ပျောက်ရှသွားသော သစ်တောများ

ပျောက်ရှသွားသော သစ်တောများ
Published 23 May 2015
ရွှေဒါးမောင်လေးရည်

လက်ရှိကာလ ကျွန်တော်တို့နားစည်မြှေးပါးထဲ မကြာခဏ ဝင်ရောက်တီးခတ်လျက်ရှိသည့်စကားစုမှာ “သယံဇာတကျိန်စာသင့်မှု” ဆိုသည့် စကားလုံးများပင်ဖြစ်ပေသည်။ တိုးညင်းရာမှ တစ်စတစ်စ ကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့သည်မှာလည်း အာလုံးအသိဖြစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံကလည်း ဘဝပေးကုသိုလ်အရ အဆိုပါသယံဇာတအ မျိုးအမည်ပေါင်းများစွာကို ပိုင်ဆိုင်ခွင့်များ ရရှိထားခဲ့သည်။ သို့ကလို သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာ ပိုင်ဆိုင်ခဲ့မှုကြောင့်ပင် တိုင်းတစ်ပါးသားတို့က ထိုသဘာဝအရင်းအမြစ်များအပေါ် တပ်မက်စိတ်၊ မတော်လောဘစိတ်တို့ကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပင် ထိပါးနှောင့်ယှက်ခံရပြီး သူ့ကျွန်ဘဝသို့တိုင် လည်စင်းခံကြရကာ၊ နိုင်ငံတော်၏ ပုံရိပ်များထိပါးကျဆုံးခဲ့ရပေသည်။ ယခု ကာလသို့တိုင် ထိုသယံဇာတ အရင်းအမြစ်များအပေါ် မတရားသဖြင့် ရယူပိုင်ဆိုင်လိုမှုတို့ဖြင့် တရားသည်ကော မတရားသည်ကော စဉ်းစားတော်မမူနိုင်ကြဘဲ မိမိပိုင်နက်နိုင်ငံတွင်းသို့တိုင် ရုပ်ပျက်ဆင်းပျက်ကျူးဝင်ကြကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် လက်ဝါးချင်းရိုက်၍တစ်နည်း ဝိသမလောဘတာဝန်ရှိသူတို့နှင့် ချိတ်ဆက်ကာတစ်ဖုံ ဆိုသကဲ့သို့ပင် နိုင်ငံတော်၏ပိုင်ဆိုင်မှု၊ အရင်းအမြစ်သယံဇာတများကို ပြောင်ပြောင်တင်းတင်းပင် ခိုးယူကဲ့ထုတ်ခြင်း ပြုနေကြသည်မှာ ရုပ်ပျက်ဆင်းပျက်နိုင်လှပေသည်။
 
အဆိုပါသစ်ခိုးထုတ်မှုများနှင့် ပတ်သက်၍ ၂၀၁၅ နှစ်ဆန်းပိုင်းကာလဆီက တပ်မတော်လေကြောင်း ကင်းထောက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး၊ တရုတ်နိုင်ငံသား ၁၅၅ ဦးကို ဖမ်းမိခဲ့သည်။ ကနဦးလဝက ဥပဒေဖြင့် ထောင်ခြောက်လစီ ပြစ်ဒဏ်စီရင်ခဲ့သည်။ ထောင်ဒဏ် ၁၀ နှစ်ထိချမှတ်နိုင်သည့် အပက-၃-ပုဒ်မ ဖြင့် ဝိုင်းမော်တရားရုံး၌ ဆက်လက်စစ်ဆေးလျက် ရှိပေသည်။ သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် မြေတူးစက်တစ်စီး၊ ကရိန်းနှစ်စီး စုစုပေါင်းယာဉ် ၄၅၅ စီး၊ ဆိုင်ကယ်ကိုးစီး၊ လွှစက် နှစ်ခု ဆိုလာပြားဘက်ထရီ ဖုန်းကြိုးတိုင်အပါအဝင် နိုင်ငံခြားသား ၁၂၂ ဦး၊ စိတ်ကြွဆေးပြား ၆၈၀ ဘိန်းမည်းခြောက်ထုပ် ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂၀၀၀ တို့ကို တပ်မတော်မှ သိမ်းဆည်းရမိခဲ့သည်။
 
