မိုးဦးရာသီ သို့မဟုတ် မျှော်လင့်ချက်များ ကြဲပက်ချိန်

မိုးဦးရာသီ သို့မဟုတ် မျှော်လင့်ချက်များ ကြဲပက်ချိန်
Published 24 May 2015
အောင်သူငြိမ်း

မြန်မာနိုင်ငံ၏ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ မကွေးတိုင်းအတွင်း ၂၀၁၅ ခုနှစ်အတွက် မိုးဦးကျမိုးသည် မေ ၁၉ ရက်က ရွာသွန်းလာခဲ့သည်။ နေ့ခင်းပိုင်းမှ အစပြုကာ တစ်ညလုံးစိမ့်၍ ရွာသွန်းခဲ့သော ထိုမိုးက မတ်လပိုင်းမှ အစပြု နေ့နေ့ညည လောင်မြိုက်ခဲ့သော အပူဓာတ်ကို ငြှိမ်းသတ်ပေးခဲ့သည်။ နေပူရှိန်ပြင်းပြင်းအား အာခံ၍ ပွင့်နေသော စိန်ပန်းနှင့် ငုတို့ကို စိတ်ဓာတ်ခွန်အား မြင့်တက်စေခဲ့သည်။ နွေနှင့်ဆောင်းရာသီက မြေအောင်း၍ မြုံနေခဲ့သော ဖားနှင့်ပုရစ်တို့၏ အသံကို အကျယ်လောင်ဆုံး နှိုးဆွပေးခဲ့သည်။ နွေရာသီတစ်ခွင်လုံး သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော အညာတောင်သူများ၏ ခြောက်ခန်းနေသော ရေမျှော်လင့်ချက်ကို စိုစွတ်စေခဲ့သည်။ ထို့အပြင် သဘာဝမိုးရေကို အဓိကအားထား၍ စိုက်ပျိုးလုပ်ကိုင်ကြရသည့် အညာတောင်သူများအတွက် ထိုမိုးက မိုးဦးသီးနှံ စိုက်ပျိုးရန် အထောက်အပံ့ကောင်း ဖြစ်ခဲ့သည်။ မေလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့သော မိုးကြိုနှမ်းများအတွက်လည်း ထိုမိုးက ခါတော်မီ ရောက်လာခဲ့ခြင်း ဖြစ်သည်။ရာသီဥတုဖောက်ပြန်မှု၊ ရာသီပေါ်ချိန်တွင် သီးနှံဈေးမကောင်းမှုတို့ကြောင့် အညာတောင်သူများက စိုက်ပျိုးရေး အရှုံးပေါ်မှုကို အစဉ်အလာတစ်ခုပမာ ဆယ်စုနှစ်တစ်ခုစာနီးပါး ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။ သို့သော် သီးနှံစိုက်ပျိုးရေးမှတစ်ပါး အခြားအလုပ်အကိုင် အခွင့်အလမ်း နည်းပါးလွန်းသည့် တောင်သူများက သီးနှံစိုက်ပျိုးနိုင်ရန် မိုးကိုသာ မျှော်လေ့ရှိကြသည်။ မိုးဖြိုင်ဖြိုင်ရွာလာသည်နှင့် မြေပဲ၊ နှမ်း၊ ပြောင်း စသည့်သီးနှံများကို စတင်စိုက်ပျိုးကြလေ့ ရှိသည်။ တစ်နည်းအားဖြင့် မိုးဦးကျသည်နှင့် တောင်သူများက မျိုးစေ့များကို  ၎င်းတို့၏ မျှော်လင့်ချက်များအဖြစ် ကြဲပက်လေ့ ရှိကြသည်။မိုးဦးကျမိုးကို လနှင့်ချီ စောင့်မျှော်နေခဲ့ရပေမယ့် မိုးရွာလျှင်ရွာချင်း ရက်ပိုင်းအတွင်း သီးနှံစိုက်ပျိုးရေးများ အချိန်ကိုက်ပြီးရလေ့ ရှိသည်။ ထို့ကြောင့် ယာမြေအပိုင်ရှိသည့် တောင်သူတိုင်းနီးပါး မိုးဦးသီးနှံများကို တစ်ပြိုင်နက် စိုက်ပျိုးကြချိန်တွင် လုပ်သားရှားပါးမှု၊ နွားရှဉ်းမလုံလောက်မှု၊ မျိုးစေ့ဈေးကြီးမြင့်မှုတို့ကို ကြုံတွေ့ကြရလေ့ ရှိသည်။ ယခင်နှစ် မိုးဦးရာသီက မိုးရွာသွန်းမှု နောက်ကျလွန်းခဲ့သည့်အပြင် နေရာကွက်ကျားသာ ရွာသွန်းမှု ရှိခဲ့သော်လည်း ယခုနှစ် မိုးဦးကျမိုးက