ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖတ်လိုက်ရတဲ့ သတင်းတချို့မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီး အနိုင်အထက် ပြုလုပ်ခံနေရတာတွေကို တွေ့ ရှိခဲ့ရပြီး ပြည်ပရောက် လုပ်သားများကို ကူညီစောင့်ရှောက်ပေးရေး အစီအစဉ်တွေကို ယခုထက်ပိုပြီး လုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့ ထင်မြင်မိပါတယ်။
သေနတ်ဖြင့် အပစ်ခံရသူ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မီဒီယာတွေမှာ ဖော်ပြချက်အရ ထိုင်းနိုင်ငံက ရော်ဘာခြံ တစ်ခြံမှာ သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားလေးဦးဟာ ယင်းတို့ရဖို့ရှိတဲ့ လုပ်ခများ တောင်းယူရာတွင် အလုပ်ရှင်က လုပ်ခမပေးဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ အလုပ်ရှင်ဆိုသူက သေနတ်ဖြင့် ရှစ်ချက်ခန့်ပစ်ခတ်ရာတွင် မြန်မာလုပ်သားတစ်ဦး ပခုံးမှာသေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းတို့ရရှိမယ့်လုပ်ခငွေ ထိုင်းဘတ်ငွေသုံးသောင်း (ကျပ်ကိုးသိန်းခန့်) ကိုလည်း မရရှိခဲ့ဘူးလို့ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။ အဲဒီလုပ်သားတွေဟာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိထားသူတွေ ဖြစ်ပေမယ့် အခုလိုအလုပ်ရှင်တွေရဲ့ အနိုင်အထက်ပြုမှုကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ အတွင်းကလည်း ထိုင်းငါးဖမ်း စက်လှေတစ်စင်းမှာ လုပ်အားခမရဘဲ တစ်ရက်ကို၂၃ နာရီ အထိ အလုပ်စေခိုင်းခံခဲ့ရသူ မြန်မာရွှေ့ပြောင်းလုပ်သား သားအဖနှစ်ဦးအနက် ဖခင်ဖြစ်သူဟာ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြထားရာတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ဖို့အတွက် ယာယီအလုပ်သမားကတ် (ပန်းရောင်ကတ်) အတွက် တစ်ဦးလျှင် ဘတ် ၄၀၀၀ (ကျပ် တစ်သိန်းနှစ်သောင်းခန့်) ကုန်ကျခဲ့ပြီး ခရီးစရိတ်အဖြစ် ဘတ်၂၀၀၀၀ (ကျပ်ခြောက်သိန်းခန့်) ပေးရမယ်ဆိုကာ ယင်းတို့ရဲ့ အသိတစ်ဦးက ထိုင်းငါးဖမ်းလှေ တစ်စီးပေါ်သို့ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ သို့ပေမယ့်လည်း လှေပေါ်တွင် လေးလခန့် အလုပ်လုပ်သော်လည်း လုပ်ခတစ်ပြားတစ်ချပ်မှ မရရှိဘဲ အကြွေးမကျေသေးဘူးဆိုကာ တစ်ရက် ၂၃ နာရီမျှ အလုပ်စေခိုင်းခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ အခုလို အလုပ်ရှင်တွေရဲ့ အနိုင်အထက်ပြုခံရမှုတွေဟာ မကြာခဏ ဖြစ်ပွားနေပေမယ့် ရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံကောင်းမွန်တဲ့ အစီအမံများကိုတော့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းကလည်း ထိုင်းနိုင်ငံက ရော်ဘာခြံတစ်ခြံမှာ အလုပ်လုပ်တဲ့ မြန်မာလုပ်သားသုံးဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပေမယ့် ယနေ့အချိန်ထိ တရားခံကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်သူများက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၁ ဒသမ ၇ သန်းခန့်ဟာ နိုင်ငံသားစိစစ်ကာ ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းမှထုတ်ပေးတဲ့ ယာယီအလုပ်သမားကတ် (ပန်းရောင်ကတ်) ရရှိထားပြီး အထောက်အထား မရှိသူဟာ အနည်းဆုံး ငါးသိန်းခန့်ရှိမယ်လို့ ခန့်မှန်းဖော်ပြ ထားခဲ့ပါတယ်။ အခုလို ရွှေ့ပြောင်းလုပ်သား လူဦးရေများစွာ ထိုင်းနိုင်ငံကို ရောက်ရှိနေသလို ထိုင်းနိုင်ငံရောက် လုပ်သားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကလည်း မနည်းလှပါဘူး။
ဆုံးရှုံးနေမှုများ
ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားအခွင့်အရေးကွန်ရက်က ဖော်ပြချက်တွေမှာတော့ ထိုင်းရောက် မြန်မာလုပ်သားများ ကြုံတွေ့ရတဲ့ အခက်အခဲများတွင် ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေး များစွာဆုံးရှုံးနေခြင်း၊ တရားဝင် မြန်မာအလုပ်သမားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ဗီဇာလုပ်ရာတွင် သတ်မှတ်နှုန်းထက် ပိုကောက်ခံခြင်း၊ ရက် ၉၀ ဧည့်စာရင်းတိုင်ရာတွင် ငွေကောက်ခံခြင်း၊ အထောက်အထားမဲ့ ဖမ်းဆီးခံ မြန်မာလုပ်သားများကို ပြည်နှင်ဒဏ်ပေးရာတွင် မြန်မာအစိုးရထံ မအပ်နှံဘဲ နယ်စပ်ရှိ ပွဲစားများထံ အပ်နှံပြီး ငွေညှစ်ခြင်း၊ ထိုင်းငါးဖမ်းလှေ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင် လူကုန်ကူးခံရခြင်းစတဲ့ ပြဿနာများစွာလည်း ကြုံတွေ့နေကြရတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင်လူသတ်မှု၊ ပစ္စည်းခိုးမှုစတဲ့ ရာဇဝတ်မှုများတွင် စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုရာတွင် အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ရှေ့နေ၊ စကားပြန်စတဲ့ အထောက်အကူများမရဘဲ တရားစီရင်ခံရခြင်း၊ မြန်မာအလုပ်သမားများကို သတ်ခြင်း၊ လုယက်ခြင်းကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းများစွာလည်း ရှိခဲ့တယ်လို့ပါရှိပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းလုပ်သားများကို ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းများတွင် သတ်မှတ်နှုန်းထက် အဆပေါင်းများစွာ ကောက်ခံခြင်းများ ရှိနေခဲ့သလို အခြားအခက်အခဲ များစွာကိုလည်း မြန်မာရွှေ့ပြောင်း လုပ်သားတွေ တွေ့ကြုံနေရတာ ဖြစ်ပါတယ်။
အခရာကျတဲ့ ထိုင်း
ထိုင်းနိုင်ငံတွင်းမှာ မြန်မာလုပ်သားတွေ ခေါင်းပုံဖြတ်အနိုင်အထက်ကျင့်မှုများ ခံနေရသလို အခြားဒေသတွင်းမှာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ဖြစ်ရပ်တွေဟာလည်း ထိုင်းနိုင်ငံက တစ်ဆင့်ဆင့်ပွား သွားခဲ့တာ တွေ့ရပါတယ်။ မကြာသေးမီက AP သတင်းဌာနရဲ့ ထုတ်ဖော်ရေးသားချက်တွင် ပါရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတစ်ကျွန်းမှာ ကျွန်များသကဲ့သို့ ဆိုးရွားတဲ့ အနေအထားနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၀၀ ကျော်အနက် အများစုဟာ ထိုင်းနိုင်ငံမှတစ်ဆင့် ရောင်းစားခံရပြီး ရောက်လာခဲ့ကြသူတွေလို့ ယူဆချက်တွေရှိပါတယ်။ ဒါ့အပြင် မလေးရှားနဲ့ စင်ကာပူနိုင်ငံကို လုပ်သားတွေ တရားမဝင် သွားရောက်တဲ့ လမ်းကြောင်းဟာလည်း ထိုင်းနိုင်ငံမှတစ်ဆင့် သွားရောက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာရွေ့ပြောင်း လုပ်သားတွေရဲ့ အရေးကိုဆောင်ရွက်ဖို့က ထိုင်းနိုင်ငံက အခရာကျနေတာ ဖြစ်ပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေဟာ အလွန်ဆိုးရွားလှပါတယ်။ ထိုင်းနိုင်ငံက စက်ရုံတချို့ မြန်မာလုပ်သားများကို ထိုက်သင့်တဲ့ လုပ်ခလစာမပေးဘဲ လက်နက်ကိုင်များဖြင့် လှောင်ပိတ်ထားပြီး ခေါင်းပုံဖြတ်ခိုင်းစေလို့ ကယ်တင်ခဲ့ရဖူးပါတယ်။ အထူးသဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို လူနဲ့တူအောင် ဆက်ဆံခြင်း မရှိတဲ့ ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်ဖို့ ရောင်းစားခြင်းတွေဟာ ထိုင်းနိုင်ငံမှာ မကြာခဏ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ မကြာခဏ ဖြစ်ပွားနေပေမယ့် လုပ်သားအများစုဟာ နိုင်ငံသားအခွင့်အရေးအရ သူတို့ကို ကာကွယ်ပေးမှု အပြည့်အ၀ မရရှိတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုအရ သေဒဏ်ပေးခြင်းခံခဲ့ရတဲ့ နိုင်ငံခြားသားတွေကိုတောင် သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ယင်းတို့ရဲ့ နိုင်ငံသားတွေကို သေဒဏ်မပေးဖို့ အမျိုးမျိုးဖိအားပေး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်ပမှာ ရာဇဝတ်သားတွေအဖြစ် စီရင်ခံဖို့ သတ်မှတ်ခံထားရသူတွေ ဖြစ်နေပေမယ့် သက်ဆိုင်ရာနိုင်ငံတွေက မျက်ကွယ်မပြုကြပါဘူး။ ဒါဟာ ပြည်ပမှာ ရာဇဝတ်မှုကျူးလွန်သူ ဖြစ်ပါစေ သူတို့ နိုင်ငံသားတွေရဲ့ နိုင်ငံသားရပိုင်ခွင့်ကို အဆုံးစွန်အထိ စောင့်ရှောက်ပံ့ပိုးပေးကြတဲ့ အလေ့အထပါ။ သူများနိုင်ငံတွေက ရာဇဝတ်သားတွေကိုတောင် လိုက်လံစောင့်ရှောက် နေကြချိန်မှာတော့ မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ သေနတ်ပစ်ခံရလို့၊ ဘယ်လိုခေါင်းပုံ ဖြတ်ခံနေရလို့၊ သတ်ပစ်ခံနေရလို့၊ ကျွန်ပြုခံနေရလို့ဆိုတဲ့ အနိုင်အထက် ပြုကျင့်ခံရမှုတွေ အပေါ်မှာတော့ ကိုယ့်ဘက်က ဘယ်လိုပြင်းပြင်းထန်ထန် တောင်းဆိုလိုက်တယ် ဆိုတာမျိုးကို မတွေ့ရသလောက်ပါပဲ။ သတ်ခံနေရတာလည်း တုတ်တုတ်မျှမလှုပ်၊ မတရားခံနေရလည်း တစ်ခွန်းမှမဟဆိုတော့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် အားကိုးရာဟာ ရှားလှပါတယ်။ ပြောချင်တာက သူတို့ နိုင်ငံသားကို မတရားသွားမလုပ်နဲ့ သွားလုပ်ရင်သူတို့ နိုင်ငံကနေမှာ မဟုတ်ဘူး ဆိုတာမျိုး အထိဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်နိုင်ငံသားတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့ လိုပါတယ်။ ဘယ်လိုအမှုကိစ္စမျိုးတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ပထမဆုံးစဉ်းစားရမှာက ဒီလူတွေဟာ ငါတို့နိုင်ငံရဲ့ နိုင်ငံသားတွေ ဆိုတာကိုပါ။ ဒီအတွက် ပြည်ပရောက် နိုင်ငံသားတွေ နိုင်ငံသားအခွင့်အရေးတွေ မဆုံးရှုံးအောင် ကာကွယ်ဖို့ အုပ်ချုပ်သူတွေမှာ တာဝန်ရှိသလို ပြည်ပရောက် မြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီး ပြောသင့်ပြောထိုက်၊ ပြုသင့်ပြုထိုက်တဲ့ ကိစ္စရပ်တွေကို ပြောကြဖို့လိုပါတယ်။ ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်မှုမှာ တရားစွဲဆိုခံထားရတဲ့ ဖြစ်စဉ်မှာ မြန်မာဘက်က အာရုံစိုက်တွန်းအားပေးမှုတွေလိုပဲ လူမသိသူမသိဘဲ ထိုင်းနိုင်ငံမှာ အသတ်ခံလိုက်ရသူတွေ၊ ငါးဖမ်းစက်လှေမှာ ရောင်းစားခံထားရသူတွေ၊ လုပ်ခလစာမပေးပဲ ခေါင်းပုံဖြတ်ခံရသူတွေ၊ မတရားစွပ်စွဲခံ နေရသူတွေ အများကြီးရှိပါတယ်။ ဒီအတွက် ဆိုးရွားတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နိုင်ငံသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးဖို့ ထိရောက်အားကောင်းတဲ့ ပြောဆိုဆောင်ရွက်မှုများ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်နေပါကြောင်း အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားများကိုယ်စား ရေးသားတိုက်တွန်း လိုက်ရပါတယ်။
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံသားအခွင့်အရေး
Most Read
Most Recent
1 hour ago










