ရှေ့တိုးနောက်ဆုတ် အာဆီယံ

ရှေ့တိုးနောက်ဆုတ် အာဆီယံ
Published 3 May 2015
နေထွန်းနိုင်

(၁)
၂၀၁၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မလေးရှားနိုင်ငံက ယူခဲ့ပါတယ်။၂၀၁၄ခုနှစ် ဥက္ကဋ္ဌ မြန်မာနိုင်ငံဆီကနေ လက်လွှဲယူခဲ့တာပါ။
ဒီအတွက် ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ် အစည်းအဝေးတွေကို ကွာလာလမ်ပူနဲ့ လန်ကာဝီမှာ လုပ်ခဲ့ပါတယ်။ ဧပြီ ၂၄ ရက်ကနေ ၂၈ ရက် အထိ ကြာမြင့်ပါတယ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အဖို့ သူ့နိုင်ငံတွင်းမှာပဲ နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ၂၀၀၈ ခုနှစ် မလေးရှားရွေးကောက်ပွဲမှာ နာဂျစ်ရာဇက်က အာမက်ဘာဒါဝီကို အနိုင်ယူခဲ့ပါတယ်။ ဘာဒါဝီရဲ့ အရှုံးက နိုင်ငံစီးပွားရေးကျဆင်းမှု၊ အဂတိ လိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှု ထူပြောခြင်းတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှု မက်လုံးနဲ့ နာဂျစ်ရာဇက်ရဲ့ အစောပိုင်းနှစ်တွေဟာ အောင်မြင်ခဲ့ပါတယ်။ လူမျိုးရေးမူဝါဒအပေါ် အခြေခံပြီး စုစည်းညီညွတ်မှုကို ဖော်ဆောင်မယ့် 1Malaysia အစီအစဉ်က သူလုပ်ခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီအစဉ်အစဉ်နဲ့အတူ နွမ်းပါးသောလူထုကို ကူညီထောက်ပံ့ရေး၊ ပြည်သူဗဟိုပြု စီမံကိန်းတွေကလည်း အစောပိုင်းမှာ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြိုင်ဘက် အီဘရာဟင်ကို အနိုင်ရပြီး ဝန်ကြီးချုပ်တာဝန် ဆက်ယူခဲ့ပါတယ်။
(၂)
အခုတော့ ၂၀၁၃ ခုနှစ် မတိုင်မီအချိန်ကလို မဟုတ်တော့ပါဘူး။ မလေးရှားစီးပွားရေး ကျဆင်းနေပါတယ်။ နာဂျစ်ရာဇက်ဟာ ဘာဒါဝီ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
1Malaysia Development Fund(1MDB) အစီအစဉ်မှာ ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်လာခဲ့တယ်။ ဒီခေါင်းစဉ်အောက်မှာ သုံးစွဲခဲ့တဲ့ ရင်းဂစ်ငွေ သန်းချီဟာ စာရင်းဖော်မရ ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့မတူဘဲ မီဒီယာ အားကောင်းတဲ့ မလေးရှားမှာဒီကိစ္စက နာဂျစ်ရာဇက်အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အတိုက်အခံ အီဘရာဟင်က နာဂျစ်ရာဇက်ကို အပြင်းအထန် ဝေဖန်လာပါတယ်။
နာဂျစ်ရာဇက်ကို ပြင်သစ်ဘုရင် လူဝီ ၁၆ နဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှု၊ လုပ်ကိုင်ပုံတွေကို ကြည့်ပြီး နာဂျစ်ရာဇက်ဟာ ဝန်ကြီးချုပ်နေရာထက် မင်းဧကရာဇ်ဖြစ်လိုသူ တစ်ဦးဖြစ်နေပြီလို့ အီဘရာဟင်က ဝေဖန်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နာဂျစ်ရာဇက်ကို ထောက်ခံခဲ့သူ တစ်ဦးဖြစ်တဲ့ မလေးရှားဒီမိုကရေစီ အာဏာရှင် မဟာသီကိုယ်တိုင်က နာဂျစ်ရာဇက်ကို စိတ်ပျက်လာပါတယ်။
ဝန်ကြီးချုပ်ရာထူးက ဆင်းပေးဖို့အထိ မဟာသီက ပြောဆိုခဲ့ပါတယ်။