ကချင်ပြည်နယ် သစ်တောဦးစီးဌာနစာရင်းများအရ တရားမဝင်သစ် ဖမ်းဆီးရမိမှုများ မှာ ၂၀၁၂ - ၁၃ ခုနှစ်တွင် သစ်မျိုးစုံ ၂၇၀၄ ဒသမ ၈၈၃ တန်၊ ၂၀၁၃-၁၄ ခုနှစ်တွင် သစ်မျိုးစုံ ၄၇၀၂ ဒသမ ၈၄၆ တန်ဟု ဖော်ပြထားသည်။ တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့်သစ်များ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို မြန်မာနိုင်ငံမှ အဓိကရရှိနေကြောင်း စာတမ်းတစ်စောင်က ဖော်ပြထားပေသည်။ စာတမ်းရှင်မှာ သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဦးတင်အေးပါပေ။ ၂၀၁၁ - ၁၂ မှ ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ် ဇန်နဝါရီထိ၊ တရားမဝင်သစ်ခိုးထုတ်မှုများ၌ သစ်မာအပါအဝင် သစ်တန်ချိန်ပေါင်း ၁၄၀,၀၀၀ ခန့် ဖမ်းဆီးရမိပြီး နိုင်ငံခြားသား ၂၅၀ ခန့်နှင့် နိုင်ငံသား ၂၂၆၀၀ ပါဝင်ခဲ့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဌာနစာရင်းများ၌ ဖော်ပြထားပေသည်။ အများအား ဖြင့် တရုတ်နိုင်ငံသားများ ပါဝင်သော အဖွဲ့များက တရားမဝင် ခိုးထုတ်လျက်ရှိကြပြီး ၂၀၁၄-၁၅ ဘဏ္ဍနှစ် ဧပြီလမှ အောက်တိုဘာအတွင်း တရားမဝင်ဖမ်းဆီးရမိမှုများ၌ ကျွန်းတန်ချိန် ၇၂၀၀ ဒသမ ၀၁၄၃ တန်၊ သစ်မာ ၁၂၃၈၃ ဒသမ ၄၃၈၄ တန်နှင့် အ ခြားသစ် ၁၁၇၀၁ ဒသမ ၀၇၁၃ တန်ရှိကြောင်း သိရသည်။ စာရင်းဇယားများအရ တရားမဝင်ဖြန့်ဖြူးခဲ့သည်။ နိုင်ငံသား ၃၉၀၀ ခန့်နှင့် နိုင်ငံခြားသား ၁၃၀ ခန့်ကို အရေးယူခဲ့ပေသည်။ ၂၀၀၁ မှ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ တရားမဝင်သစ်တင်ပို့မှုမှာ ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့် ညီမျှသော ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ EIA အချက်အလက်ခြစားမှုအစီရင်ခံစာ၌ ဖော်ပြထားပေသည်။ လွန်ခဲ့သည့် ၁၄ နှစ်တာကာလအတွင်း ခွင့်ပြုချက်မဲ့ သစ်ထုတ်လုပ်မှုပမာဏမှာ ကုဗမီတာ ရှစ်သန်းနှင့်ညီမျှပြီး တရားမဝင်တင်ပို့မှု၏ ၆၂ ရာခိုင်နှုန်းခန့်ရှိကြောင်းလည်း ဖော်ပြပါရှိပေသည်။ ပျမ်းမျှတစ်နှစ် တာကာလ တရားမဝင်သစ်တင်ပို့မှုမှာ ဒေါ် လာ ၄၁၃ သန်းရှိသည်ဟု ဆိုပေသည်။ တရားမဝင်သစ်တန်ချိန်အားဖြင့် ၄၀၀၀၀ နီးပါးရှိ ပြီး တရုတ်နိုင်ငံသား အများဆုံးပါဝင်ခဲ့သည်။
 
