နီးလျက်နဲ့ မဝေးစေဖို့

နီးလျက်နဲ့ မဝေးစေဖို့
Published 27 May 2015
တင်ယုနွယ်

No Wifi!
Talk to each other!
Call your Mom!
Pretend it’s 1993!
Live…
ဒီစာသားလေးတွေကို တွေ့ရတာကတော့ Facebook ရှိ ကိုယ့်အကောင့်ထဲက သူငယ်ချင်းတစ်ယောက် share ထားတာကို ဖတ်လိုက်ရတာပါ။ စာသားလေးကို ဖတ်ပြီးချိန်မှာ ရေးထားတာလေးတွေဟာ တကယ့်လူမှုဘဝမှာ ဖြစ်နေတာနဲ့ပတ်သက်ပြီး ကိုက်ညီနေတာကြောင့် သဘောကျမိပြီး မူရင်းဓာတ်ပုံတင်သူကို လိုက်ရှာမိပါတယ်။ မူရင်း ဓာတ်ပုံတင်သူကတော့ နေရာအတိအကျကို ဖော်ပြမထားပေမယ့် ကိုယ့်နိုင်ငံမှာရှိတဲ့ ကော်ဖီဆိုင်မျိုး မဟုတ်ဘဲ အနောက်နိုင်ငံ တစ်နိုင်ငံရှိ ကော်ဖီဆိုင်တစ်ခုရဲ့ရှေ့မှာ အဲဒီစာသားတွေရေးထားတဲ့ ကျောက်သင်ပုန်းလေးကို  ဓာတ်ပုံရိုက်ပြီး အကောင့်ပေါ်မှာ တင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံကို ဇန်နဝါရီလဆန်း လောက်ကတည်းက တင်ထားတာဖြစ်ပေမယ့် မေလလောက်အထိကို ပုံအောက်မှာ Like ပေး၊ Comment ရေးထားတာတွေကို တွေ့ရပါတယ်။ အဲဒီဓာတ်ပုံကို Like လုပ်သူ ၉၉၀၀၀ ကျော်ရှိပြီး Share သူ ၁၂၀၀၀၀ ကျော်ရှိပါတယ်။ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေရဲ့ ဝန်ဆောင်မှုမှာ Wifi Free ဆိုတဲ့စာတန်းနဲ့ စားသုံးသူတွေကို အပြိုင်အဆိုင် ဆွဲဆောင်ချိန်မှာ ဒီဆိုင်လေးက ထူးဆန်းလို့နေသလို ရေးထားတဲ့ စာသားလေးတွေမှာ ကိုယ့်မိသားစုအပေါ် ဂရုမစိုက်မိဘဲ အွန်လိုင်းမှာရှိတဲ့ ကိုယ့်အကောင့်တွေကိုပဲ တစ်ကမ္ဘာထင်မိနေမှာကို သတိပေးရေးထားတဲ့ စာသားလို့ ပြောနိုင်ပါတယ်။ အင်တာနက်မြန်နှုန်း ကောင်းမွန်လွန်းတဲ့ နိုင်ငံမှာမဟုတ်တဲ့ ကိုယ့်နိုင်ငံရှိ ဆိုင်တော်တော်များများမှာတောင် Wifi Free ဆိုတာကို ဝန်ဆောင်မှု တစ်ခုအနေနဲ့ ထည့်သွင်းပြီး စားသုံးသူတွေကို ဆွဲဆောင်တာ နေရာတော်တော် များများမှာ တွေ့ရမှာပါ။
ရန်ကုန်မြို့တင်မက နယ်မြို့ရှိ လက်ဖက်ရည်ဆိုင်တွေမှာပါ ဘောလုံးပွဲ၊ ရုပ်ရှင် ပြသမှုတွေအပြင် Wifi Free ရသည် ဆိုတဲ့စာတန်းနဲ့ စားသုံးသူတွေကို ဆွဲဆောင်လာကြပါပြီ။ သာစည်မှာရှိတဲ့ အသိတစ်ယောက်က ပြောပြတာကတော့ သူတို့မြို့မှာ မှာရှိတဲ့ Wifi Free ရတဲ့လက်ဖက်ရည်ဆိုင်မှာ တခြားဆိုင်တွေထက် လူပိုများသလို ညဘက်ဆိုင်ပိတ်သွားရင်တောင် လမ်းဘေးမီးတိုင် အောက်မှာ၊ ဆိုင်အနီးနားဝန်းကျင်တွေမှာ မိုဘိုင်းဖုန်း ကိုယ်စီကိုင်ပြီး ည ၁ နာရီ၊ ၂ နာရီလောက်အထိ အွန်လိုင်းသုံးနေကြသူ တွေကို တွေ့နိုင်တယ်လို့ ပြောပြပါတယ်။
