ဗျူဟာတစ်ရပ်လား
သေနင်္ဂဗျူဟာစစ်၏ အင်္ဂါ၊ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ တကယ့် ယောက်ျားဆိုတဲ့သီချင်း နားထောင်ဖူးပါတယ်။ နောက် နိုင်ငံရေး၊ စီးပွားရေးအကြောင်း ဖတ်ဖူးမှတ်ဖူးလာတော့ မဟာဗျူဟာ၊ နည်းဗျူဟာရယ် နှစ်မျိုးရှိတယ်လို့ သိလာရပါတယ်။
မဟာဗျူဟာ (strategy) ဆိုတာ လုပ်ငန်းကြီးတစ်ခု၊ စစ်ဆင်ရေးကြီးတစ်ခုလုံးကို လွှမ်းခြုံသုံးသပ်ပြီး ချမှတ်ရေးဆွဲထားတဲ့မူတွေ၊ ဗျူဟာတွေ ဖြစ်ပါတယ်။ ထိပ်တန်းအတွေ့အကြုံရင့် ပုဂ္ဂိုလ်ကြီးတွေက ဆွေးနွေးတိုင်ပင်ပြီး စစ်ဆင်ရေးအောင်မြင်ရေးအတွက် ဒီလိုဗျူဟာကို ချမှတ်ကြတယ်။ ဒီဗျူဟာပေါ် မူတည်ပြီး နည်းဗျူဟာ (Technique) ဆိုတာ လက်တွေ့နယ်ပယ်ထဲမှာ စစ်ဆင်ရေးထဲမှာ မဟာဗျူဟာက ချမှတ်ထားတဲ့မူတွေကို အကောင်အထည်ဖော်ဖို့ အသေးစိတ်ရေးဆွဲထားတာတွေ ဖြစ်တယ်။
ဘယ်လိုဖြစ်ဖြစ် မိမိလုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် ကြီးကြီးကျယ်ကျယ် မဟာဗျူဟာ၊ နည်းဗျူ ဟာ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ကြသလို ကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ အသေးအဖွဲလေးတွေမှာတောင် အစီအစဉ်လေးတွေတော့ ရေးဆွဲပြီး စည်းဝါးကိုက်ပြီးမှ အကောင်အထည်ဖော်တတ်ကြတယ်။ ဆိုတော့ လုပ်ငန်းတိုင်းလုပ်ငန်းတိုင်း အစီအစဉ်နဲ့ လုပ်ကြရတယ်။
အစီအစဉ်တွေနဲ့ လုပ်ကြကိုင်ကြရာမှာ လူတွေဟာ ပုံမှန်နှုန်းနဲ့ချိန်ကိုက်ပြီး အချိန်မီပြီးအောင် အချိန်ဇယား (Schedule) ရေးဆွဲ ဆောင်ရွက်ကြတယ်။ တတ်နိုင်သရွေ့ အမြန်ဆုံးလုပ်ငန်းပြီးစီးအောင် ကြိုးစားကြတယ်။ ဒါဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဖြောင့်မတ်စွာ လုပ်ကိုင်သူတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပုံမှန်ဆောင်ရွက်ကြတာချည်းပဲ။ အလုပ်တစ်ခု၊ တာဝန်တစ်ခု သတ်မှတ်ချိန်အတွင်း ပြီးဆုံးခြင်းဟာ အောင်မြင်ခြင်းတစ်ခု ဖြစ်တယ်။
ဒါပေမဲ့ လုပ်ငန်းတစ်ခုပြီးတာဟာ အောင်မြင်တယ်လို့ မယူဆတဲ့ လူတချို့ရှိနေတာကို တွေ့လိုက်ရတဲ့အခါ အလွန်မှ အံ့သြမိပါတယ်။ အလုပ်တစ်ခုပြီးမှာကို စိုးရိမ်နေတယ်။ မပြီးအောင် အကြောင်းအမျိုးမျိုးပြနေတယ်။ ဘာဖြစ်လို့လဲ။ အလုပ်တစ်ခုပြီးရင် အဲဒီအကျိုးဆက်က သူတို့အတွက် မကောင်းဘူး။ သူတို့မလုပ်ချင်တာတွေ လုပ်ရတော့မယ် မဟုတ်လား။
