ကျောင်းဆရာနှင့် စာသင်ခန်း

ကျောင်းဆရာနှင့် စာသင်ခန်း
Published 4 May 2015
တင့်ခိုင်

စနစ်သစ်ပညာရေး ဥပဒေသည် နှစ်ပေါင်းငါးဆယ် မုန့်လုံးစက္ကူကပ်လာခဲ့သော ဥပဒေဟောင်းကြီးကို ဖုန်ခါပြီးပြန်ပြသော ဥပဒေမျိုး မဖြစ်သင့်ပါ။ ခေတ်ပြောင်း၊ စနစ်ပြောင်းသွားပြီမို့ ပညာရေးလည်း ပြောင်းရမည်ဖြစ်၏။ နှစ်ပေါင်း ငါးဆယ်၊ တက္ကသိုလ်၌ စာသင်ပြီး ပညာတတ်များ မွေးထုတ်ပေးခဲ့သော်လည်း ထိုဘွဲ့ရများသည် လူ့လောကနှင့် နေသားကျမှုမရှိသည့်အပြင် မိမိသင်ကြားလာသော ပညာရပ်များကို ဘာမှမသိကြပါ။ ဆိုလိုသည်မှာ ဘွဲ့ရပညာတတ်များ အရည်အသွေး မပြည့်မီသောကြောင့် နှစ်ပေါင်း ၅၀ အတွင်း အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ပါ၏။ ဒါသည် အရှိတရားဖြစ်သည်။ သို့ဆိုပါလျှင် မြန်မာနိုင်ငံ၏ အနာဂတ်သည် ယနေ့စာသင်ခန်းထဲမှ ကျောင်းသားလူငယ်များအပေါ် လုံးဝတည်မှီနေပါ၏။ သူတို့အရည်အချင်း ပြည့်မှီရန်ဆိုပါလျှင် လက်ရှိပညာရေးစနစ်ကို ရဲရဲတင်းတင်း ပြောင်းလဲပစ်ရန် လိုပါသည်။
လွတ်လပ်စွာပညာ သင်ကြားခွင့်မရသော ပညာရေးစနစ်သည် ဒီမိုကရေစီပညာရေးစနစ်မဟုတ်။ ကျောင်းသားများ၏ စွမ်းရည်ကို အစွမ်းကုန်ဖွင့်ထုတ် ပြသနိုင်စေရန် ဖန်တီးလှုံ့ဆော်ပေးနိုင်သော ပညာရေးစနစ် ဖြစ်သင့်ပါသည်။
စာသင်ခန်းဟူသည် အနာဂတ်တစ်ခုကို မွေးဖွားရာမိခင်ဖြစ်သည်။ ကျောင်းဆရာဟူသည် စာသင်ခန်းကို ဖန်တီးတည်ဆောက်နေသော ဗိသုကာဖြစ်၏။ မိမိ၏မိသားစုအရေးမှလွဲလျှင် ကျောင်းဆရာ တစ်ယောက်အတွက် အရေးကြီးဆုံး အလုပ်သည် စာသင်ခန်းတစ်ခုကို အနာဂတ်ပျိုးခင်း တစ်ခုအဖြစ် ဖန်ဆင်းတည်ဆောက်နိုင်ရေးပင်  ဖြစ်ပါသည်။
ထိုအခါ ဆရာသည်တာဝန် ကြီးလာ၏။ ဆရာကောင်းများဖြစ်ပါမှ တပည့်ကောင်းများကို မွေးထုတ်နိုင်မည်ဖြစ်သည်။ တပည့်ကောင်းဟု ဆိုရာတွင် စာရိတ္တကောင်းရုံမျှမက ပညာပါကောင်းနေရမည်။ ပညာကောင်းသည်ဟု ဆိုရာတွင် လူအများစုက အဆင့် ၁ ရသူကိုသာ မြင်ကြပါလိမ့်မည်။ ဒါကျက်၊ ဒါဖြေပြီး အမှတ်ကောင်းရကာ အဆင့် ၁ ရသော သူများသည် ထူးချွန်သူများမဟုတ်။ မှတ်ဉာဏ်ကောင်းသူများတော့ ဖြစ်ပါလိမ့်မည်။ သို့ရာတွင် ပညာလူ့အဖွဲ့အစည်းသို့ ချီတက်ရာတွင် IQ မြင့်ရုံမျှနှင့်မရ။ ဆင်ခြင်တုံတရားဖြစ်သော အသိဉာဏ်ပညာ ရှိသူများဖြစ်ရန်လည်း လိုသေးသည်။ ဖန်တီးနိုင်သော စွမ်းရည်များရှိရန်လည်း လိုပါသေးသည်။ ကလေးတစ်ယောက် ထိုသို့သော အရည်အချင်းများ ပြည့်မီလာစေရန် ရှေးရိုးဆန်သော သင်ရိုးများကို စာကျေရုံမျှ သင်ကြားနေ၍တော့ ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပါ။
