ရွေးနဲ့ ဘဝကို ဖြတ်သန်းနေကြရတာ ခဏဖြစ်ဖြစ် ဝင်ခံစားကြည့်စေချင်ပါတယ်ဗျ။ ရတဲ့ဝင်ငွေက တစ်ပဲခြောက်ပြား ဟိုကြေးဒီကြေး၊ ဟိုအခွန် ဒီအခွန်နဲ့ သေတာသေသွားတယ်။ အိမ်ပိုင်ဆိုင်မှုမရှိတဲ့သူတွေ အများကြီး၊ လိုင်းကားလေးတောင် ချောင်ချောင်လည်လည် စီးမသွားရတဲ့သူတွေ အများကြီးပါဗျာ။ လူကြီးမင်းတို့မှာတော့ မရှိဘူးဆိုတာတောင် မသိတဲ့ အခြေအနေတွေပါဗျာ။ လူကြီးမင်းတို့ ကမ္ဘာပတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေက ကိုယ့်ဒေသကလွဲပြီး ဘယ်မှမရောက်ဖူးဘဲ သေသွားကြရတဲ့သူတွေ အများကြီးပါဗျာ။ လူကြီးမင်းတို့ သားသမီးတွေ ကျောင်းကောင်းကောင်းမှာ ပညာသင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ သားသမီးတွေ ပညာမသင်ရဘဲ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကားဝပ်ရှော့မှာ အလုပ်လုပ်နေတဲ့သူတွေ လမ်းဘေးမှာ တောင်းစားနေရတဲ့သူတွေ၊ လူကုန်ကူးခံရတဲ့ ကလေးတွေ၊ မိဘက ရင်နာနာနဲ့ ရောင်းစားလိုက်ရတဲ့ ကလေးတွေ၊ တွေ့ရာနေရာမှာအိပ်ပြီး ခြေသလုံးအိမ်တိုင်ဘဝနဲ့ နေရတဲ့ ကလေးတွေ အများကြီးပါ။ကောက်ထားတဲ့အခွန်တွေ ဘာအတွက်လဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ နားမလည်တာက ဒီလိုအဖြစ်အပျက်တွေကို ဒါတွေကို မသိတာလား။ မမြင်တာလား။ မမြင်ဘူး၊ မသိဘူးဆိုရင်တော့ လူကြီးမင်းတို့ သွားလာနေတဲ့ လမ်းတွေမှာ ဆင်းရဲမွဲတေမှုတွေ မရှိဘဲ။ ပညာကောင်းကောင်းသင်နေရတဲ့ ကလေးတွေ၊ ခဏတစ်ဖြုတ် ပြုပြင်ထားတဲ့ နေရာတွေပဲ မြင်နေကြရလို့ ဖြစ်မှာပါ။ရပ်ကွက်ထဲက ကျောင်းအချို့မှာတောင် ဒီအခန်းနေချင်ရင် ဒီလောက်၊ ဟိုအခန်းဆိုရင် ဘယ်လောက်နဲ့ သတ်မှတ်မှုနဲ့ဆိုတော့ နိုင်ငံခြားကျောင်းတွေနဲ့ယှဉ်ရင် ဟို....ဝေး......ဝေး မှာပါ။ ကျောင်းအပ်ရင် ဘာဖိုးမှ မပေးရပါဘူး။ မှန်ပါတယ်။ ဒါပေမဲ့ အလှူ ငွေ ဆိုတာကြီးကတော့ ရှိနေတုန်းပါပဲ။ဒါကြောင့် အခွန်ကောက်မယ်ဆိုရင်လည်း ကျွန်တော်တို့ပြည်သူတွေ အထူးသဖြင့် အခြေခံလူတန်းစားတွေအတွက် ဘယ်ဘက် ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ စဉ်းစားပေးကြပါ။ လူကြီးမင်းများခင်ဗျား ကျွန်တော်တို့အတွက် နေရေးလား၊ ပညာရေးလား၊ စားရေးလားဆိုတာလေးတွေ စဉ်းစားပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ။
ဒါလေးတွေတော့ ပြောပါရစေ . . .
Most Read
Most Recent
1 hour ago