မကွေးတိုင်းအနှံ့နီးပါး တစ်ချိန်တည်း အားကောင်းစွာ ရွာသွန်းခဲ့သည်မှာ အနည်းငယ် ထူးခြားခဲ့သည်။ ယခုနှစ် မိုးဦးသီးနှံစိုက်ပျိုးရေး လုပ်ငန်းခွင်များ၌ ထို့ထက်ပို၍ ထူးခြားသည့် မြင်ကွင်းတစ်ခုကိုလည်း မြင်တွေ့ခဲ့ရသည်။ဘိုးဘွားစဉ်ဆက် ကျွဲနွားများဖြင့် ထွန်ယက်လာခဲ့သည့်အစား ယခုနှစ်ပိုင်းအတွင်း ခိုင်းနွာများ ရှားပါးလာမှုကြောင့် ဆိုင်ကယ်တွင် ထွန်တပ်၍ ထွန်ယက်နေသည့် မြင်ကွင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်မှာလည်း မကွေး-နတ်မောက် ရထားလမ်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ယာမြေများအတွက် မကွေးမြို့နယ် ကြာကန်ကျေးရွာမှ ဆန္ဒပြပွဲသို့ သွားရောက်စဉ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှုနှင့် သီးနှံစိုက်ပျိုးရေး တွက်ခြေမကိုက်မှုအကြား ရုန်းကန်နေရသည့် တောင်သူလယ်သမားများအတွက် ထိုသို့ လယ်သိမ်း၊ ယာသိမ်း ပြဿနာများကိုလည်း ကြုံတွေ့ခဲ့ရခြင်းက ဆင်းရဲတွင်းထဲသို့ ဆုံးဆုံးမြုပ်လုနီးပါး တိုးဝင်နေရသည့်ပမာ ရှိလှသည်။“အရင် နွေထည်ရေးရာသီချိန်က နွားတစ်ရှဉ်းကို တစ်မနက်စာ ကျပ် ၅၀၀၀၊ ၆၀၀၀ လောက်ပဲ ပေးခဲ့ရပေမယ့် အခု မိုးရွာပြီးစ စိုက်ကြပျိုးကြချိန်မှာ နွားတစ်ရှဉ်းကို တစ်မနက်စာအတွက် ကျပ် ၁၀၀၀၀ အထိ ပေးငှားရပါတယ်။ အဲဒီလို ပေးငှားတာကိုပဲ နွားရှဉ်းတွေမလုံလောက်လို့ ဦးလေးယာမှာ ထွန်ကို ဆိုင်ကယ်နဲ့တွဲပြီး လုပ်ကိုင်ခဲ့ရတာပါ။ ထွန်သွားတပ်ပြီး ထွန်ယက်တာမျိုးတော့ ဆိုင်ကယ်က မရုန်းနိုင်ပေမယ့် မျိုးစေ့ကြဲပြီးသား ထွန်ကြောင်းတွေကို ပြန်ဖို့ (တုန်းကြမ်းရိုက်) ဖို့တော့ သုံးလို့ အဆင်ပြေပါတယ်။ ဦးလေးယာတွေမှာ တုန်းကြမ်းရိုက်တာကို ဆိုင်ကယ်နဲ့ပဲ တွဲခိုင်းခဲ့ရပါတယ်” ဟု မကွေးမြို့နယ် ကြာကန်ကျေးရွာမှ တောင်သူဦးမြင့်စိုးက ခိုင်းနွားမလုံလောက်မှုကြောင့် ဆိုင်ကယ်ဖြင့် လုပ်ငန်းဆောင်ရွက်ရသည့် အခြေအနေကို ပြောပြခဲ့သည်။ခိုင်းနွား မလုံလောက်မှုအပြင် ယခင်နှစ်က သီးနှံအပျက်အစီး များခဲ့မှုကြောင့် ယခုနှစ် မိုးဦးသီးနှံ စိုက်ပျိုးချိန်တွင် မျိုးစေ့ဖိုး ကြီးမြင့်မှုကိုလည်း ကြုံတွေ့ကြရပြန်သည်။ မေလလယ်ပိုင်းက နှမ်းမျိုးစေ့အဖြူ  တစ်တင်းလျှင် ကျပ် ၃၅၀၀၀ ဝန်းကျင်၊ အနက်တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ကျော်နှင့် မြေပဲဆံတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိခဲ့သည်။ ထို့အပြင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ရှေးအစဉ်အလာတွင် မရှိခဲ့သော ဝါဆိုပဲခေါ် မိုးလယ်ပိုင်းတွင်မှ မြေပဲစတင် စိုက်ပျိုးသူများလည်း ပိုမိုများပြားလာခဲ့သည်။မကွေးမြို့နယ် ကြာကန်ကျေးရွာ စိုက်ပျိုးရေးလုပ်ငန်းခွင်၌ ဆိုင်ကယ်နှင့်ထွန်တွဲ၍ လုပ်ကိုင်နေသည်ကို တွေ့ရစဉ်