ထိုအခါဆရာသည် စာသင်ခန်းကို လွတ်လပ်မှုပေးရန်လိုသည်။ ၂၁ ရာစု ပညာရှင်များ မွေးထုတ်ရာ စာသင်ခန်းသည် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေကြသော စာသင်ခန်းမျိုးမဟုတ်။ စာသင်ခန်း တိတ်ဆိတ်နေခြင်းသည် အနာဂတ် တိတ်ဆိတ်နေခြင်းပင် ဖြစ်သည်။ ကျောင်းသားများ အသိဉာဏ်ပညာ ဖွံ့ဖြိုးရှင်သန်ရေးအတွက် ထာဝစဉ် လှုံ့ဆော်အားပေးနေသော စာသင်ခန်းသည်သာ မြန်မာနိုင်ငံ၌ ယနေ့လိုအပ်နေသော စာသင်ခန်းများ ဖြစ်ပါ၏။
ဆရာကိုတပည့်က ရိုသေကိုင်း ညွတ်၊ ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားရမည်ဆိုသော မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းသည် အလွန်ချစ်စရာကောင်းသော ဓလေ့ဖြစ်သည်။ ဆရာရှေ့တွင် ရိုသေမှုကိုပြသပြီး ဆရာကွယ်သည်နှင့် ဆရာကို အပုပ်ချနေသည်မျိုးသည် စနစ်သစ်ပညာရေးက လိုလားနေသော ဆရာတပည့် ဆက်ဆံရေးမျိုး မဟုတ်ပါ။ စာသင်ခန်းသည် ဆရာနှင့်တပည့် အပြန်အလှန် ဆွေးနွေးရာ နေရာတစ်ခု ဖြစ်သင့်ပါသည်။ ဆရာကတပည့်ကို နံရိုးတစ်ချောင်း ကျိုးသွားအောင် ရိုက်ပြီး အပြစ်ပေးလိုက်သည်ကို မိဘများက ဆရာ့ထံသွား၍ တောင်းပန်ရသေးသော ခေတ်အချိန်ကာလမျိုးကို ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးပါ၏။ အရွယ်ရောက်ပြီး လူကြီးဖြစ်နေသည်အထိ ဆရာ့ကိုမြင်လျှင် ကြောက်နေသေး၏။ ဒါသည် မြန်မာ့ရိုးရာ ဆရာတပည့် ဆက်ဆံရေးဖြစ်သည်။ အပြစ်မဆိုပါ။ ထိုခေတ်က ဆရာများသည် စာသင်ရာ၌ လွတ်လပ်စွာ သင်ကြားခွင့်ရှိသည်။ ပညာအုပ်ကလည်းဝင်မစွက်။ အာဏာပိုင်များကလည်း ဝင်မစွက်ခဲ့ပါ။
ယနေ့ပညာရေး စနစ်တွင်မူ ဆရာနှင့် ကျောင်းသားဆက်ဆံရေးသည် ရင်းနှီးပွင့်လင်းမှုပါသော အပြန်အလှန် ဆွေးနွေးခွင့်ရှိသော ဂါရဝတရားဖြင့် ကူးလူးဆက်နွှယ်နေသော ဆက်ဆံရေးမျိုး ဖြစ်သင့်သည်။ အရေးကြီးသည်မှာ ဆရာကိုမေးမြန်းခြင်းသည် ပညာစမ်းခြင်းမျိုးမလုပ်ရန်တော့ လိုပါသည်။ ထို့အတူ ဆရာကလည်း မိမိမသိ၊ မဖြေဆိုနိုင်ပါက ရိုးသားပွင့်လင်းစွာ ဝန်ခံပြီး နောင်သင့်တော်သောရက်၊ အချိန်ကာလ တစ်ခုသို့ ရွှေ့ဆိုင်းပြီး အဆိုပါပြဿနာကို နှစ်ယောက်ပူးပေါင်း ဖြေရှင်းခြင်းဖြင့် ဆရာနှင့်တပည့် အကြားတွင် ယုံကြည်မှု၊ နွေးထွေးမှု၊ ချစ်ခင်ရင်းနှီးမှုတို့ ပိုပြီးရှိလာမည်ဖြစ်သည်။ ထိုအခါ ကျောင်းသားဗဟိုပြု ပညာရေးသည်လည်း အောင်မြင်လာမည် ဖြစ်သည်။ ကျောင်းသားသည် သူသင်ကြားလိုသော အကြောင်းအရာများကို ဆရာ့ထံမှ သင်ယူနိုင်မည်။
