ဟံသာဝတီဦးဝင်းတင်၏ စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း

ဟံသာဝတီဦးဝင်းတင်၏ စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း
Published 19 May 2015
မြေနီသစ္စာ

(စာဆိုတာ တစာစာနှင့်  မကြာမကြာဖတ်။ စာအုပ်နှင့်မျက်နှာ မပြတ်ပါမှ တော်ကာကျမယ်။ ပိုတတ်မယ်) ဆိုသော မြင်းမူမြို့နယ် တောချောင်းဦးကျေးရွာအုပ်စု အသုံးလုံး လက်ရေးစာစောင်ကလေးက တိုက်တွန်းချက်မျိုးသည် စာပေါင်းစုံစာမျိုးစုံကို တရစပ် ဒလဟော တသောသောလိုစိတ်ကို ဟုန်းဟုန်းတောက်စေသည်။ ဆရာ ဟံသာဝတီဦးဝင်းတင်က ယင်းသို့ နိဒါန်းပျိုးလိုက်ပြီးနောက် “ စာဖတ်စွဲမြဲသူတို့သည် အမျိုးမျိုးသောအခြေအနေကြောင့် အဖော်ဖတ်အလေ့မှ အပျော်ဖတ်မဟုတ်၍ ဗဟုသုတရှာရန် သက်သက်အတွက် စာဖတ်သည့်အကျင့်သို့ တိုက်ရိုက်ကူးပြောင်းတတ်သည်။ ကြည်နူးနှစ်သက်မှု ရသစာပေ အပျော်ဖတ်ဝါသနာမှလည်း တစ်ဆင့်ကူးပြောင်းတတ်သည်။ဆရာဦးဝင်းတင်က စာဖတ်သည့်အလေ့နှင့် ပတ်သက်၍ ဂျာနယ်ကျော်ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်းဖော်ပြချက်ကို ဤသို့ ကိုးကား၏။“တစ်နေ့ ၂၄ နာရီရှိရာတွင် သုံးလေးနာရီထက်ပို၍ မအိပ်ဘဲ ကျွန်ုပ်လိုအပ်သည့် ဗဟုသုတတို့ကို လောဘတကြီး ရှာမှီးခဲ့လေသည်” ဟူသော အားထုတ်ချက်ပင်။ စာပေမွေ့သူသည် ဇွဲနပဲနှင့် သဲကြီးမဲကြီး ဖတ်သည်။ အဖော်ဖတ်၊ အပျော်ဖတ်မဟုတ်၍ မဆွဲဆောင်သော စာအုပ်၊ မဖတ်ချင်သောစာအုပ်ကိုပင် ဖြစ်စေ အသိအမြင် ဗဟုသုတကုံလုံကြွယ်ဝမှုအတွက် အလေ့အကျင့်လုပ်၍ ဖတ်ရ မှတ်ရသည်ကို မှတ်ချက်ပေးခဲ့ပါသည်။“စာဖတ်ဝါသနာပျိုးထောင်မှုလှေကားတွင် ပုံပြင်ဒဏ္ဍာရီစွဲခြင်းသည် ပထမဆုံးအထစ်ဖြစ်သည်” ဟူသော အသိကို ဆရာသည် သူငယ်စဉ်ကရခဲ့သည်။ သူ့ဇာတိတောမြို့ကလေးမှာ သူရှစ်နှစ်သားကျော်ကစ၍ သူ့အဘွားက ပုံပြင်များစွာပြောပြခဲ့သည်။ သူကြိုက်သည်။ သူစွဲသည်။ ဝိဇယကာရီ၊ ဣန္ဒာဝံသ၊ ရတနာ့ကြေးမုံတို့လို နန်းတွင်းဝတ္ထုတွေကိုလည်း အဘွားက နားထောင်ကောင်းအောင် ပြောတတ်၍ သူ-ပုံအစွဲကြီးစွဲနေတော့သည်။စာလုံးပေါင်း သူဖတ်တတ်စကပင် သူ့အဖေက သတင်းစာဖတ်ခိုင်းသည်။ စနေနေ့တိုင်း ဝိပဿနာဆွေးနွေးဝိုင်းကို သူ့အဖေလုပ်သည့်အခါ ဧည့်သည်များ မုန့်စားချိန်တွင် သူ စာဖတ်ပြရသည်။ လယ်တီဆရာတော်ကြီး၏ ဒီပနီသံခိပ်၊ သံဝေဂလေးချိုးတွေနှင့် ဘုရားရှိခိုးတွေကို ဖတ်ပြရခြင်းပင်။စာဖတ်အလေ့ ဝါသနာအကျင့်ကို ပျိုးထောင်ရန် စာတတ်ရမည်။ စာအုပ်နှင့်မိတ်ဆက်ပေးမည့် ပုံပြင်ဝတ္ထုတွေကို နားထောင် စွဲလမ်းနေရမည်။ စာအုပ်နှင့်တွေ့ဆုံရင်းနှီးရမည်။ ဤအချက်များပေါင်းစုံ ဆက်စပ်မိမှသာ စာပေမွေ့လျော်မှုကို ရနိုင်မည်။ စာပေမွေ့လျော်သူတိုင်း ပထမ စာဖတ်တတ်သည်။ ဒုတိယပုံပြင်ဝတ္ထုစွဲသည်။ တတိယစာအုပ်နှင့် တွေ့ဆုံသည်ဟုဆိုလိုသည်။ဆရာဦးဝင်းတင်ကို စာဖတ်ဘဝလမ်းကြောင်းပြောင်းပေးလိုက်သည့်စာအုပ်သည် တိုးတက်ရေးဦးစိန် (ဦးပဂျီငို) ၏ ကြီးပွားချမ်းသာရေးကျမ်း ဖြစ်သည်။ ထိုကျမ်းကို ဆရာအလွန်ကြိုက်သည်။ ထိုကျမ်း၏ သြဇာသည် ဆရာ့စာဖတ်လမ်းကြောင်းကို ပြောင်းစေခဲ့သည်။အမေရိကန်သမ္မတလင်ကွန်းနှင့် ဂါးဖီး၊ သိပ္ပံပညာရှင်ကြီး အက်ဒီဆင်တို့ စာဖတ်ပုံ။ ဆရာအလွန်အားကျသည်။ သူတို့လို ဆရာဖတ်ချင်သည်။ သူတို့လို ဆရာတတ်ချင်သည်။ သူတို့လိုဖြစ်ချင်သည်။ ယင်းကြောင့် ဆရာသည် ဗဟုသုတကို စာအုပ်ထဲတွင် ရှာသည်။ အသိပညာကို စာအုပ်ထဲတွင် ရှာသည်။တစ်အုပ်ပြီးတစ်အုပ် ဆရာဖတ်သည်။ ဘယ်စာအုပ်ဖြစ်ဖြစ် ဖတ်လိုက်သည်။ ဘယ်စာအုပ်ဖြစ်ဖြစ် ဖတ်၍ကောင်းသည်။ ဖတ်၍ ပျော်သည်။ ဖတ်၍စွဲသည်။စာရေးဆရာကြီးဇေယျပြောပုံမျိုးနှင့် ပြောရလျှင် တစ်ပုဒ်ပြီးတစ်ပုဒ် ဘယ်လိုလာဦးမည်လဲဟု သိလိုဇောပြင်းထန်လှသောကြောင့် မရပ်မနား ဆရာဖတ်သွား၏။ ဖတ်တုန်းမှာလည်း အရသာရှိလှ၏။ တစ်ပုဒ်ထက်တစ်ပုဒ် ဖတ်လျက် ဆရာအမြင်ကျယ်သွား၏။  ရှေးက မတွေးမိ မကြံမိသဘောမပေါက်ခဲ့မိသော အနက်အဓိပ္ပာယ်တို့သည် ဆရာ့သိစိတ်မှာ ဘွားခနဲဘွားခနဲ ပေါ်လာ၏။ဆရာ့စာဖတ်လမ်းကြောင်းကို ဒုတိယပြောင်းလဲပေးသည့်စာအုပ်က ဂျာနယ်ကျော်မမလေး၏ သူလိုလူ။ ကွယ်လွန်သူ ဂျာနယ်ကျော် ဦးချစ်မောင်အကြောင်းကို ဇနီးဒေါ်မမလေးက ရေးသားထားသည့် စာအုပ်။ ဤစာအုပ်ကို ဆရာဖတ်ရသောအခါ ဆရာ၏ စာဖတ်စွဲလမ်းမှုသည် ပိုကြီးသွား၏။ ဆရာ ဦးဝင်းတင်အဖို့ ယင်းစာအုပ်ကြီး၏ သြဇာညောင်းမှုသည် တိုင်းတာမရအောင် ကြီးမားလှသည်။ ပထမစာအုပ် ဦးပဂျီငို (တိုးတက်ရေးဦးစိန်)၏ ကြီးပွားချမ်းသာရေးကျမ်းနှင့် ဂျာနယ်ကျော်မမလေး၏ သူလိုလူတို့သည် ဆရာ၏ စာဖတ်စွဲလမ်းမှုကို အတိုင်းမဲ့ကြီးမားစေခဲ့၏။ကြည်နူးနှစ်သက်မှုအတွက် စာဖတ်ခြင်း (အပျော်ဖတ်ခြင်း) သည် အထုံဗီဇပါမှ ဖြစ်နိုင်သည်ဟု ဆရာတိုက်စိုးက ဆိုလိုက်ပြီး လောကသဘာ၀ လူသားသဘာဝကို ကြားတတ်မြင်တတ် ဆင်ခြင်တတ်စေသော အဖွဲ့အနွဲ့များကို ဖတ်ခြင်းသည်သာ တကယ့်စာဖတ်ဝါသနာဖြစ်သည်ဟု မှတ်ချက်ပေးထား၏။ ဆရာဦးဝင်းတင်က ဆရာတိုက်စိုး ကောက်ချက်ဆွဲပြသည်ကို နက်နက်နဲနဲ လက်ခံလျက်ရှိ၏။ဆရာဇော်ဂျီက “စာဖတ်၍ နှစ်သက်ခြင်း ဖြစ်ရသည်။ နှစ်သက်ခြင်းကြောင့် စေတနာတစ်ခုခု ဖြစ်ပေါ်လာသည်။ စေတနာတစ်ခုခုဖြစ်ပေါ်လာ၍ အမှားအမှန် အကောင်းအဆိုးကို သူ့ဘာသာသူဆင်ခြင်စဉ်းစား၍ သိမြင်ခွင့် ရနိုင်သည်”ဟု ဆို၏။ ယင်းအဆိုသည်” စာဖတ်ခြင်းကြောင့် ပေါ်ပေါက်လာရသည့် အတွေးအခေါ် သုံးသပ်ဆင်ခြင်မှု ရင့်သန်လာမှုတို့ပင်။ ယင်းအပေါ်တွင် ဆရာ ဦးဝင်းတင်သည် အမြဲပင် ဆင်ခြင်သုံးသပ်နေတတ်၏။“လက်ဦးဆရာများဖြစ်သော မိဘများ ကိုယ်တိုင်က သားသမီးကို စာပေမွေ့လျော်မှု ပျိုးထောင်ပေးရပါမည်။ ဆရာများက အားပေးရပါမည်။ မိတ်ဆွေသူငယ်ချင်း စာဖတ်ဝိုင်းများဖွဲ့ကာ စာပေစားမြုံ့ပြန်ရပါမည်။  အိမ်၊ ရပ်ကွက်၊ မြို့ရွာစာဖတ်ခန်းများ၊ စာကြည့်တိုက်များ ထူထောင်ဖွဲ့စည်းအားပေးရပါမည်။ စာဖတ်နည်းမှန်ကန်အောင် စာကောင်းပေကောင်းများ ရွေးချယ်နိုင်အောင် စာပေဆိုင်ရာဝေဖန်ရေးသားမှုများကို ပြုလုပ်ပေးရပါမည်။ ဟောပြောမှုများကို ပြုလုပ်ပေးရပါမည်။ယင်းသည် ဆရာဟံသာဝတီဦးဝင်းတင်၏ စာဖတ်နိုင်မှုအတွက် မြင့်မြတ်သော အာသီသပင်။ ဆရာဦးဝင်းတင် ကွယ်လွန်သွားသည်မှာ တစ်နှစ်ကျော်ပြီ။ ဆရာကွယ်လွန်သည့် တစ်နှစ်ပြည့်နေ့လယ်က ရေဝေးရှိ သူ့ဂူရှေ့မှာ သူရဦးတင်ဦးကို အမှူးထားလျက် ကျွန်တော်တို့ ဂါရဝပြုကြသည်။သူအသက်ရှင်စဉ် ကြေးမုံစကားဝိုင်း မန္တလေးဟံသာဝတီစနေစကားဝိုင်းတို့တွင် အလိမ္မာစာမှာရှိဆိုသော ထိမိသောဆရာ၏ ဆန္ဒ၊ သြဝါဒတို့ကို အလျှံပယ်ကြားခဲ့ရသည်။ စာဖတ်အားကောင်းသော ဆရာ၏နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာသော လေ့လာပွားများအားထုတ်မှု အင်အားတို့သည်ကား ယနေ့တိုင် ထွန်းတောက်ဖြိုးမောက်ဆဲပင်။