မဟာသီကြောင့် တိုးတက်တဲ့ မလေးရှားနိုင်ငံ ပေါ်ခဲ့ပေမယ့် သူယုံကြည် လက်လွှဲခဲ့တဲ့ ဘာဒါဝီလက်ထက်မှာ အကျင့်ပျက်ခြစားမှုတွေ များစွာဖြစ်ခဲ့တယ်။ လူမျိုးရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဘာဒါဝီကို စွန့်လွှတ်ပြီး နာဂျစ်ရာဇက်ကို ထောက်ခံလိုက်တယ်။ ရေရှည်မခံခဲ့ပါဘူး။ နာဂျစ်ရာဇက်က ဘာဒါဝီပုံစံ ပြန်ဖြစ်လာပါတယ်။
အခုချိန်မှာ မလေးရှားမီဒီယာတွေ ကိုယ်တိုင်က နာဂျစ်ရာဇက်ကို ထောက်ခံမှု မပေးတော့ပါဘူး။ ဒါကြောင့်လည်း မလေးရှား အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ မလေးရှား မီဒီယာတွေအကြား မှေးမှိန်နေခဲ့ပါတယ်။ 
(၃)
ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း၊ ဖိအားပေးမှုတွေ ရှိနေပေမဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ နာဂျစ်ရာဇက် အပြုံးမပျက်ခဲ့ပါဘူး။ ဒါပေမဲ့ အစည်းအဝေး နောက်ပိုင်းရက်တွေမှာ စိတ်ပျက်အားလျော့မှု ဟန်ပန်တွေကို သူ့မျက်နှာမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒါဟာ မလေးရှားက ထပ်မံကြိုးစားတဲ့ အာဆီယံ ဘုံစံတော်ချိန် အဆိုပြုမှု မအောင်မြင်တာကြောင့် ဖြစ်သလို တောင်တရုတ်ပင်လယ် အရေးမှာ ဖိလစ်ပိုင်နိုင်ငံနဲ့ အချေအတင် ဖြစ်ခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။
မလေးရှားနိုင်ငံက အာဆီယံကို ထူထောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံက ခေါင်းဆောင်ငါးဦးပေါင်းပြီး အာဆီယံကို ထူထောင်ခဲ့ပါတယ်။
အဲဒီခေါင်းဆောင်ငါးဦးထဲမှာ နာဂျစ်ရာဇက်ရဲ့ ဖခင်ထွန်းရာဇက်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ နာဂျစ်ရာဇက်ရဲ့ အသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်။
မလေးရှားနိုင်ငံက ၁၉၇၇ ခု နှစ်မှာ တစ်ကြိမ်၊ ၁၉၉၇ ခုနှစ်မှာ တစ်ကြိမ်၊၂၀၀၅ခုနှစ်မှာ တစ်ကြိမ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပါတယ်။ အခုချိန်မှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လေးကြိမ်မြောက် ယူခဲ့တာပါ။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက ယူခဲ့တဲ့ အချိန်တိုင်းမှာ အာဆီယံအဖို့ အရေးပါတဲ့ မှတ်တိုင်တွေ စိုက်နိုင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ၂၀၂၀ ပြည့်နှစ်အထိ မျှော်မှန်းတဲ့ အစီအစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံအသိုက်အမြုံ (AC) ထူထောင်ဖို့ လမ်းစဖော်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယားကိုလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ဆိုရင်လည်း ပထမဆုံး အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို လုပ်နိုင်ခဲ့သလို စီးပွားရေးဆိုင်ရာ မြှင့်တင်မှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။
အာဆီယံ သမိုင်းမှာ မလေးရှားက အစဉ်အလာ ကောင်းခဲ့တာမို့ ၂၀၁၅ ခုနှစ်မှာလည်း မှတ်တိုင်ထူဖို့ သူတို့ကြိုးစားခဲ့ပါတယ်။
(၄)