၂၁ ရာစုနည်းပညာခေတ်သည် စက္ကန့်နှင့်အမျှ ပြောင်းလဲနေပါ၏။ ထိုပြောင်းလဲမှုကို ကျွန်တော်တို့သည် လျစ်လျူရှုမရ။ ထိုအခါ စာသင်ခန်းသည် နည်းပညာများကို သင်ကြားနိုင်သော ခေတ်မီစာသင်ခန်းများ ဖြစ်ရန်လိုပါ၏။ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ဟန်ပြ (ပြရုံသာပြတတ်သော) ကွန်ပျူတာများရှိပါ၏။ သို့ရာတွင် လျှပ်စစ်မီးမရှိသော ကျေးလက် (အများစု) တွင် ကွန်ပျူတာကို သုံးစွဲခွင့် မရှိပါ။ ကွန်ပျူတာ တက္ကသိုလ်မှာပင် ကွန်ပျူတာပြည့်စုံ လုံလောက်မှုမရှိသေး။ အစိုးရသည် ပညာရေးကို စွန့်ပစ်ထားခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ရှိပြီ။ တကယ်ပြောင်းလိုလျှင် အခုချက်ချင်းပြောင်း၍ ရသည်။
စာသင်ခန်းသည် ဘဝနှင့် ဆက်စပ်၊ ပေါင်းကူးပေးရာဌာန တစ်ခုဖြစ်ရမည်။ စာသင်ခန်းမှ ထွက်သွားသည်နှင့် အသက်မွေးဝမ်းကျောင်းရန် ပညာရပ်ကို တတ်ကျွမ်းပြီးသား ဖြစ်ရမည်။ စိုက်ပျိုးရေးကျောင်းကို တက်သူသည် သီအိုရီကိုသင်ရုံမျှမက စိုက်ပျိုးနည်းကိုပါ ကိုယ်တိုင်လက်တွေ့ လုပ်နိုင်ရမည်။ လုပ်တတ်ရမည်။ ကျွန်တော်တို့သည် ကျောင်းသားများကို အတတ်ပညာတစ်ခု တတ်မြောက်ရန် သင်ကြားပေးနေခြင်းသာ ဖြစ်သင့်သည်။
ပညာရေးစနစ် မကောင်းခဲ့သဖြင့် ကျွန်တော်တို့သည် ဆင်းရဲနေခြင်းဖြစ်သည်။ အဆိုပါ အခြေအနေမှ ရုန်းထွက်မည်ဆိုပါလျှင် ဆရာရော ကျောင်းသားပါ လွတ်လပ်စွာ ပညာသင်ကြားနိုင်မှဖြစ်မည်။
ကျောင်းသားဗဟိုပြုစနစ်ကို ပြောင်းလဲမည်ဟု ဆိုပါ၏။ ဤတွင် ဆရာနှင့်ကျောင်းသား ရင်းနှီးနွေးထွေးရန် လိုလာပါ၏။ ဆရာကို ကျောင်းသားများက အကဲခတ်ခြင်းသည် မြန်မာ့ဓလေ့ ထုံးတမ်းအရ လူအများစုက မကြိုက်ကြ။ ဆရာကို ပြန်မေးခြင်းကိုလည်း အဂါရဝဟု ထင်မြင်ကြသည်။ သို့သော် ထိုသို့ကားမဟုတ်။ ကျောင်းသားဗဟိုပြု စနစ်သည် ကျောင်းသားက သင်ယူသောစနစ်ဖြစ်သည်။ သူ့၌ လိုအပ်နေသည်ကိုသာ သူကဖြည့်မည်။ ဆရာကို မလေးစား၍မဟုတ်။ ဒါကိုနားလည်ရန် လိုပါသည်။ မြန်မာလူမျိုးများသည် ဆရာကို မလေးမစား မလုပ်ကြပါ။ ယဉ်ကျေးသိမ်မွေ့သော ဓလေ့ထုံးတမ်းများသည် ဥပဒေထက်ပင်လူထုက လိုက်နာကြပါ၏။
