လွန်ခဲ့သော ခုနစ်နှစ်တာ ကာလက အခုလို မေလဆန်းမှာ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သော ‘နာဂစ်’ မုန်တိုင်းကြောင့် မြန်မာပြည်၏ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ အလူးအလဲ ခံစားခဲ့ရသည်။ အထူးသဖြင့် ဧရာဝတီတိုင်း တောင်ဘက်ပိုင်းမှာ အပျက်အစီး အဆုံးအရှုံး အထူးများပြားခဲ့ရပြီး ထိုအဆုံးအရှုံး၏ ဝေဒနာများကို ခုနစ်နှစ်ကျော် ကြာမြင့်လာသည်အထိ ကုစား၍ မပြီးစီးနိုင်ပေ။နာဂစ်၏ ပြင်းထန်လှသောလေနှင့် ထုထည်ကြီးမားလှသော ရေထုကို ရင်စည်းခံစားခဲ့ရသော ဒေသများမှာ နိုင်ငံတကာ၏ အကူအညီ အထောက်အပံ့များကို ရရှိကြသည်ဟု ဆိုနိုင်သော်လည်း တကယ်တမ်း ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသည့် မုန်တိုင်း၏ ပြင်းထန်ဆိုးရွားလှသောဒဏ်ကို ထိရောက်စွာ ကုစားနိုင်ခဲ့ခြင်း မရှိပါ။ နိုင်ငံတော်အပိုင်းက လိုအပ်သည်များကို လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့ပါသည်ဟု ထိုစဉ်က သတင်းစာများမှာ ဖော်ပြကြသည်ကို မှတ်မိပါသေးသည်။ ဒါပေမဲ့ လူပေါင်းတစ်သိန်းကျော် သေကျေပျက်စီးရသည့်အပြင် ဧရာဝတီတိုင်း တောင်ပိုင်းဒေသ တစ်ခုလုံးမှာ ရစရာမရှိအောင် ဆုံးရှုံးပျက်စီးခဲ့ရသည့် မုန်တိုင်းဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီ အထောက်အပံ့များ ချက်ချင်းမလာနိုင်သည့်အတွက် မုန်တိုင်းကြောင့်မသေဘဲ နောက်ဆက်တွဲ ကြုံကြရသော ဖျားနာခြင်း၊ ငတ်မွတ်ခြင်း၊ ဒဏ်ရာများ အချိန်မီ မကုသနိုင်ခြင်း စသည့်ပြဿနာ ဒုက္ခများကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးကြရရှာသည်လည်း မနည်းလှ။“ကျွန်တော်တို့ ရွာကနေ တာလမ်းအတိုင်း လပွတ္တာကို လမ်းလျှောက်လာကြရတာ။ အဲဒီလိုလာကြတဲ့ သူတွေအထဲမှာ သက်ကြီးရွယ်အိုရော၊ ကလေးတွေရော၊ ကလေးအမေတွေရော စုံလို့ပါပဲ။ မုန်တိုင်းဒဏ်ကို တစ်ညလုံး ခံရပြီးတော့ နောက်နေ့မှာ ကြောက်ကြောက်လန့်လန့်နဲ့ စိတ်ချရမယ်ထင်တဲ့ နေရာကို ထွက်လာကြရတာမို့ ဘယ်သူမှ စားစရာ၊ ဝတ်စရာရယ်လို့ ပါလာတာ မဟုတ်ဘူး။ လမ်းဘေးမှာ လူသေအလောင်းတွေကလည်း အများကြီး။ အပျက်အစီး ဆိုတာကလည်း မြင်မကောင်းဘူး။ လမ်းမှာတွေ့တာလေး မျှတစားပြီး နှစ်ရက်လောက် လမ်းလျှောက်လာရတဲ့ ခရီးမှာ ဆုံးပါးသွားတဲ့သူတွေ မနည်းဘူး။ ကလေးကို နို့တိုက်ရင်း သေနေတဲ့ သားအမိနှစ်ယောက်ကို အခုထက်ထိ မျက်စိထဲမှာ မြင်နေတုန်းပဲ” ဟု လပွတ္တာတောင်ပိုင်း သင်္ကန်းကြီးကျေးရွာမှ ဒေသခံတစ်ဦး ပြောတာကို အမှတ်ရမိသည်။ ထိုစဉ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒေသတစ်ခွင်လုံးမှာ လှုပ်လှုပ်ရှားရှား ရှိနေခဲ့ပြီး မုန်တိုင်းဒဏ် ခံစားရသူတွေလည်း မိမိတို့ လက်ကျန်မိသားစုနှင့် ရှိစုမဲ့စုလေးများကို ပြန်စုဆောင်းကာ ဘဝကို ယိုင်နဲ့နဲ့နှင့် ပြန်လည်ကြိုးစား ထူထောင်နေကြရချိန် ဖြစ်သည်။ ပင်လယ်နှင့် အသက်မွေးကြရသူများ အဓိကနေထိုင်သည့် ဒေသဖြစ်ရာ ငါးဖမ်းလှေများ၊ ပိုက်များ ဆုံးရှုံးသွားကြရသဖြင့် နေ့စဉ် စာရေးသောက်ရေးအတွက်ပင် အတော်ခက်ခဲစွာ ရုန်းကန်နေကြရသည်ကို ကိုယ်တွေ့ကြုံရသည်ကို ယနေ့တိုင်း မမေ့နိုင်သေးပါ။“အဓိက,ကတော့ သောက်ရေပါပဲ။ နေပူကြီးထဲမှာ ခရီးဝေးကို လမ်းလျှောက်လာရတော့ ရေငတ်တဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ အဲဒီတော့ နီးစပ်ရာ တွေ့တဲ့ရေကို သောက်မိတော့ သိပ်မကြာပါဘူး။ ဝမ်းလျှောတော့တာပဲ။ နဂိုကတည်းက သောက်ရေခက်ခဲတဲ့ ဒေသဆိုတော့ ရေတွေ့တာနဲ့ ရွေးမနေနိုင်တော့ဘဲ အငမ်းမရသောက်မိလို့ ဒုက္ခဖြစ်ပြီး ဆုံးပါးတာလည်း မနည်းဘူး။ မုန်တိုင်းကြောင့် မသေဘဲ ရှင်ကျန်နေပြီးကာမှ အခုလို နောက်ပိုင်းမှ သေကြရတာ ယူကျုံးမရ ဖြစ်ရတယ်” ဟု ဖျဉ်ထောင်တွင်းကျေးရွာမှ အမေအိုတစ်ယောက်က ပြောပြဖူးသည်။ ထိုအမေအိုမှာ အိမ်ခေါင်းရင်းရှိ သစ်ပင်ပေါ်ကို ကြောက်ကြောက်နှင့် တက်ပြေးနိုင်ခဲ့သည့်အတွက် အသက်ရှင် ကျန်ခဲ့သော်လည်း မိသားစုများမှာ ငါးဖမ်းထွက်နေချိန်ဖြစ်၍ ပင်လယ်ထဲမှာပင် ဘဝများ ဆုံးပါးသွားကြသည်။ ထို့ကြောင့် အမေအိုမှာ နီးစပ်ရာဆွေမျိုးတွေက ဝိုင်းဝန်းစောင့်ရှောက် ပေးနေ၍သာ ဘဝဆက်လက် ရှင်သန်နေနိုင်ခြင်းဖြစ်သည်။ ကံကောင်းထောက်မ၍ အသက်ရှင်သူတွေ ရှိသလို ကံဆိုးစွာဖြင့် သေဆုံးခဲ့ရသူတွေလည်း များစွာရှိခဲ့သည်။ နာဂစ်မုန်တိုင်း အဆိုးပြယုဂ်တွင် တရားသံဝေဂရစရာတွေလည်း တစ်ပုံတစ်ပင်ကြီးပင်။“တို့ရွာက တံငါသည်...ဆိုရင် ရေကူးမှာ သူ့ကို ဘယ်သူမှ မမီဘူး။ အဲဒီလို လူမျိုးက ငါးဂါလန်ပုံးကြီးကို ဖက်ထားနိုင်တဲ့နောက် ရေနစ်သေစရာအကြောင်း မရှိတော့ဘူး။ ဒါပေမဲ့ သေဖို့ အကုသိုလ်ပါလာတော့ ရေပိုက်ဆိုင်းထားတဲ့ ဝါးက ထိုးပြီး အဲဒီဝါးချွန်ကပဲ ပလတ်စတစ်ပုံးကိုဖောက်ပြီး လူရောပုံးပါ တံစို့ထိုးထားသလို ထိုးစိုက်နေတာ မြင်မကောင်းဘူး” ဟု တံငါသည်တစ်ဦး၏ ကံဆိုးပုံကို ကြားခဲ့ရသလို ပြိတ္တာကြီးကျေးရွာမှ ဆရာမတစ်ဦးက “ကျွန်မအတန်းထဲက အဲဒီကလေးက ညနေတိုင်း ရေစပ်ကိုဆင်းတယ်။ ဘယ်သူမှ တားလို့မရဘူး။ သူ့ကိုမေးတော့ သူ့ညီလေး ပြန်လာမှာကို စောင့်တာတဲ့။ သူ့ကို ရေထဲက လာပို့သွားတဲ့ နဂါးကြီးက