နာဂျစ်ရာဇက်ရဲ့ ကြိုးစားမှုက ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အောင်မြင်မှုမရခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
အာဆီယံဘုံစံတော်ချိန် ကြိုးပမ်းမှုကို သူထပ်လုပ်ခဲ့ပါတယ်။ အာဆီယံဘုံစံတော်ချိန် သတ်မှတ်ရေးကို အင်ဒိုနီးရှားအာဏာရှင် ဆူဟာတိုက ၁၉၈၅ ခုနှစ်မှာ စတင် ကြိုးပမ်းခဲ့ဖူးပါတယ်။ ၁၉၉၅ ခုနှစ်မှာ စင်ကာပူက ထပ်ပြီးကြိုးစား ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာလည်း မလေးရှားက ကြိုးစားပါတယ်။
အာဆီယံနိုင်ငံအားလုံး တစ်ပြေးညီ စံတော်ချိန် သတ်မှတ်ရေးက ထင်သလောက် မလွယ်ပါဘူး။ 
စီးပွားရေးနဲ့ ဘဏ္ဍာရေး ငွေကြေးဈေးကွက်မှာ တရုတ်၊ ဟောင်ကောင်တို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အဲဒီနိုင်ငံတွေရဲ့ စံတော်ချိန်နဲ့တူဖို့ လိုမယ်ဆိုတဲ့ အယူအဆက မလေးရှားမှာ ရှိနေပါတယ်။
ဒီလိုစံတော်ချိန်ပြောင်းရင် ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံတွေက အချိန်ပြောင်းစရာ မလိုပါဘူး။ ဒီလေးနိုင်စလုံးက အာဆီယံမှာ စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၃ ခုနှစ် ကိန်းဂ ဏန်းတွေအရ အာဆီယံထဲမှာ ဖွံ့ဖြိုးမှု အတန်အသင့်သာရှိတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို တို့အပြင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး တစ်နိုင်ငံတည်း ဖြစ်နေတဲ့ မြန်မာနိုင်ငံတို့ မလွယ်ကူနိုင်ပါဘူး။ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း လက်မခံပါဘူး။
အာဆီယံအနေနဲ့ အီးယူနိုင်ငံတွေလို ဘုံငွေကြေးသုံးစွဲမှု လုပ်နိုင်ပေမဲ့ အီးယူမှာ ဘုံစံတော်ချိန် သုံးစွဲတာ မရှိပါဘူး။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့  အီးယူက ဘုံစံတော်ချိန် သတ်မှတ်ဖို့ ကြိုးစားတာလည်း မရှိပါဘူး။
ဘုံစံတော်ချိန် သတ်မှတ်ရေးက မှားယွင်းနေတဲ့ အယူအဆတစ်ခုဖြစ်ပြီး အိုင်ဒီယာ အဟောင်းကို အသက်သွင်းဖို့ မလေးရှားနိုင်ငံက ကြိုးစားခဲ့တာဟာ အံ့သြစရာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နိုင်ငံအတွက် ပိုပြီးအကျိုးရှိနိုင်တာမို့ လုပ်တယ်ဆိုရင် အံ့သြစရာမရှိပါဘူး။
(၅)
၂၀၁၅ ခုနှစ်မှာ မလေးရှားနိုင်ငံအတွက် မှတ်တိုင်ထူနိုင်မယ့် အရာရှိပါတယ်။ ၁၉၉၇ ခုနှစ်မှာ သူတို့စတင်ခဲ့တဲ့ အာဆီယံ အသိုက်အမြုံဟာ ဒီနှစ်မှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါနဲ့အတူ အာဆီယံ စီးပွားရေးအသိုက်အမြုံ (AEC) ကလည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စတင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါတွေဟာ အစဉ်အလာကောင်းခဲ့တဲ့ မလေးရှားနိုင်ငံအတွက် ကျေနပ်ဖွယ် ရလဒ်မဖြစ်နိုင်ပါဘူး။ အမှန်တော့ AEC ဟာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးပြတ်ခြင်း မရှိခဲ့တာမို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာရောက်မှ စတင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကလည်း၂၀၁၆ ခုနှစ် ရောက်မှ စတင်နိုင်တယ်လို့ မဖြစ်ရအောင် ဒီဇင်ဘာဆိုပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ AEC အပေါ် မျှော်လင့်ချက်များများ မထားဖို့ ပြောဆိုမှုတွေက ၂၀၁၄ ခုနှစ် မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်ကတည်းက ပေါ်ခဲ့ပါတယ်။
ဒီကြားထဲမှာ AEC အတွက်  အချိန်ယူဖို့ လိုတာကို ထုတ်ပြောတာတွေ ရှိလာပါတယ်။ ဒီပြောဆိုမှုကို ဧပြီ ၁၉ ရက်နဲ့ ၂၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ လုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပေါ်ထွက်ခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့တွင်း ပေါင်းစည်းညီညွတ်ရေးဟာ နှေးကွေးနေတယ်လို့ မလေးရှားမှာ အကြီးဆုံးဘဏ်ဖြစ်တဲ့ CMIB ဘဏ် ဥက္ကဋ္ဌ နာဇာရာဇက်က အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလအတွင်းမှာပဲ ပြောဆိုပါတယ်။ နာဇာရာဇက်က မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ရဲ့ အစ်ကိုဖြစ်ပါတယ်။
AEC နဲ့ ပတ်သက်ရင် အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့က စိတ်အားအထက်သန်ဆုံး ဖြစ်ပါတယ်။ စီးပွားရေး အင်အာကြီးနိုင်ငံ အင်ဒိုနီးရှားက စိတ်အားထက်သန်မှု မရှိပါဘူး။ ထိုင်းကလည်း စစ်အာဏာသိမ်း အစိုးရလက်အောက် ရောက်ချိန်မှာ စီးပွားရေးထက် နိုင်ငံရေး ရှုပ်ထွေးမှုက ပိုများနေပါတယ်။ စင်ကာပူနဲ့ မလေးရှားကလည်း စီးပွားရေးပြိုင်ဘက် ဖြစ်နေပါတယ်။
မလေးရှား ကုန်သွယ်ရေးဝန်ကြီး မူစတာဖာက AEC အတွက် ကုန်သွယ်မှု အတားအဆီး ၉၀ ရာခိုင်နှုန်းကျော် ဖယ်ရှားပြီးပြီလို့ ဆိုပေမဲ့ AEC အကျိုးခံစားမှုကို အာဆီယံနိုင်ငံတိုင်းရရှိဖို့က မရေရာဘူး ဖြစ်နေပါတယ်။ အားကြီးသူ အနိုင်ယူစတမ်း သီအိုရီအရ AEC ကြောင့် အာဆီယံတစ်ပြေးညီ တိုးတက်ဖို့ဆိုတာ စာရွက်ပေါ်က မျှော်မှန်းချက်ပဲ ဖြစ်နေပါသေးတယ်။
(၆)
တောင်တရုတ်ပင်လယ် အရေးက အာဆီယံအတွက် နာတာရှည်ရောဂါ ဖြစ်နေပါပြီ။
ရှိပြီးသား ကျွန်းတွေ ပိုင်ဆိုင်မှု အငြင်းပွားနေချိန်မှာပဲ လူလုပ်ကျွန်းတုတွေကို တရုတ်က ထပ်လုပ်နေပါတယ်။ တောင်တရုတ် ပင်လယ်ရေပိုင်နက် ရာခိုင်နှုန်း ၉၀ ကျော်ကို သူတို့ပိုင်တယ်လို့ တရုတ်က ပြောထားပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် အာဆီယံအဖွဲ့ ထူထောင်ချိန်ကတည်းက တောင်တရုတ် ပင်လယ်အရေးဟာ အာဆီယံအတွက် ပြဿနာ ဖြစ်ပါတယ်။ အာဆီယံက လုပ်ဆောင်မယ်လို့ ချမှတ်ထားတဲ့ အဓိက မူငါးချက်၊ မူခွဲ ၁၄ ချက်ထဲမှာ “တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများ ပိုင်ဆိုင်ရေး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်” ဆိုတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။