ဆရာများသည် ကျောင်းသားများကို ပြဋ္ဌာန်းစာသင်ကြားရုံနှင့် မလုံလောက်။ ကလေးများသိချင်လာအောင် လှုံ့ဆော်ပေးရန်လည်း တာဝန်ရှိသည်။ ဘဝကိုနှစ်ပေါင်းများစွာ ကျောင်းဆရာဘဝဖြင့် ဖြတ်သန်းခဲ့သူ ဆရာအောင်သင်းကမူ “စာသင်တယ်ဆိုတာ စိတ်ကိုသင်တာ” ဟု ပြောခဲ့ဖူးပါသည်။
ဆရာသည် ကျောင်းသားကို သူ၏ဆန္ဒနှင့်အညီ ပုံသွင်းရန် ကြိုး ပမ်းတတ်ပါ၏။ ကလေးကိုပုံသွင်းသည်ထက် မူလရှိနေသော ကလေး၏ စွမ်းရည်ထူးများကို သဘာဝအတိုင်း ဖွံ့ဖြိုးလာစေရန် ကူညီပေးသင့်ပါ၏။
မျိုးစေ့တစ်စေ့ အပင်ပေါက်လာစေရန် တာဝန်မှာ ကျောင်းဆရာနှင့် စာသင်ခန်းဖြစ်သည်။ ရှင်သန်ကြီးပြင်းရေးကိုမူ ပညာရေးစနစ်က တာဝန်ယူရမည်ဖြစ်၏။ ကလေးတစ်ဦးသည် ကိုယ်တိုင်သူ့ဘဝတစ်ခုကို တည်ဆောက်ယူနိုင်သော စွမ်းရည်များရှိလာစေရန် ဆရာများက ကူညီဖြည့်ဆည်း ပေးရမည်။ ၂၁ ရာစု ပညာရေးချဉ်းကပ်မှုတွင် ဆရာသည် အစစအရာရာ ပြည့်စုံလုံလောက်နေသော လူသားတစ်ဦး မဟုတ်တော့ပါ။ ကလေးသည် လောကထဲသို့ တိုးဝင်နေသူဖြစ်သဖြင့် သူ့တွင် သိစရာ၊ တွေးစရာ အမြောက်အမြား ရှိနေပါ၏။ ထိုပြဿနာကို ကူညီဖြည့်ဆည်းသူမှာ ဆရာဖြစ်သည်။ ဤသို့ပြော၍ ဆရာသည် ဘာမျှသင်ကြားစရာမလိုဟု မယူဆစေလိုပါ။
လွတ်လပ်သော စာသင်ခန်းတစ်ခုတွင် ဆရာအတွက် သင်စရာ အကြောင်းအရာများသည် မြောက်မြားစွာ ပေါ်ထွက်လာမည်ဖြစ်သည်။ ပြဋ္ဌာန်းစာများနှင့် ပတ်သက်၍ သင်ကြားရာ၌လည်း ဖြည့်စွက်သင်ကြား စရာများ အများကြီး ရှိလာဦးမည်။ ထို့ကြောင့်ဆရာသည် အရည်အချင်းပြည့်မီရန် လိုပါ၏။
ဆရာတစ်ယောက်တည်း ကျောင်းသားတစ်ရာကို သင်ကြားနေရသော အခြေအနေမျိုးသည် မရှိသင့်တော့ပါ။ ကလေး၏ရင်၌ ဖြစ်တည်နေသော အတွင်းစိတ်နှင့် ကလေး၏ စိတ်ခံစားမှုများကို ဆရာသည် သိရှိနားလည်ရန် ကြိုးပမ်းသင့်ပါ၏။ သို့မှသာ ထိုကလေး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်။
ကလေး၏စိတ်သည် ဗလာသင်ပုန်းဖြစ်သည်။ အဖြူထည်သက်သက် မျှသာဖြစ်၏။ သူသည်အရာရာကို ကြိုးစားသင်ယူနေပြီး လူကြီးများ ဖန်တီးထားသော ကမ္ဘာထဲတွင် နေသားတကျ နေထိုင်ရန် အားထုတ်နေသူ ဖြစ်သည်။
ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြရသော စာသင်ခန်းသည် ကလေးအတွက် ဒီမျှ ထည့်သွင်းစဉ်းစားပေးသည့် စာသင်ခန်းများ မဟုတ်ခဲ့ပါ။ နိဂုံးပြုဆိုရသော် ပြောင်းလဲလာမည့် ပညာရေးတွင် ဆရာနှင့် စာသင်ခန်းသည် အလွန်ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ပါသည်။
 
 
 
 

Most Read

Most Recent