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀ ခန့်က ရာခိုင်နှုန်း ၇၀၊ ၁၉၂၅ တွင် ၆၅ ဒသမ ၈ ရာ ခိုင်နှုန်း ရှိခဲ့သည်။ နှစ်ပေါင်း ၆၀ အတွင်း ၅ ရာခိုင်နှုန်း ကွယ်ပျောက်ခဲ့ရပေသည်။ ၁၉၅၇ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်းရှိပေသည်။ ၂၀၁၀ ခုနှစ်တွင် ၄၆ ဒသမ ၉ ရာခိုင်နှုန်းဟု ဖော်ပြခဲ့ပေသည်။ သစ်တောဖုံးလွှမ်းမှုဧရိယာ အလျင်အမြန်လျော့နည်းသွားရခြင်းအကြောင်းမှာ အစိုးရသစ်လက်ထက် ၃ နှစ်တာ ကာလအတွင်း ကျွန်းနှင့်သစ်မာ တန်ချိန် ၁၄၁၈၀၀ ထိ တင်ပို့ခဲ့ခြင်းသည်လည်း အကြောင်းတစ်ရပ်ဖြစ်ခဲ့ပေသည်။ လက်ရှိကာလ၌ ၂၀၁၄ ဧပြီ ၁ ရက်မှစတင်၍ သစ်အလုံးလိုက် ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းခဲ့ပြီးဖြစ်သော်လည်း ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်များအတွင်းမှ သစ်များ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မှုများက ပေါ်ပေါ်ထင်ထင်ပင် ပြုလုပ်ဆဲပင်ရှိနေသေးပေရာ ထိုထွက်ပေါက်များကို လုံခြုံတင်းကျပ်စွာ မတားဆီးမပိတ်ဆို့နိုင်သမျှ နိုင်ငံ့ဘဏ္ဍာများ ယိုဖိတ်၊ နိုင်ငံပိုင်သစ်တောများသည်လည်း တစ်နေ့တခြား လွင်တီးခေါင်များအဖြစ်သို့ သက်ဆင်းနေရဦးမည်မှာ မလွဲဧကန်ပါပေ။
 
ဒီအခြေမှာပင် ဧပြီလနှောင်းပိုင်းက ကန်ပိုင်တည်ဘက်မှ တရားမဝင် သစ်လုံးတင်ကားကြီးများ တရုတ်နယ်စပ်ဘက်သို့ ဦးတည်မောင်းနှင်လျက်ရှိသည်ကို ဓာတ်ပုံမှတ်တမ်းများ၌ လည်းကောင်း၊ ဒေသခံတို့၏ နှုတ်ထွက်စကားများဖြင့်လည်းကောင်း၊ တာဝန်ရှိသူတို့ အား လှောင်ပြောင်ပြက်ရယ်ပြုနေသည့်နှယ်။ 
 
ဒေသခံတို့၏ အဆိုအရ တရုတ်နိုင်ငံ ထိန်ချုံးခရိုင်၊ ကူရုံမြို့ဘက်သို့ တစ်နေ့တစ်နေ့ သစ်တန် ၁၀၀ ကျော်ခန့် ခိုးထုတ်နေကြောင်း ဖွင့်ဟခဲ့ပေသည်။ အချို့သော သစ်လုံးများတွင် မြန်မာနိုင်ငံသစ်တောတံဆိပ်များပါနေပြီး အချို့မှာခုတ်လှဲပြီးစ သစ်လုံးအစိုများပင်ပါ ရှိကြောင်းပြောကြသည်။ ကချင်ပြည်နယ်သစ်တောဦးစီးမှူးကတော့ ကျွန်တော်တို့ဌာနက ဖမ်းပြီးတော့ စစ်ဆေးရတယ်။ သယ်ယူရေးကတော့ မြန်မာ့သစ်လုပ်ငန်းကို လွှဲရတယ်။ သယ်တာလည်း မြန်မာ့သစ်လုပ်ငန်းကပါ။ တရုတ်နိုင်ငံကို ခိုးထုတ်နေတဲ့ကိစ္စက ကျွန်တော် တို့မသိဘူး။ ကျွန်တော်တို့သစ်လုပ်ငန်းဌာနက ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ မရှိဘူး။ နိုင်ငံခြားကို ထွက်ဖို့ဆိုရင် ရန်ကုန်ကပဲ ထွက်လို့ရတယ်ဟု ဆိုသည်။ 
 