“ဒေါ်လေးတို့ ငယ်ငယ်ကတည်းက မိုးဦးကျဆိုရင် ပဲရောနှမ်းရော ကြဲကြတာပါ။ မြေပဲနဲ့နှမ်းကို ယာမြေတစ်ခုတည်းပေါ်မှာ တစ်နှစ်တစ်လှည့်စီ စိုက်ပျိုးခဲ့ကြတယ်။ မိုးလေဝသတွေက ဖောက်ပြန်လာတော့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက မိုးဦးပိုင်းမှာ မြေပဲမစိုက်တော့ဘဲ ဝါဆိုလပိုင်းကျမှ စစိုက်လာကြတော့တယ်။ ပြီးခဲ့တဲ့နှစ်က မိုးတွင်းတစ်တွင်းလုံး မိုးနည်းခဲ့တော့ တောင်သူတွေ ရှုံးကြတယ်။ ဒေါ်လေးတို့ ယာမြေ ၆၅ ဧကလောက်အတွက် ပေါင်းနုတ်ခချည်းပဲ ကျပ်သိန်း ၇၀ လောက် ကုန်ခဲ့တယ်။ ပြန်ရတာက အဲဒီပေါင်းနုတ်ခနဲ့ မျိုးစေ့ဖိုးလောက်ပဲ ရှိတယ်။ အခုနှစ် မိုးဦးကျက နည်းနည်းတော့ နောက်ကျပေမယ့် ဝါကြီးထပ်တဲ့နှစ်ဆိုတော့ အချိန်ကိုက်လောက်ပါပဲ။ အရင်နှစ်က ဒီလို မိုးအားကောင်းကောင်းနဲ့ တစ်ပြေးညီရွာတာ မရှိခဲ့တော့ အခုနှစ်အတွက် သီးနှံထွက်နှုန်းတွေကောင်းဖို့ မျှော်လင့်ရတာပဲ။ ဒါပေမဲ့ နောက်မိုးလိုက်တဲ့ အခြေအနေပေါ်မှာ မူတည်ပါသေးတယ်” ဟု မကွေးမြို့နယ် ကံပြားကျေးရွာမှ အသက် ၆၀ အရွယ် တောင်သူတစ်ဦးက ပြောကြားခဲ့သည်။သီးနံှစိုက်ပျိုးချိန်တွင် မျိုးစေ့ဖိုး၊ ထွန်ရှဉ်းခ၊ လုပ်သားခနှင့် မြေသြဇာဈေးများ ကြီးမြင့်လေ့ရှိသည့်တိုင်၊ သီးနှံပေါ်ချိန်တွင် ရာသီပေါ်ဈေး မကောင်းမြဲ မကောင်းဘဲ ရှိနေသည့်တိုင်၊ လုပ်သားရှားပါးမှု၊ ခိုင်းနွားမလုံလောက်မှုနှင့် ရာသီဥတု ဖောက်ပြန်မှုတို့ကို အစဉ်အလာ တစ်ခုကဲ့သို့ ရင်ဆိုင်မြဲ ရင်ဆိုင်နေကြရသည့်တိုင် အညာတောင်သူများက မိုးသံကြားသည်နှင့် ထွန်ရေးပြင်မြဲ ပြင်ကြသည်။ မိုးဦးကျသည်နှင့် သီးနှံစိုက်ပျိုးမြဲ စိုက်ပျိုးကြသည်။သီးနှံစိုက်ပျိုးပြီးသည်နှင့် မိုးလေဝသညီညွတ်၍ သီးနှံထွက်နှုန်းကောင်းရေး မျှော်လင့်မြဲ မျှော်လင့်ကြသည်။ လူမှန်းသိစကတည်းက ယာမြေများကိုဖက်တွယ် ကျွဲ၊ နွားတို့နှင့် အတူရုန်း၍ စိုက်ပျိုးရေး လုပ်ကိုင်ခဲ့ကြသူများအတွက် ရွေးချယ်စရာ အခြားလုပ်ငန်းများလည်း မရှိခဲ့။ အခြားအသက်မွေးဝမ်းကြောင်းမှု ပညာနှင့် ထောက်ပံ့မှုများလည်း ကင်းမဲ့ခဲ့ရသည်။ ထို့ကြောင့် မြေယာများအား ထွန်ယက်စိုက်ပျိုးရန် သဘာဝမိုးရေကိုသာ တောင့်တကြရသည်။ မိုးဦးကျရာသီသို့ ရောက်သည်နှင့် သီးနှံစိုက်ပျိုးရေးကို စတင်ကြရသည်။ မိုးဦးကျ မိုးရေအောက် သီးနှံမျိုးစေ့များအဖြစ် သိုလှောင်ထားသည့် ၎င်းတို့၏ မျှော်လင့်ချက်များကို ကြဲပက်လေ့ ရှိကြသည်။ ထိုသို့ ကြဲပက်ခြင်းဖြင့် နောက်ထပ်မျှော်လင့်ချက်များကို ထပ်မံမျှော်လင့်ခြင်းဖြင့်သာ သူတို့ ဘဝစက်ဝန်းက မရပ်တမ်း လည်ပတ်နေတော့သည်။                

Most Read

Most Recent