နိုင်ငံတကာ သတင်းတစ်ပုဒ်မှာတော့ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေ အပေါ် စွဲလမ်းတာကို ကျန်းမာရေးပြဿနာ လို့သတ်မှတ်ပြီး  စိတ်ကျန်းမာရေးပြဿနာ အဖြစ် လက်ခံထားတယ်လို့ စင်ကာပူနိုင်ငံက စိတ်ကျန်းမာရေး ပညာရှင်တွေက ထုတ်ဖော် ပြောကြားထားတာကို ဖတ်ရပါတယ်။ စင်ကာပူမှာ ဖေ့စ်ဘွတ် တစ်ကြိမ်ကြည့်ရင် ပျမ်းမျှ ၃၈ မိနစ်ခန့်ကြာမြင့်တတ်ပြီး ဆေးရုံကိုလာရောက်ပြသတဲ့လူနာတွေမှာ ဖိအား၊ စိုးရိမ်မှု တွေနဲ့ ဆက်နွှယ်နေတဲ့ပြဿနာတွေဖြစ်ပြီး သူတို့ရဲ့လက္ခဏာတွေက အွန်လိုင်းအသုံးပြု ဖို့၊ လူမှုကွန်ရက် အသုံးပြုဖို့တွေကြောင့် ဖြစ် နေတယ်လို့  စိတ်ကျန်းမာရေးပညာရှင် ဝမ်က သတင်းထဲမှာ ပြောထားတာကို ဆက်ဖတ်ရပါတယ်။ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ဆံပင်ရှည်ပြီး ပိန်လှီနေကာ ရက်ပေါင်းများစွာ ရေမချိုး ထားဘဲ အွန်လိုင်းအလွန်အကျွံ အသုံးပြုထား တဲ့ လက္ခဏာရှိသူ  အသက် ၁၈ နှစ်အရွယ် ကျောင်းသား ဖခင်က သားရဲ့ ကွန်ပျူတာကို ခွဲယူပြီး အိမ်မှာရှိတဲ့ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ရာ  ဖခင်ဖြစ်သူနဲ့ ပြန်ရန်ဖြစ်သလို  အိမ်နီးနားချင်းတွေဆီကနေ အင်တာနက်ရဖို့  အသည်းအသန် ကြိုးပမ်းတာတွေရှိ လာတာကြောင့် နောက်ဆုံး စိတ်ကျန်းမာရေး ဆေးရုံမှာ ကုသမှုခံယူစေခဲ့ရတယ်လို့ သတင်းမှာ ဖတ်ရပါတယ်။ အရင်က အွန်လိုင်းဂိမ်းစွဲလမ်းတာတွေ ခေတ်စားခဲ့ပေမယ့် အခုအခါ လူမှုကွန်ရက်မီဒီယာနဲ့ ဗီဒီယိုကြည့်ရှုမှုတွေကို စွဲလမ်းမှုမြင့်တက်လာနေတယ်လို့ လေ့ လာမှုတွေမှာ ဖော်ပြထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအရ ဖုန်းမှာ စာရိုက်သုံးစွဲတာကြောင့် လည်ပင်းနာကျင်မှု ခံစားရတဲ့ လူတွေပိုများလာတယ်လို့ စင်ကာပူဆေးရုံကြီး တစ်ရုံရဲ့ အတိုင်ပင်ခံ ပညာရှင်က ပြောကြားမှုကိုလည်း သတင်းမှာ ဖော်ပြထားပါတယ်။
နည်းပညာခေတ်အတွင်းက နေ့စဉ်လှုပ်ရှားသွားလာ နေကြသူအများစုဟာ အွန်လိုင်းပေါ်မှာ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်နိုင်၊ ခင်မင်နိုင်၊ အလုပ်လုပ်နိုင်၊ အဝေးရောက် နေသူတွေကိုတောင် မျက်နှာမြင် စကားပြောလာနိုင်တဲ့ အထိကို အဝေးကလူတွေကို နီးစပ်စေ တာကို မငြင်းသလို နီးနေတဲ့သူတွေကို ဝေးသွားစေတာကိုလည်း ငြင်းမရပါဘူး။ လူမှုကွန်ရက်မှာ အသုံးပြုသူ သန်းပေါင်းများစွာရှိနေတဲ့ Facebook စာမျက်နှာမှာ နေ့စဉ်ကိုယ့်အတွေး၊ ကိုယ့်ခံစားမှု၊ ကိုယ့်အကြောင်းတွေကို ကိုယ်တိုင်အတ္ထုပ္ပတ္တိ ရေးသားတာတွေကို တွေ့ရမှာပါ။ ဒီစာမျက်နှာကို ကြားခံထားပြီး အသုံးပြုနေသူတွေကြားမှာ တစ်ဦးနဲ့တစ်ဦး အသုံးပြုပုံချင်းတော့ တူကြမှာမဟုတ်ပါဘူး။ တချို့က အဝေးရောက်နေ၊ အဆက်အသွယ် ပြတ်နေသူတွေနဲ့ ချိတ်ဆက်ဖို့၊ တချို့က သတင်း၊ အတတ်ပညာ၊ ဘာသာရပ်ဆိုင်ရာနဲ့ အထွေထွေ ဗဟုသုတတွေ အတွက်ကို ကြည့်ရှုဖို့၊ တချို့က အွန်လိုင်းပေါ်မှာ ကျော်ကြားဖို့၊ တချို့က ကိုယ်နေ့စဉ် စားသောက်နေထိုင်မှု တွေကအစ ပျော်ရွှင်မှု၊ မကျေနပ်မှုစတဲ့ ခံစားချက်တွေ ဖွင့်အန်ဖို့၊ တချို့က အွန်လိုင်းပေါ်မှာ အရောင်းအဝယ်လုပ်ဖို့  အကြောင်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။
