နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများသည် မေ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၇၁ ပါတီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထားရာ လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အပါအဝင် ပါတီ ၆၈ ပါတီမှ ကိုယ်စားလှယ် ၁၃၀ ခန့် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနားကျင်းပရေး တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးက အတည်ပြုပြောကြားသည်။တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးလည်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ဆွေးနွေးပွဲ ပထမပိုင်း အစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကျွန်တော့်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေကို ဆက်လက်ပြီးတော့ အချိန်ရရင် ရသလို ပြုလုပ်သွားဖို့ ကတိကဝတ်ပြုထားတဲ့ အတိုင်းပဲ ဒီကနေ့ ကျွန်တော်တို့ ထပ်၍ တွေ့ဆုံရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး အင်အားစုတွေအကြား နိုင်ငံရေးခေါင်းဆောင်တွေ အကြားမှာ ကျယ်ပြန့်တဲ့ ကျွန်တော်တို့ နိုင်ငံရေး သဘောတူညီချက်တွေ မရရှိသေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အခက်အခဲ ဖြစ်ခဲ့ကြရတာတွေကို သင်ခန်းစာယူပြီး မိမိတို့ရဲ့ သဘောထားတွေကို လွတ်လပ်စွာ ကျွန်တော်တို့ ပြောဆိုနိုင်အောင် အဲဒီကမှတစ်ဆင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်ပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီမှုတွေကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ရှာဖွေနိုင်အောင် ကြိုးပမ်းဆောင်ရွက်ချင်ပါတယ်” ဟု ပြောကြားသည်။ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် သူရဦးအေးမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးဉာဏ်ဝင်း အပါအဝင် တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များက ၎င်းတို့ပါတီများ၏ ရပ်တည်ချက်များ၊ သဘောထားများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်သင့်သည့် အချက်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၆၈ ပါတီမှ ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မေ ၁၈ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှု အပြီးတွင် သမ္မတဦးသိန်းစိန်က “ဆွေးနွေးချက် အားလုံးကို ပြန်ပြီးတော့ သတ္တုချလိုက်မယ် ဆိုရင်တော့ တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွားကို ဦးတည်ပြီးတော့မှ တန်ဖိုးရှိတဲ့ ဆွေးနွေးချက်တွေ မိမိတို့ရဲ့ အမြင်တွေ မိမိတို့ရဲ့ သဘောထားတွေကို ပြောကြားသွားကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ တူညီတဲ့ အချက်တွေကို ရွေးထုတ်လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စ မြန်မြန်ထက်ထက်နဲ့ အကောင်အထည် ဖော်ချင်တယ်။ ဒါကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်ဖို့ ဒါတွေက အားလုံးရဲ့ သဘောဆန္ဒတွေ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ဖို့ နောက်တစ်ခုကတော့ ပြဿနာလေးတွေ ကြုံတွေ့နေရတဲ့ လယ်ယာမြေကိစ္စလေးတွေက လက်ရှိအစိုးရ လက်ထက်မှာ ရှင်းလင်းနိုင်တာလေးတွေ မြန်မြန်ဆန်ဆန်နဲ့ ရှင်းလင်းပေးဖို့၊ နောက်တစ်ခုက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တို့၊ အစိုးရတို့ ဒီအဖွဲ့အစည်းတွေမှာ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့၊ နောက်တစ်ခုကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မိမိရဲ့ သဘောထားအမြင်တွေ အမျိုးမျိုး တင်ပြသွားပါတယ်။ ဒီအထဲမှာ ဦးစားပေး လုပ်ပေးသင့်တာက Power Sharing တို့ Resource Sharing တို့ပေါ့လေ။ ဒီပြင်ဆင်ရေးတွေကို ဆောင်ရွက်သွားဖို့ တော်တော်လေး စုံစုံညီညီနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “တချို့ကိစ္စတွေက မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖော်လို့ရတဲ့ ကိစ္စတွေ ပါသလို တချို့ကိစ္စတွေက အချိန်ယူပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ အချိန်ယူပြီးတော့ ဆောင်ရွက်ရမယ်ဆိုရင် ကျွန်တော်တို့မှာ အချိန်က ဘယ်လောက်မှ မရှိတော့ဘူး။ အချိန်ယူမယ်ဆိုရင် ဘယ်လောက်လောက် ယူမလဲ။ အဲဒီတော့ ဒီအစိုးရလက်ထက်နဲ့ တချို့ကိစ္စတွေက ပြီးပြတ်ချင်မှလည်း ပြီးပြတ်ဦးမှာ။ နောက်အစိုးရ နောက်အစိုးရတွေ ဒါတွေ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့အတွက် လမ်းစတွေ အခြေခံအုတ်မြစ်တွေ ဒါတွေကို ရှာဖွေပြီးတော့ ဆောင်ရွက်ပေးသွားကြရမှာ ဖြစ်ပါတယ်။ ဆွေးနွေးသွားတဲ့ အချက်တွေကို အလေးအနက်ထားပြီးတော့ မှတ်သားထားပါမယ်။ အလေးအနက်ထားပြီးတော့ ကျွန်တော်တို့ စဉ်းစားပါမယ်” ဟု ပြောကြားသည်။ဆွေးနွေးပွဲ ပထမပိုင်းအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များအား လိုက်လံနှုတ်ဆက်ပြီးနောက် တွေ့ဆုံပွဲမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲ ဒုတိယအစီအစဉ်တွင် ဆွေးနွေးရန် ကျန်သည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့က အမှာစကားများ ပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများသည် ယခင်ကလည်း ယခုကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ တွေ့ဆုံဆွေးနွေးမှုများသည် ထိရောက်သည့် ဆွေးနွေးမှုအဆင့်သို့ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု နိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့က ဝေဖန်မှု ပြုလုပ်ထားသည်။
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး
Most Read
Most Recent
11 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago