ကလေးအတွေး နိုင်ငံရေး

ကလေးအတွေး နိုင်ငံရေး
Published 13 May 2015
ချစ်ဝင်းမောင်

ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာသမားတွေက အခြားသူများနှင့် မတူသော စဉ်းစားပုံတွေ၊ စိတ်ကူးစိတ်သန်းတွေ၊ အမြင်တွေ၊ ခံစားချက်တွေ ရှိတတ်ကြသည်။ အနုပညာသမားတို့သည် လောကကို ရိုးရှင်းစွာ ကြည့်မြင်၍ စိတ်ခံစားမှုကို ပုံဖော်ကြသည်။ ခြုံပြောရလျှင် သူတို့သည် ‘ငြိမ်းချမ်းရေးသမား’ များ ဖြစ်ကြသည်။ “ငြိမ်းချမ်းရေး” ကို လူတိုင်းလိုလားကြသော်လည်း အနုပညာသမားတို့က ပို၍လိုလား တပ်မက်ကြသည်။ စစ်မက်များ၊ ပဋိပက္ခများကို မလိုလား မကြားချင်ဆုံးသူများမှာ ‘အနုပညာသမား’ တွေပဲဖြစ်သည်။ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာ ဒဂုန်တာရာ အစရှိသူတို့သည် “ငြိမ်းချမ်းရေး” စာရေးဆရာကြီးများဖြစ်သည်။ စာပေ၊ ဂီတ၊ ပန်းချီ အနုပညာသမားတို့၏ သဘာဝမှာ ငြိမ်းချမ်းစွာ လောကကို ဖြတ်သန်းရန် ဖြစ်သည်။မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးမှာ လွတ်လပ်ရေးရပြီးချိန်မှစလျှင် နှစ်ပေါင်း ၆၀ ကျော်လွန်လာခဲ့ပြီ။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” များ အကြိမ်ကြိမ် မှတ်တမ်းဝင်ခဲ့ပြီးဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များက အစိုးရကို တော်လှန်သည်။ ပြည်တွင်းစစ်မီးသာ တောက်လောင်၍ အဖြေမှန်မရခဲ့။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ တိုင်းပြည်၏ အုပ်ချုပ်ရေးအာဏာသည် စစ်တပ်လက်ထဲသို့ ကျရောက်သွားသည်။ တော်လှန်ရေးကောင်စီလက်ထက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက “ပြည်တွင်းငြိမ်းချမ်းရေး” တွေ့ဆုံဆွေးနွေးရန် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်များကို ရန်ကုန်မြို့သို့ ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထဲ “ပြည်တွင်းငြိမ်းချမ်းရေး” ဆွေးနွေးပွဲမှာလည်း အောင်မြင်မှု မရခဲ့ပါ။ စစ်တပ်က အာဏာကို ဆုပ်ကိုင်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြသောအခါ “ယုံကြည်မှုတည်ဆောင်ခြင်း” အဆင့်မှာပင် ငြိမ်းချမ်းရေးက ပျက်ပြယ်ခဲ့သည်။၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်ခေတ်ကာလအတွင်း “ငြိမ်းချမ်းရေး” အသံဆိတ်ခဲ့ပြီး “အမြစ်ပြတ်ချေမှုန်းရေး” အသံသာ ကျယ်လောင်ခဲ့သည်။ ပြည်တွင်းစစ်ပဋိပက္ခ မီးပွားတို့သည် တောက်လျှောက်ဆိုသလို တောက်လောင်နေခဲ့သည်။ မြန်မာစစ်တပ်သည် တရုတ်ဖြူကျူးကျော်မှု ကူမင်တန်စစ်ပွဲ တစ်ပွဲမှအပ ပြည်ပနိုင်ငံများနှင့် ကြီးကြီးမားမား တိုက်ခိုက်ရခြင်း မရှိဘဲ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့်သာ သမိုင်းတစ်လျှောက် တိုက်ခိုက်ခဲ့ရသည်။ ကချင်၊ ကရင်၊ ရှမ်း၊ မွန်လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများအပြင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်က အဓိက တိုက်ခိုက်ခဲ့ရသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှာ “ဗမာပြည်ကွန်မြူနစ်ပါတီ” ဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ပဲခူးရိုးမတွင် အခြေပြုခဲ့သော “ဗမာပြည်ကွန်မြူနစ်ပါတီ” သည် ၁၉၇၀ ပြည့်လွန်၊ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အရှေ့မြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်ဒေသများသို့ ရောက်ရှိသွားခဲ့သည်။ ဥရောပတွင် ကွန်မြူနစ်ဝါဒ ကျဆုံးသွားပြီး သံမဏိကန့်လန့်ကာ ပြိုကျသွားချိန် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း ပြိုကွဲသွားခဲ့သည်။ အရှေ့မြောက်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အခြေပြု တည်ဆောက်ထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီသည် အဆိုပါ အဖွဲ့အစည်းများက ခွဲထွက်သွားချိန်တွင် ပြိုလဲသွားခြင်း ဖြစ်သည်။ ဤအခြေအနေက နိုင်ငံရေးအကျပ်အတည်း ဆိုက်နေသည့် (ဦးနေဝင်း နှောင်းပိုင်း) စစ်အစိုးရမျိုးဆက်သစ်အတွက် အခွင့်ကောင်းတစ်ခုဖြစ်ခဲ့ပြီး ခွဲထွက်တိုင်းရင်းသား အဖွဲ့များနှင့် အပေးအယူလုပ်၊ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည်။ ထိုအချိန်မှစ၍ အရှေ့မြောက်ဘက်ဒေသမှာ ကာလအတန်ကြာ သေနတ်သံများ တိတ်ဆိတ်သွားခဲ့သည်။“ငြိမ်းချမ်းရေး” ဆိုသော စကားသံများကို ပြီးခဲ့သည့် စစ်အစိုးရ ကာလများအတွင်း အတော်ကြားရသည်။ မည်သည့်ခေတ်အခါနှင့်မျှ မတူသော “ငြိမ်းချမ်းရေး” ကို ရရှိနေပြီဟုလည်း ကြားရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားနှင့် ငြိမ်းချမ်းရေးရယူထားနိုင်သည့်အတွက် ဂုဏ်ယူသော သတင်းတွေကိုလည်း နေ့တိုင်းဖတ်ခဲ့ရသည်။ သို့သော် အလုံးစုံပြည့်ဝသည့် “ငြိမ်းချမ်းရေး” ကို ကျွန်တော်တို့ မရရှိခဲ့ကြ။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အရှေ့မြောက်ဒေသဘက်မှာ စစ်ပွဲများ ငြိမ်သက်သွားသော်လည်း အရှေ့ဘက်(ထိုင်းနယ်စပ်ဒေသ)မှာ ကရင်လက်နက်ကိုင်တွေ၊ ကျောင်းသားလက်နက်ကိုင်တွေနှင့် တိုက်ပွဲတွေဖြစ်ခဲ့ကြသည်။ ပြည်တွင်းစစ်သည် လုံးဝချုပ်ငြိမ်းသွားခဲ့ခြင်း မရှိဘဲ ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြောက်ပိုင်းဒေသ (ကချင်ပြည်နယ်)ဘက်မှာ ထပ်မံတောက်လောင်ခဲ့ပြန်သည်။ ယခု နောက်ဆုံးချိန်မှာ တောင်စစ်မီးတောက်သည် အရှေ့မြောက်ဒေသ လောက်ကိုင်ကိုးကန့်ဒေသမှာ ဆက်လက်ဖြစ်ပွားနေသည်။(၂)ယခုရက်ပိုင်းအတွင်း အရှေ့မြောက်ဒေသ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပပြုလုပ်နေသည်ကို သတင်းများမှာ ဖတ်နေရသည်။ မေ ၁ ရက်မှ ၆ ရက်အထိ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့အနက် ၁၂ ဖွဲ့သာ တက်ရောက်သော်လည်း ဤထိပ်သီးအစည်းအဝေးက စိတ်ဝင်စားစရာကောင်းသည်။ တက်ရောက်သည့် အဖွဲ့များထဲတွင် လက်ရှိကိုးကန့်ဒေသမှာ ဖြစ်ပွားနေသော တိုက်ပွဲများတွင် ပါဝင်နေသည့် MNDAA၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့လည်း ပါဝင်သည်။ဤသတင်းများကို ပုံနှိပ်မီဒီယာများတွင် လည်းကောင်း၊ အင်တာနက်စာမျက်နှာများတွင် လည်းကောင်း မြင်တွေ့နေရသည်။ ပြည်တွင်း မီဒီယာအချို့ကို ဖိတ်ခေါ်ခဲ့သဖြင့် ပန်ဆန်းညီလာခံသတင်းကို ပြည့်ပြည့်စုံစုံ သိနေရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း သဘောတူညီမှုအပေါ် သုံးသပ်ချက်များ တွေ့ဆုံဆွေးနွေးရေး၊ အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေးဆွေးနွေးပွဲဆီသို့ စသည့် ဆွေးနွေးပွဲ အကြောင်းအရာများထက် ကျွန်တော် စိတ်ဝင်စားမိသည်များမှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြင်ကွင်းများဖြစ်သည်။ဤဒေသသည် တစ်ချိန်တုန်းက တိုက်ပွဲကြီးများ ပြင်းထန်ခဲ့ရာ နယ်စပ်ဒေသ အစွန်အဖျားဖြစ်သည်။ လမ်းကောင်းကောင်းမရှိ၊ အဆောက်အအုံကောင်းကောင်းမရှိ၊ တောင်ကုန်းတောင်တန်းများကြားက ဇနပုဒ်တစ်ခုသာ ဖြစ်ခဲ့သည်။ ယခု မြင်တွေ့နေရသည်မှာ မယုံကြည်နိုင်ဖွယ်ရာ၊ ထပ်မြင့်တိုက်တာကြီးများ၊ ကတ္တရာလမ်းမများ၊ ရှော့ပင်းစင်တာများ၊ ဟိုတယ်ကြီးများ၊ အရောင်းအဝယ် စည်ကားနေသော ဈေးတန်းများနှင့် မြို့ကြီးတစ်မြို့ ဖြစ်နေသည်။ UWSP/UWSA လက်အောက်တွင်ရှိနေသော ယခုပန်ဆန်းမြို့သည် တစ်ချိန်တုန်းက “ဗမာပြည်ကွန်မြူနစ်ပါတီ” ဌာနချုပ်တည်ရှိခဲ့ရာမြို့ ဖြစ်သည်။ ယခုအချိန်မှာတော့ ဤမြို့သည် နေချင်စဖွယ် ဖွံ့ဖြိုးစည်ကားနေသော မြို့ကြီးတစ်မြို့အသွင် ဆောင်နေပြီ။ ညမီးရောင်အောက်မှာ ဟိုတယ်ကြီးများ လူနေတိုက်တာများ အရောင်းပြိုးပြက်လင်းလက်နေသည်။ လျှပ်စစ်မီးကို အချိန်ပြည့်ရသည်။ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ကြီးများကို ကားကောင်းကားသန့်ဖြင့် ကြိုဆိုပြီး ညီလာခံခန်းမကို အဆင့်မီ ပြင်ဆင်ပေးထားနိုင်သည်။“ဝ” ခေါင်းဆောင်များက သူတို့ဒေသမှာ ဘိန်းစိုက်ပျိုးမှု လုံးဝကင်းစင်သွားပြီဟု ကြေညာထားသည်။ ဘိန်းအစား ရော်ဘာ၊ လက်ဖက်နှင့် သစ်သီးဝလံများ စိုက်ပျိုးထားသည်ဆို၏။ မီဒီယာသမားများကို လက်ဖက်စိုက်ခင်းများရှိရာသို့ ခေါ်ဆောင်သွားခဲ့ရာ မျက်စိတစ်ဆုံး စိမ်းစိုနေသော လက်ဖက်ခင်းများကို မြင်ရသည်။ ဤနေရာသည် တစ်ချိန်တုန်းက အရိုင်း “ဝ” အထူးဒေသများ၏ ရုတ်တရက်ဖွံ့ဖြိုးတိုးတက်လာမှုက အံ့အားသင့်စရာ ကောင်းနေသည်။ သူတို့သည် သူတို့၏ ကံကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့်ရနေကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ကိုယ်ပိုင်တပ်ဖွဲ့၊ ကိုယ်ပိုင်စီးပွားရေး . . .။“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြင်ကွင်းများကို ကြည့်၍ ကျွန်တော်နားမလည်သော နိုင်ငံရေးများကို ကလေးတစ်ယောက်လို မေးခွန်းထုတ်နေမိသည်။ ဤဒေသသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ နယ်နိမိတ်များထဲမှာ ရှိသည်။ သူတို့သည် သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ကောင်းစွာ စီမံခန့်ခွဲ အုပ်ချုပ်နိုင်ကြသည်။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ကြသည်။ မေးခွန်းတစ်ခုမှာ သူတို့၌ အင်အားကောင်းသော ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခု တည်ရှိနေခြင်းပင်။ တခြားနိုင်ငံတွေမှာ ဒီလိုလက်နက်ကိုင်တပ်ဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ရှိပါသလား။နိုင်ငံတို့၏ နယ်နိမိတ်မျဉ်း ဟိုဘက်၊ ဒီဘက်မှာ လူမျိုးစုတိုင်းရင်းသားတွေ ပြန့်ကျဲနေထိုင်ကြသည်။ တရုတ်နိုင်ငံထဲမှာ မြန်မာတိုင်းရင်းသား ကချင်၊ လီဆူး၊ ပလောင်၊ ရှမ်းတွေ နေထိုင်ကြသလို မြန်မာနိုင်ငံထဲမှာ တရုတ်နွယ်ဖွား ကိုးကန့်၊ “ဝ” တွေနေထိုင်နေကြသည်။ တရုတ်နိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိသည်ကို မကြားဖူးပါ။ တရုတ်အစိုးရကို တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့များ မရှိပါ။ ထိုင်းမှာလည်း တိုင်းရင်းသားလူမျိုးစုငယ်တွေ ရှိသည်။ ဗဟိုအစိုးရကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မတွေ့ရ။ကျွန်တော်တို့ နိုင်ငံကျမှ ဘာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ရှိနေကြတာလဲ။ ဘာကြောင့် ငြိမ်းချမ်းရေးကို အခုအချိန်အထိ မတည်ဆောက်နိုင်သေးတာလဲ။ ကျွန်တော် ကလေးလေးတစ်ယောက်လို နိုင်ငံရေးကို တွေးကြည့်နေမိပါသည်။