တကယ်တော့ မိမိမလုပ်ချင်တဲ့ အလုပ်တစ်ခုကို မဖြစ်မနေလုပ်ရတဲ့အခါ အချိန်ဆွဲတတ်ကြပါတယ်။ ကျောင်းသားတစ်ယောက် ကျူရှင်တက်ရတော့မယ်။ ကျူရှင်စာက မရသေးဘူး။ ဒီတော့ ဟိုလိုလို၊ ဒီလိုလို အချိန်ဆွဲမယ်။ ဗိုက်နာသလို၊ ခေါင်းကိုက်သလို အကြောင်းပြမယ်။ ဒီလိုနဲ့ ကျူရှင်ချိန်ကုန်အောင်လုပ်တတ်ကြတာပဲ။ မိမိလုပ်နေရတဲ့ အလုပ်ဟာ မိမိအတွက် အကျိုးမရှိရုံသာမက မိမိကို အန္တရာယ်ပေးမယ့် အလုပ်ဆိုရင် ဘယ်သူမဆို အချိန်ဆွဲပါတော့တယ်။
ချစ်သူနဲ့တွေ့ဖို့
ဒါမှမဟုတ်ဘဲ မိမိတွေ့လိုသူ (ချစ်သူ၊ ခင်သူ)ကိုတွေ့ဖို့ ချိန်းထားရင် အချိန်ကို အမြန်ကုန်စေချင်ပါတယ်။ ဒါဟာ လူ့စိတ်သဘာ၀ ခံစားချက်ဖြစ်ပါတယ်။
စင်ကာပူက ပြန်လာမယ့် ချစ်သူကို တွေ့လိုစိတ် စောနေတာကြောင့် အစောကြီးအိပ်ရာနိုးတယ်။ ပြန်အိပ်လို့ မရတော့ဘူး။ ဒါနဲ့ လေဆိပ်ထဲ ဝင်ရင်ပြဖို့ မှတ်ပုံတင်ကတ်ပြား ပြန်စစ်တယ်။ တကယ်တော့ ညကတည်းက ကြိုတင်ပြီးထည့်ပြီးသား။ ပြီး ပိုက်ဆံအိတ်ကိုဖွင့် ပိုက်ဆံပြန်စစ်။ ပြန်ပိတ်။ ဧည့်ခန်းထဲက စားပွဲပေါ်ပြန်တင်။ ဒါလည်း ညကတည်းက ပြင်ဆင်ပြီးသား။ ခဏထိုင်ပြီး ဗိုက်ဆာသလိုဖြစ်လာလို့ ကော်ဖီတစ်ခွက် ဖျော်တယ်။ ဖျော်နေရင်း ချစ်သူ့မျက်နှာကို မြင်ယောင်လာတယ်။ ကော်ဖီချိုချိုနဲ့ ချစ်သူ့မျက်နှာချိုချိုကို ခံစားရတာ ချိုမြိန်စရာ အလွန်ကောင်းပေစွ။
ဒီလိုနဲ့ နံရံပေါ်က နာရီကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ လေယာဉ်က မနက် ၁၀ နာရီခွဲမှ ရောက်မှာ။ ခုမှ ၆ နာရီခွဲပဲ ရှိသေးတယ်။ လေဆိပ်ကိုသွားရင် ကြာမယ့်အချိန်က အလွန်ဆုံး နာရီဝက်ပဲ။ တော်တော်ကြီးကို စောနေသေးတယ်။ ဒါနဲ့ နီးရာ စာအုပ်တစ်အုပ် လှမ်းယူပြီး ဖတ်မယ်ကြံတယ်။ ဒါပေမဲ့ စာလုံးတွေ မမြင်ဘူး။ ချစ်သူ့မျက်နှာက ပေါ်ပေါ်လာတယ်။ တစ်မျက်နှာ၊ နှစ်မျက်နှာဖတ်ပြီး စိတ်ကမပါဘူး။ ဒါ နဲ့ စာအုပ်ကို သူ့နေရာသူ ပြန်ထားပြီး နာရီကိုကြည့်ပြန်တယ်။ နာရီက ဒီနေ့မှ နှေးနေသလိုပဲ။