ဒေသခံတစ်ဦးကတော့ “ကန်ပိုင်တည်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို ဖြတ်နေတာ တွေ့ရတာပါ။ ဧပြီ ၁၈ ရက်က တွေ့တာပါ။ သစ်လုံးတွေက ဆဒုံးဘက်ကနေ ထွက်တဲ့သစ်တွေပေါ့။ ခုတ်တာက မကြာသေးပါဘူး။ တရုတ်နိုင်ငံဝင်ပေါက်ကို တဲ့ဖြတ်နေတော့ လူတွေက တရားဝင်လို့ကို ထင်နေကြတယ်။ ကန် ပိုင်တည် ကူရုံးလမ်းမပေါ်မှာပဲ ၁၀ စီးလောက် တွေ့ရတယ်။ လမ်းဘေးဝဲယာမှာလည်း တန်ချိန် ၃၀၀ အထက်ရှိနိုင်ပြီး ခုတ်ထားတာ မကြာသေးတဲ့ သစ်ပုံ ၂၀ ကျော်လောက်မြင်ခဲ့တယ်” ဟုဆိုပါသည်။ “အစိုးရက နယ်မြေမအေးချမ်းဘူးပြောနေတာ မှောင်ခိုလမ်းက နယ်ခြားစောင့်တပ်ရင်းဘေးကချည်း ဖြတ်သွားတာလေ”လို့လည်း ဆက်ပြောခဲ့သည်။ သစ်များကို အလွှန်အကျွံခုတ်ယူခြင်း သစ်မှောင်ခိုလုပ်ငန်းများကြောင့် မြန်မာနိုင်ငံ၏ သစ်တောဧရိယာမှာ နိုင်ငံဧရိယာ၏ ငါးပုံတစ်ပုံသာ ကျန်ရှိတော့ကြောင်း ထူထပ်သည့် သစ်တောဖုံးလွှမ်းမှုမှာ ၁၉ ရာခိုင်နှုန်းမျှသာ ရှိတော့ကြောင်းကိုလည်း သစ်တောနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၌ဖော်ပြခဲ့ပေသည်။ လက်ရှိအနေအထား၌ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို တိုင်းထွာခဲ့ပြီးဖြစ်၍ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ တင်ပြထားပြီးကြောင်းလည်း သိရသည်။
 
ယခုအခါ သစ်တောဥပဒေများ ပြန်လည်ပြင်ဆင်ထားပြီး ရှေ့နေချုပ်ရုံးသို့ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအပေါ်လိုက်၍ ယခင်က ၁ နှစ်အပေါ်တွင် ၅ နှစ် ၁၀ နှစ် ဆိုလျှင် ၁၅ နှစ် ပြင်ဆင်ကာ ပြင်းထန်သော  အစားထိုးမှုများဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း သိရပေသည်။ ငွေဒဏ်ရော ထောင်ဒဏ်ပါ တိုးမြှင့်လိုက်သည်ဆိုပါသည်။သယံဇာတခြိမ်းခြောက်ခံရမှုများအနက်မှ သစ်ခိုးထုတ်မှုမှာ အဆိုးရွားဆုံးဖြစ်နေပြီး တရုတ်ဘက်သို့ ခိုးထုတ်နေမှုများက ယခုထက်တိုင် အရှိန်မတန့်နိုင်သေးပဲ ပွဲတော်ကြီးတမျှ ခြိမ့်သဲစည်ကားလျက်ပင်ရှိသေးကြောင်း ကချင်ဒေသခံများ၏ နှုတ်ထွက်စကားသံများက သက်သေပြုလျက်ရှိပေသည်။
 
၁၉၇၃ မှ ၂၀၀၉ ခုနှစ်ကြား မဟာမဲခေါင်ဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်) နိုင်ငံများ၏ သစ်တောဧရိယာ၏ ၃ ပုံ ၁ ပုံနီးပါးထိ လျော့နည်းသွားပြီး အဆိုပါဒေသများ၏ သစ်တောဧရိယာသည် ၂၀၁၀ မှ ၂၀၃၀ ကာလများတွင် သစ်တောဧရိယာ ဟက်တာပေါင်း ၁၅ သန်းမှ သန်း ၃၀ ထိ ထပ်မံဆုံးရှုံးမည်ဟု WWF (World Wide Fund For Nature) မှထုတ်ပြန်သည်။ ရှင်သန်နေသော သစ်တောများအစီရင်ခံစာ၌ ဖော်ပြထားခဲ့သည်။ ဆက်၍လည်း သစ်တောဧရိယာ ဟက်တာသန်းပေါင်း ၂၃၀ ကျော် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာမြေပြင်မှ လုံးဝပျောက်ကွယ်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြုန်းတီးမှုလုံးဝမရှိသည့်အခြေသို့ လျှော့ချနိုင်မှသာ ကြီးမားသည့်ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးအရ ဆုံးရှုံးမှုများမှ ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပေသည်။

Most Read

Most Recent