နှစ်ပေါင်း ၄၈ နှစ် ကြာမြင့်ခဲ့ပါပြီ။ တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းမယ် ဆိုတာကို အာဆီယံက အခုချိန်ထိ ပြောနေရတုန်းပါ။ အဖြေထွက်ခြင်း မရှိသေးပါဘူး။ ဒီအရေးအတွက် လိုက်နာရမယ့် ကျင့်ဝတ်ဖြစ်တဲ့ Coduct of  Conduct ပေါ်ထွက်ရေးက အခုထိ ဖြစ်မလာသေးပါဘူး။
၂၀၁၀ ပြည့်နှစ် ဗီယက်နမ်က အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်မှာတောင် တရုတ်ပင်လယ်အရေး လှုပ်ခတ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဥက္ကဋ္ဌ ဖြစ်ချိန်မှာလည်း တိုးတက်မှုရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာက မ္ဘောဒီးယားက ဥက္ကဋ္ဌ တာဝန်ယူခဲ့တယ်။ တောင်တရုတ် ပင်လယ်အရေး ဖြေရှင်းမှုမှာ တရုတ်ဘက်က အသာစီးယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဘရူနိုင်းဥက္ကဋ္ဌ ဖြစ်ချိန်မှာတောင် တရုတ်ပင်လယ်အရေး ရှေ့တန်း ပြန်ရောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မြန်မာဥက္ကဋ္ဌ ဖြစ်ချိန်မှာ တရုတ်က အသာစီးယူနိုင်ဖို့ ကြိုးစားခဲ့တာ ရှိပါတယ်။ ၂၀၁၆ ခုနှစ် ဥက္ကဋ္ဌတာဝန်ကို လာအိုက ယူဖို့ရှိပါတယ်။  တရုတ်ဘက် ပိုယိမ်းနိုင်ပါတယ်။
ဒါဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာတင် တရုတ်အကျိုးစီးပွားနဲ့နွှယ်တဲ့ နိုင်ငံတွေပါနေတာကို ပြဆိုနေတာပါ။ တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုမှာ အာဆီယံထဲက မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ပါဝင်ပတ်သက်နေပါတယ်။ ဒီနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်က အမေရိကန် မဟာမိတ်လို့ ပြောနိုင်သလို ဗီယက်နမ်က တရုတ်ကို ဆန့်ကျင်တဲ့ နိုင်ငံတစ်ခု ဖြစ်နေပါတယ်။
မလေးရှားက သူ့နိုင်ငံအကျိုးစီးပွားအတွက် တောင်တရုတ်ပင်လယ်အရေးထက် တရုတ်အစီအစဉ် ကုန်သွယ်ရေကြောင်း ပိုးလမ်းမကို ပိုစိတ်ဝင်စားပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ် အရေးကို အာရုံစိုက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ တောင်တရုတ် ပင်လယ်အရေး အာဆီယံရဲ့ မူတွေ၊ ခေါင်းဆောင်မှုပိုင်း ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ဖို့အထိ ပြောခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က တောင်တရုတ်ပင်လယ် အရေးကြောင့် အာဆီယံ ပြိုကွဲစေမှာ မဟုတ်ဘူး ပြောပေမယ့် အဖွဲ့တွင်း နိုင်ငံရေး၊ စီးပွားရေး မညီညွတ်မှုတွေက အာဆီယံထဲမှာ ပိုများနေပါတယ်။
(၇)
မြန်မာနိုင်ငံအဖို့ ၂၆ ကြိမ်မြောက်အာဆီယံ ထိပ်သီးဆွေးနွေးမှုမှာ ဘာအကျိုးအမြတ်မှ မရခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ အရေးကြီး ကိစ္စတွေမှာ ဦးဆောင်ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။