ဒီလို အကြောင်းအရာမျိုးစုံနဲ့ အသုံးပြု ရာမှာ တချို့က ကိုယ့်ဘာသာ အချိန်ကန့်သတ် ထားသလို တချို့ကတော့ နာရီများစွာ အကုန် ခံပြီး အသုံးပြုကြတာကနေ ကိုယ့်နေ့စဉ်လူမှု ဘဝကိုတောင် လွှမ်းမိုးလာတာတွေအထိ ရှိလာပါတယ်။ နောက်ဆုံး လက်တွေ့အသိုင်း အဝန်းနဲ့ ကင်းကွာလာပြီး ကိုယ့်မိသားစု၊ သူ ငယ်ချင်း၊ မိတ်ဆွေတွေကိုတောင် ဂရုမစိုက်၊ သတိမပြုမိလိုက်ဘဲ ကိုယ်ကတစ်ဦးတည်းလို ဖြစ်လာပါတယ်။ တွေ့ဖူးပါတယ်။ မိသားစု ဆွေမျိုးတွေစုံလို့ ဆိုင်တစ်ဆိုင်မှာထမင်းစား ပွဲလေးလုပ်တာ စားသောက်ရင်း ရှေးဟောင်း နှောင်းဖြစ်နဲ့  စကားလက်ဆုံ ကျရမယ့် အစား ထမင်း၊ ဟင်းတွေကိုယ်စီစားရင်း လက်တစ် ဖက်စီက မိုဘိုင်းဖုန်းတွေပေါ်မှာ လှုပ်ရှားပြေးလွှားကာ ထမင်းဝိုင်းက အသံတိတ် ခြောက်ကပ်ပြီးဆုံးလို့ ပြီးသွားမှန်းမသိ ပြီးခဲ့တဲ့အဖြစ်လေးကို ကြုံဖူးပါတယ်။ 
နေ့ခင်းဘက်အပြင်ထွက် အလုပ်လုပ်သူတွေကြောင့် နေ့လယ်စာမှာ လူမစုံတတ်ပေမယ့် လူစုံတဲ့ညဘက်မှာ ကျတော့လည်း ထမင်းစားနေရင်း မိုဘိုင်းဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေကြရင် အိမ်မှာရှိကြတဲ့ မိသားစုဝင်တွေကို ဂရုမစိုက်ရာရောက်သလို ထမင်းဝိုင်းကရတဲ့ မိသားစုအချင်းချင်းကြားက နွေးထွေးရင်းနှီးမှုတွေလည်း ပျောက်ဆုံးနေတော့မှာပါ။
“မင်္ဂလာနံနက်ခင်းပါ”၊ “အားလုံး ကိုယ်စိတ်နှစ်ပါးရွှင်လန်းစွာနဲ့ တစ်နေ့တာလုံး အဆင်ပြေပါစေ”၊ “ဘာဟင်းနဲ့ဘာချက်လို့ စားကြပါဦး”၊ “ဘယ်သွားပြီး ဘာတွေလုပ်နေတယ်လို့”၊ “မင်္ဂလာညချမ်းပါ” “အားလုံး အိပ်မက်လှလှမက်ကြပါစေ” “အားတင်းထား” စတဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နွေးထွေးစွာနဲ့ နှုတ်ခွန်းဆက်၊ အပြန်အလှန် မေးမြန်း၊ နှစ်သိမ့်အားပေးနေတာတွေ ပြောကြဆိုကြ မေးကြမြန်းကြတာတွေကို  နီးနီးကပ်ကပ်ရှိနေတဲ့ ကိုယ့်မိသားစုဝင်တွေ အပေါ်မှာရော မေးမြန်းနှုတ်ဆက် ပြောဆိုကြပါသလား။ ကိုယ်ချက်ထားတဲ့ အစားအစာ၊ ကိုယ်ဝယ်စားတဲ့ အစားအစာတွေကို မစားခင် ကိုယ့်မိဘ၊ မိသားစုတွေကို ဦးဦးဖျားဖျား ကျွေးဖို့ သတိတရကြပါသလား။ တစ်နေ့မှာ ၁၅ မိနစ်လောက်ကို ကိုယ့်မိဘနဲ့ မိသားစုဝင်တွေဆီ ဖုန်းဆက်ဖို့ သတိရပါသလား။ မိသားစုအတွင်းမှာရော ကိုယ်ဟာ ရှင်သန်လှုပ်ရှား နေပါသလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ အကောင့်လေးထဲမှာပဲ တစ်ကမ္ဘာထင်ပြီး ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံတာတွေ ကျဲလာနေပြီလား ဆိုတာတွေ တွေးမိဖို့ရာ…….။

Most Read

Most Recent