နောက်ဆုံး စောင့်ဆိုင်းရတဲ့ အချိန်ရောက်လာပြီ။ Arrival ဂိတ်ဝက ချစ်သူလာမယ့်လမ်း လှမ်းမျှော်နေချိန်၊ ချစ်သူက လူအုပ်ကြားထဲက လုပ်လီလုပ်လဲ့ ထွက်လာချိန်၊ ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပြီး ပြေးမတတ်ခြေလှမ်းနဲ့ ချစ်သူ့နားရောက်သွားတယ်။
လက်နှစ်ဖက် လှမ်းဆွဲလိုက်တယ်။ ဘယ်လိုပျော်သွားမှန်း မသိဘူး။ ရင်ထဲမှာ အပျော်လှိုင်းတွေ။ တဒုန်းဒုန်း၊ တဒိုင်းဒိုင်းပဲ။
အချိန်ကိုက်တွေ့လိုက်ရတဲ့အပျော်ဟာ လာသူရော မျှော်သူမှာပါ ကူးစက်စေတယ်။ နောက်ကျလို့ စိတ်ကောက်စရာ မလိုဘူး။ စိတ်ပူစရာမလိုဘူး။ သံသယဝင်စရာမလိုဘူး။
နှလုံးသားစကားမပြောတဲ့နေ့
တစ်ခါက တစ်နေ့မှာ ချစ်သူနဲ့ အရေးတကြီးကိစ္စရှိလု့ိ တွေ့ဖို့ချိန်းလိုက်တယ်။ ချိန်းချိန်က ညနေ ၃ နာရီ။ ဘာပြောပြော ကိုယ်ကတွေ့ချင်သူဆိုတော့ ၂ နာရီ ၄၅ မိနစ်ကတည်းက ချိန်းတဲ့နေရာ ရောက်နေတယ်။ ဒီလိုနဲ့ ၃ နာရီထိုးပြီ။ ချစ်သူက ရောက်မလာသေးဘူး။ ၃ နာရီ ကျော်ပြီ။ မရောက်သေးဘူး။ စောင့်နေချိန် နာရီဝက်ကျော်ပြီ မရောက်သေးဘူး။ စောင့်ချိန် တစ်နာရီထိုးပြီ။ မရောက်သေးဘူး။ ဒါနဲ့ စိတ်ပူရပြီ။ ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ လွဲကုန်ပြီ။ ချစ်သူနဲ့အတူသွားတွေ့ရမယ့် မိတ်ဆွေတွေနဲ့ထပ်ပြီး လွဲပြန်ပြီ။
ဒီလိုအစီအစဉ်တွေ ကမောက်ကမဖြစ်ကုန်တော့ ချစ်ရတဲ့ချစ်သူကို စိတ်မရှည်တော့ဘူး။ ဒါပေမဲ့ ချစ်သူကို ဆက်စောင့်တယ်။ တစ်နာရီခွဲလောက်ကြာမှ ရောက်လာတယ်။ တွေ့လိုက်ချိန်မှာ တစ်ယောက်ကို တစ်ယောက် စိတ်ကမကြည်ကြဘူး။ “နောက်ကျလိုက်တာ” လို့ ခပ်ဆတ်ဆတ် ပြောထွက်သွားတယ်။ “ကားလမ်းပိတ်နေလို့လေ” သူမကလည်း စိတ်မရှည်ဟန်နဲ့ တုံ့ပြန်တယ်။ “စောင့်နေရတာ နှစ်နာရီလောက်ရှိပြီ” ။ “လာတာပဲ နောက်ကျတာတော့ မတတ်နိုင်ဘူး”။ ဒီလိုနဲ့ ထိုနေ့က ချစ်သူနှစ်ယောက် နှလုံးသားအကြောင်း မပြောနိုင်ဘဲ အမုန်းစကားနဲ့ နိဂုံးချုပ်သွားကြတယ်။
အချိန်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကမှ အချိန်ဆိုတာကို သတိပြုမိလာကြတယ်။ နေထွက်တယ်။ နေဝင်တယ်။ နေ့နဲ့ညဟာ ပုံမှန်ဖြစ်နေတာကို လူတွေ သတိပြုမိလာတယ်။ ဒါဟာ အချိန် (Time) လို့ သတ်မှတ်လိုက်ကြတယ်။ နောက်တော့ နေနာရီ၊ ရေနာရီ၊ သဲနာရီ ဖယောင်းတိုင်နာရီစတဲ့ ယနေ့ခေတ်ပေါ်နာရီတွေရဲ့ အစဦးဆုံးနာရီတွေ ပေါ်လာတယ်။ အချိန်ဆိုတဲ့ ဝေါဟာရ ပေါ်လာပြီးနောက် ရူပဗေဒပညာရှင်များက scalar matter လို့ သတ်မှတ်ကြတယ်။ လူသားတွေအတွက် အချိန်(နာရီ) ပေါ်ပေါက်လာပြီးနောက် လုပ်ငန်းများ ဆောင်ရွက်ရာမှာ စနစ်တကျဖြစ်လာတယ်။ အစည်းအဝေး ကျင်းပချိန်၊ မွေးနေ့ကျင်းပချိန်၊ မင်္ဂလာဆောင်ချိန်၊ နာရေးပြုလုပ်ချိန် စတဲ့ လုပ်ငန်းဆောင်တာ အားလုံးဟာ အချိန်နဲ့ ချိန်ကိုက်လုပ်ဆောင်ကြတယ်။ ယဉ်ကျေးတဲ့ လူမှုပတ်ဝန်းကျင်မှာ အချိန်ကို လေးစားခြင်းဟာလည်း လူ့ယဉ်ကျေးမှုတစ်ရပ်ပဲ။
သတ်မှတ်ထားတဲ့ အချိန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်းဟာ အောင်မြင်မှုတစ်ရပ် ဖြစ်လာတယ်။ အချိန်နောက်ကျမှ အချိန်တစ်လွဲမှ လုပ်ငန်းဖြစ်မြောက်တာဟာ အောင်မြင်မှုအပြည့်အ၀ မရနိုင်တော့ဘူး။ အသက်ခြောက်ဆယ်ရောက်မှ ဆယ်တန်းအောင်တာမျိုးက ကြိုးစားမှုကို အသိအမှတ်ပြုနိုင်ပေမယ့် အောင်မြင်တဲ့ဖြစ်ရပ်တော့ မဟုတ်ဘူး။
ဆိုတော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိအချိန်ဆွဲတာဟာ ဖြစ်ရပ်တစ်ခုကို ပျက်စီးစေလိုတဲ့သဘော၊ ဖျက်ဆီးပစ်တဲ့သေဘော၊ မရိုးဖြောင့်မှုရဲ့သဘောကို သက်ရောက်စေတယ်။ ချစ်သူနှစ်ဦး ချိန်းဆိုချိန် လွဲလို့ စိတ်ကောက်ရုံ၊ ချော့လိုက်ရုံနဲ့ ပြီးနိုင်ပေမယ့် အများပြည်သူနဲ့ ပတ်သက်တဲ့ကိစ္စမှာ ဘယ်သူက ဘယ်သူ့ကို စိတ်ကောက်ရမှာလဲ။ ဘယ်သူက ဘယ်သူ့ကို ချော့ရမှာလဲ။ အချိန်ဆွဲတာအပြင် မေ့မေ့ပျောက်ပျောက်ဖြစ်အောင်လုပ်ပြီး ကိစ္စတစ်ရပ်ကို လူမသိသူမသိ ဖျောက်ဖျက်ပစ်လိုက်တာဟာ အလွန်ကြောက်စရာကောင်းလှတယ်။
စင်စစ် ခံရသူဆိုတာ လွယ်လွယ်နဲ့ မေ့ပျောက်လို့ မရဘူး။ နှလုံးသားအထိ ခံစားလိုက်ရပြီဆို တစ်သက်တာ မေ့ပျောက်လို့ မရတတ်ဘူး။
ချစ်သူနဲ့ချိန်းထားရင်အချိန်တိကျမှ ဘဝင်အေးမြမှာ။ တစ်ယောက်ယောက်နောက်ကျလို့ စိတ်မောရပြီဆို ဘဝင်ပူစရာဖြစ်ရတာပေါ့။ ချစ်သူချိန်းထားတဲ့အချိန် တိတိကျကျလေးသွား။ အချိန်မှန်လို့ ကြည်လင်နေတဲ့ ချစ်သူမျက်နှာကို ကြည့်ရင်း အနာဂတ်ကို ပျော်ပျော်ကြီး လက်တွဲသွားနိုင်ကြရအောင်။ ဘာပဲဖြစ်ဖြစ် အချိန်ဆွဲတာ မကောင်းပါဘူး။
အချိန်ဆွဲ ဗျူဟာ
Most Read
Most Recent
1 hour ago