ဘင်္ဂါလီရိုဟင်ဂျာအရေး ဆွေးနွေးဖို့ ဖိအားပေးတာတွေ ရှိပေမယ့် အာဆီယံမှ မဆွေးနွေးခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို ဆွေးနွေးပြောဆိုကြတာ မရှိသလို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အာဆီယံက သဘောထားမှတ်ချက် ပေးတာလည်း မရှိပါဘူး။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ထင်ပေါ်ကျော်ကြားမှုက အာဆီယံ အဖွဲ့ထဲမှာလည်း ကျဆင်းနေတာ သိသာပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ သမ္မတ ဦးသိန်းစိန်က အာဆီယံခေါင်းဆောင်တွေကြားမှာ ထင်ပေါ်ခဲ့ပါတယ်။ ဖက်လှဲတကင်း နှုတ်ဆက်လိုသူတွေ ပေါများခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒီလို မဟုတ်တော့ပါဘူး။
ဒါဟာ ၂၀၀၉ ခု နှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ၁၃ ပွဲကို မပျက်တန်း သွားရောက်သတင်းယူခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံအရ ပြောတာပါ။
၂၀၁၁ ခုနှစ် မတိုင်မီအချိန်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ အနှိမ်ခံနိုင်ငံလို ဖြစ်ခဲ့ပါတယ်။   မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကြောင့် အာဆီယံ မျက်နှာပျက်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ 
၂၀၁၁ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သမ္မတဦးသိန်းစိန်တို့ ထင်ပေါ်ကျော်ကြားမှု စတင်ခဲ့ပါတယ်။  
၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန် ရခဲ့တာကြောင့် သမ္မတဦးသိန်းစိန်ကို အာဆီယံ ခေါင်းဆောင်တွေတင် မကဘဲ အမေရိကန်၊ အီးယူ၊ အရှေ့အာရှ ခေါင်းဆောင်တွေကပါ အလေးထား ဆက်ဆံခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ အရင်လေးနှစ်က အခြေအနေနဲ့ မတူတော့ပါဘူး။ ဒီအချက်ကို သမ္မတဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ ကောင်းကောင်း သိပါလိမ့်မယ်။
အာဆီယံအတွက်တော့ ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်ပုံစံ ဖြစ်နေပါတယ်။ မျှော်မှန်းချက်တွေ ချမှတ်၊ အနာဂတ် နှစ်ရှည်စီမံချက်တွေ ရေးဆွဲနေပေမယ့် ဒေသတစ်ခုလုံး အကျိုးခံစားခွင့်က လက်တွေ့ဖြစ်မလာ သေးပါဘူး။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က သူဝန်ကြီးချုပ် ဖြစ်ချိန်မှာ ပြည်သူဗဟိုပြု စီမံကိန်းတွေနဲ့ နာမည်ရခဲ့ပါတယ်။ သူ အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာလည်း လူထုဗဟိုပြု အာဆီယံဖြစ်ရေး ဆောင်ပုဒ်ကို လက်ကိုင်ပြုပါတယ်။
အာဆီယံခေါင်းဆောင်တိုင်းက လူထုအတွက်ဆိုတာကို အမြဲပြောကြပါတယ်။ ဒါပေမဲ့ အာဆီယံ ခေါင်းဆောင်တွေက လူထုအတွက် ခေါင်းစဉ်တပ်ပြီး လေအေးပေးစက်တပ် အခန်းတွေထဲမှာ စုရုံးဆွေးနွေး နေကြပေမယ့် အာဆီယံ ပြည်သူတွေက လေးအေးပေးစက်နဲ့ ဝေးရာမှာ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ဒီအတိုင်း ဖြစ်နေတုန်းပါပဲ။
အာဆီယံဟာ သွားတော့သွားနေပါတယ်။ အာဆီယံဟာ သန်း ၆၀၀ ကျော်ရှိတဲ့ အာဆီယံပြည်သူတွေ အတွက်လို့ ကြွေးကြော်ပြီး ခရီးဆက်နေပါတယ်။ ဒါပေမဲ့ အာဆီယံပြည်သူတွေဆီ ရောက်မလာသေးပါဘူး။