သူ့ညီလေးကိုလည်း လာပို့မယ်လို့ ထင်တယ်လို့ သူကပြောတယ်” ဟု နဂါးလေးဟု အမည်ပြောင်ရနေသော ကျောင်းသားလေးတစ်ဦး၏ ထူးခြားသောဇာတ်လမ်းကလည်း ရင်နင့်စရာ ဖြစ်ပါသည်။ နဂါးလေးသည် သူ၏ညီလေးကို ဘယ်လောက်အထိ စောင့်နေမည်နည်း။ ဘယ်သူမှ မသိနိုင်ပြီ။ပြန်မလာနိုင်တော့သည့် သူတွေကို စောင့်နေဆဲ၊ စောင့်နေမြဲ ရှိနေကြသူတွေထဲမှာ ဇီးဖြူဆိပ်ရွာကလေးမှ ကိုဖိုးတူးကတော့ ထူးခြားလှသည်။ ရွာထိပ်ရေကန်ဘေးက သစ်ပင်အုပ်စုလေးအောက်မှာ ရွှံ့တွေကို ခုတင်လို လုပ်ထားပြီး ခုတင်ပတ်လည်မှာ ရတတ်သမျှ ပန်းကလေးတွေနှင့် အလှအပ လုပ်ထားသည်။ ပြီးတော့ ထိုခုတင်ပေါ်မှာပင် သူ့ဘဝကို မြှုပ်နှံထားသည်။ ရွာထဲက မနေနိုင်သူတွေက စားစရာလာပို့လျှင် စားသည်။ မပို့လျှင် မစား။ ထိုသစ်ပင်စုကလေးထဲက အပင်တစ်ခုကိုင်းကြားမှာ ကိုဖိုးတူး၏ ဘောင်းဘီကလည်း ရှိနေသည်။ ထိုအပင်မှာ ခိုနေရင်းက သူ့ချစ်ဇနီးနှင့် ကလေးတွေ မုန်တိုင်းနောက်ကို ပါသွားခဲ့ကြရှာသည်။ ဘယ်တော့မှ ပြန်ရောက်မည် မဟုတ်တော့သည့် မိသားစုကို မမေ့နိုင်ရှာသည့် ကိုဖိုးတူးကတော့ ပြန်လာလျှင် အရင်ဆုံးတွေ့နိုင်ရန်အတွက် ရွာထိပ်မှာပင် နေတော့သည်။ အလှကြိုက်သည့် ဇနီးအတွက် ပန်းကလေးတွေလည်း ပြင်ဆင်ထားသည်။ ဒါပေမဲ့ ကိုဖိုးတူးတစ်ယောက် ဘယ်လောက်စောင့်ပြီး ဘယ်တော့များမှ ပြန်တွေ့ကြမည် ဆိုသည်ကိုတော့ နာဂစ်ဝေဒနာများထဲက ရင်နင့်စရာတစ်ခု အဖြစ်သာ ကျန်နေတော့မည်ထင်သည်။နာဂစ်ဒဏ် ဆိုးဆိုးရွားရွား ခံစားနေရသည့်အထဲမှာ အားလုံးအံ့အားသင့်စရာ ကောင်းလောက်သည့် ကိစ္စတစ်ခုကလည်း ဖြစ်ခဲ့သည်ကို သတိရစေချင်ပါသေးသည်။ အဲဒါကတော့ တစ်ဖက်မှာ ကူညီကယ်ဆယ်ရေးနှင့် လုံးပန်းနေရချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရေးအတွက် အားလုံး မဖြစ်မနေ ပါဝင်ခိုင်းခဲ့ခြင်းအတွက် လူပြောများစရာ ဖြစ်ခဲ့ပါတော့သည်။ တိုင်းပြည်ရေးအတွက် အရေးကြီးသည် ဆိုစေဦးတော့ တစ်ဖက်မှာ သေရေးရှင်ရေးမှ ရုန်းထွက်ခါစလို အချိန်မျိုးမှာမှ မဖြစ်မနေ ပါဝင်ကြရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယနေ့မှာလည်း ပြောစရာတွေ တစ်ပုံတစ်ပင်ကြီးနှင့် ရှိနေဆဲပင် မဟုတ်ပါလား။ပြောလက်စနဲ့ ပြောရပါလျှင် နာဂစ်အတွက် မုန်တိုင်းသတိပေးချက်တွေ ကြိုတင်သိရှိထားခဲ့သော်လည်း ထိရောက်သော ကြိုတင်ကာကွယ်မှု နည်းပါးခဲ့သည့်အတွက် အဆုံးအရှုံးလည်း ကြီးမားရခြင်းကို မငြင်းနိုင်ပါ။ ဟိုင်းကြီးကျွန်းတွင် တာဝန်ရှိသူတွေက မုန်တိုင်းလွတ်ရာကို အလျင်အမြန် ပြောင်းရွှေ့ရန် ကြိုးပမ်းနိုင်ခဲ့၍ ဒေသခံများ အသက်ချမ်းသာရာရသည့် သတင်းမျိုးက ရှားပါးလှပါသည်။ ပြင်းထန်လှသော မုန်တိုင်းသည် ဒီရေတောများ မရှိသလောက် ဖြစ်နေသည့် ဧရာဝတီတိုင်းအောက်ဘက်ကို စိတ်တိုင်းကျ ချေဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းသည် သဘာဝသစ်တောများ ပျက်သုဉ်းနေသည့် မြန်မာနိုင်ငံအတွက် သတိပေးခေါင်းလောင်းထိုးသံလည်း ဖြစ်ပါသည်။ လပွတ္တာနှင့် မြောင်းမြမြို့များ အကြားရှိ လဲပျောက်သစ်တောကြိုးဝိုင်းမှာ အမည်နှင့်လိုက်အောင် သစ်ပင်ကြီးတွေ ပြိုလဲပျောက်ကွယ်သွားခဲ့သဖြင့် ဒေသတစ်ဝိုက်မှာ အထိနာခဲ့ရခြင်း ဖြစ်သည်။ “ဒီကျောင်းဆောက်တုန်းက ပျဉ်းကတိုးတိုင်တွေကို ရွာမှာရှိတဲ့ဆင်နဲ့ ရွာနားကပဲ ဆွဲခဲ့တာ။ အခုတော့ ဆင်တွေလည်း မရှိတော့ဘူး။ ရွာကနေ လေးငါးမိုင်သွားလို့မှ သစ်ကြီးဝါးကြီးတွေလည်း မရှိတော့ဘူး။ ဒါကြောင့် ရာသီဥတုတွေ ဖောက်လှဲဖောက်ပြန် ဖြစ်ရတာ” ဟု လဲပျောက်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၏ မိန့်ကြားချက်မှာ မှတ်သားသံဝေဂရစရာ ဖြစ်ခဲ့သည်။ရာသီဥတုက ဖောက်လွှဲဖောက်ပြန်ဖြစ်၍ မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ ဝိသမလောဘသမားတွေကိုလည်း များစွာ ကြုံတွေ့ခဲ့ရသေးသည်။ နာဂစ်မုန်တိုင်းကြောင့် အသက်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသူတွေရှိသလို နာဂစ်ကြောင့်ပင် ခါတော်မီ ကြွယ်ဝချမ်းသာသွားကြသူတွေလည်း မနည်းလှ။ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ အလုံးအရင်းနှင့် ဝင်ရောက်လာသည့်အတွက် နာဂစ်ဒဏ်သင့် လပွတ္တာမှာ အိမ်ငှားခတွေ ခုန်တက်တာ မယုံနိုင်စရာ ကောင်းအောင်ပင်။“အရင်က နှစ်သိန်းတောင် ဘယ်သူမှ ငှားမှာမဟုတ်တဲ့ အိမ်မျိုးကို ၁၀-၁၅ သိန်းပေးပြီး အလုအယက်ငှားကြရတာ။ လက်ဖက်ရည်ဆိုင်ဖွင့်တဲ့သူက အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး သစ်တွေဝါးတွေသွင်းရင် ကြီးပွားတာလည်း ရှိတယ်။ ဘာမှမတတ်တဲ့သူက ကောင်ကာငင်ကာ ဆောက်လုပ်ရေးလုပ်ငန်းဖွဲ့ပြီး NGO တွေက လှူတဲ့ကျောင်းတွေ ကန်ထရိုက်ယူဆောက်တာတွေလည်း ရှိတယ်။ နိုင်ငံခြားသားကို ကပ်ပေါင်းနိုင်တဲ့သူတွေ ကောင်းစားတာပဲ။ တကယ်တမ်း ဒုက္ခရောက်တဲ့သူတွေ လက်ထဲရောက်တာက နည်းနည်းပါ” ဟု ဒေသခံကျောင်းဆရာတစ်ဦးက ပြောပြတာလည်း သတိရမိသည်။ ထိုဆရာ ပြောသလိုပါပင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ တစ်ပုံတစ်ပင် လာရောက်ကြရာမှာ တကယ်တမ်း အကျိုးဖြစ်သူတွေက ထို့အဖွဲ့အစည်းများနှင့် နိုင်ငံခြားသား ဝန်ထမ်းများပင် ဖြစ်ပါသည်။ ဒုက္ခရောက်သူတွေကို အားမနာစတမ်း ယူထားသည့် ၎င်းတို့၏လစာနှင့် အထွေထွေအခွင့်အရေးက ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အစိတ်အပိုင်း တော်တော်များများကို ပါသွားစေသည်။ ပြီးတော့ ၎င်းတို့နှင့် သင့်တင့်ရာကို မျှဝေပေးစားသည့်အတွက် ခါတော်မီဝင်ရောက်သူတွေ ပွကြသည်။ မုန်တိုင်းသင့်တာ တကယ့်ဒုက္ခသည်တွေ ဘဝကတော့ ပြန်လည်ထူထောင်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုးကာ ရုန်းကန်နေကြရတုန်း။“အိမ်တွေဝေတယ် ဆိုရင်လည်း နီးစပ်ရာလူလည်တွေပဲ ရကြတာ။ တချို့ဆိုရင် စိစစ်နေတဲ့ကြားက နှစ်လုံးသုံးလုံးထိအောင် ရတာ။ အိမ်ပေးတဲ့ အဖွဲ့အစည်းတွေကပါတဲ့ ဝန်ထမ်းတွေနဲ့ ပေါင်းနိုင်လို့ပဲ။ အိမ်ငှားတာ၊ လှေငှားတာတွေလည်း ဒီလိုပဲ။ လက်မခံနိုင်စရာ ဈေးနှုန်းတွေနဲ့ လုပ်ကြရတာကြောင့် ဒုက္ခရောက်သူတွေဆီရောက်တော့ ဘာမှပြောစရာ မရှိတော့ဘူး” ဟု ဧရာဝတီသား သင်္ဘောလုပ်ငန်းရှင်တစ်ဦးက ပြောဖူးပါသည်။ ထိုသင်္ဘောပိုင်ရှင်သည် နာဂစ်ကူညီကယ်ဆယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများ တင်ပို့ရာတွင် အခြားသင်္ဘောများ၏ သုံးပုံတစ်ပုံမျှသော ဈေးနှုန်းဖြင့် စေတနာရှေ့ထား ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံများ၏ ကျေးဇူးတင်ခြင်းများကို ရရှိခဲ့ပါသည်။ ထိုကဲ့သို့သော စေတနာရှင်များ ရှားပါသည့် အတွက်လည်း ပြန်လည်ထူထောင်ရေးကာလမှာ ထင်သလောက် ခရီးမပေါက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီကယ်ဆယ်ရေးမှာ ဒုက္ခသည်များထက် ၎င်းတို့ကို ပံ့ပိုးထောက်ပံ့ထားသည့် အလှူရှင်များ၏ မျက်နှာကိုသာ ဦးစားပေးကြသည့်အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းမှု နည်းပါးရခြင်း ဖြစ်သည့်အပြင် ဒေသခံများ၏ဘဝကို စာနာနားလည်ခြင်း မရှိ၍လည်း အချို့ရွာများက ကယ်ဆယ်ရေးအဖွဲ့တွေကို နောက်ပိုင်းမှာ လက်မခံတော့သည့် အခြေအနေထိပင် ဖြစ်သွားစေခဲ့ပါသည်။ဘယ်လိုပဲဖြစ်ဖြစ် ခုနစ်နှစ်ပြည့်ပြီဖြစ်သည့် နာဂစ်မုန်တိုင်းသည် ဆိုးကျိုးများစွာ ခံစားစေခဲ့သလို သင်ခန်းစာများစွာကိုလည်း သယ်ဆောင်ပေးခဲ့ပါသည်။ ဘဝများစွာ ပျက်စီးစေခဲ့သလို ဘဝအချိန်ကိုလည်း များစွာ စိုပြည်ခဲ့ပါသည်။ ကိုယ်ချင်းစာတရား နည်းပါးမှုကြောင့် ဝိသမလောဘပေါင်းခြင်းက သဘာဝကို ပျက်စီးစေခဲ့ရာမှာ သဘာဝအန္တရာယ်ကို ဖိတ်ခေါ်ခဲ့သလို ဖြစ်ခဲ့ရခြင်းမှာလည်း နာဂစ်ကပေးသော ကြီးမားခါးသီးလှသည့် သင်ခန်းစာ ဖြစ်ပါတော့သည်။
နာဂစ်ဝေဒနာ
Most Read
Most Recent
1 hour ago










