လူတိုင်းလိုလိုပင် အခက်အခဲတွေ့မှာကို မလိုလားကြပေ။ အချို့ဆိုလျှင် အခက်အခဲတွေ့မှာကို အထူးစိုးရွံ့ကြသည်။ အခက်အခဲသည် စင်စစ် စိတ်အနှောင့်အယှက်ဖြစ်စေရာ တစ်မျိုးပင်။ မည်သူမဆို မိမိလျှောက်လှမ်းနေသော ခရီးကို အခက်အခဲမရှိဘဲ ချောမွေ့စေချင်ပေသည်။ သို့သော် ခရီးလမ်းတိုင်း အခက်အခဲမတွေ့ရဘဲ အလွယ်တကူ ချောမွေ့နိုင်ပါမည်လား။
စင်စစ် အခက်အခဲမတွေ့ဖူးသူဟူ၍ လူ့ဘဝတွင် တစ်စုံတစ်ဦးတစ်ယောက်မျှ ရှိမည်မထင်ပါ။ ဘဝတွင် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ အနည်းနှင့်အများတော့ အခက်အခဲနှင့် ကြုံဆုံဖူးသူချည်းပင်။ အခက်အခဲ သေးသေးကလေးတွေ့ပြီး စိတ်အနှောင့်အယှက် ဖြစ်သူလည်းရှိ၏။ အခက်အခဲမရှိဘဲ ဖြတ်သန်းလာရသောဘဝတွင် အခက်အခဲသည် ဆူးငြောင့်ခလုတ် ဖြစ်၏။ အခက်အခဲကြောင့် စိတ်မသက်မသာဖြစ်ကြ၏။ အခက်အခဲကြောင့် အခက်အခဲကို ဖြတ်ကျော်နိုင်ဖို့ အချိန်ပေးရမည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ငွေကြေးကုန်ကျရ၏။ အခက်အခဲကို ဖြတ်ကျော်နိုင်ဖို့အတွက် လူနှင့်ယာဉ်ရထား အကူအညီတောင်းခံရ၏။ အထူးသဖြင့် အခက်အခဲက လွန်မြောက်နိုင်အောင် အခက်အခဲပေးသူရှိလျှင် အခက်အခဲပေးသူနှင့် ဆွေးနွေးရ၏။ ညှိနှိုင်းရ၏။ အပြန်အလှန် အပေးအယူလုပ်ရ၏။ စေ့စပ်ရ၏။ ပြေလည်သောလမ်းသို့ ရောက်အောင် စိတ်ရှည်ရလေသည်။ ယင်းကြောင့် အခက်အခဲသည် ဆွေးနွေးညှိနှိုင်းမှုကို ဖြစ်ပေါ်လာအောင် နှိုးဆွ၏။ မိမိရရှိထားသော အခွင့်အရေး သို့မဟုတ် ပိုင်ဆိုင်မှုထဲက အခက်အခဲပြေလည်အောင် ဖဲ့ပေးရ၏။ ခွဲဝေပေးရ၏။ မိမိပိုင်ဆိုင်မှုထဲက တစ်စိတ်တစ်ပိုင်း စွန့်လွှတ်ရ၏။ အခက်အခဲကြောင့် အချိန်ငွေကြေးဓနနှင့် စိတ်ပင်ပန်းမှု ကြုံတွေ့ရ၏။ အခက်အခဲသည် စင်စစ်ဘဝလမ်းမှာ အဟန့်အတားပင်ဖြစ်၏။
မိမိရလိုမှုတစ်ခုတည်းအတွက် လောဘတရား အလွန်ကြီးသူတချို့ရှိ၏။ လောဘ မတရားကြီးလျက် မိမိတစ်ဦးတည်းသာလျှင် ရလိုဇောဖြင့် တစ်ပါးသူတို့ ရရှိခံစားရမည့် အခွင့်အရေးကို ပိတ်ပင်၏။ အခြားသူများ အမှန်တကယ်ရရှိရမည့် ခံစားခွင့်တို့ကို မရရှိအောင် အကျပ်အတည်းပေး၏။ တစ်ပါးသူ အခက်အခဲတွေ့အောင် စီစဉ်၏။ ကြံဆောင်၏။ ပိတ်ဆို့၏။ မရိုးမသားဉာဏ်များ၏။ ထိုအခွင့်အရေးကို ဉာဏ်နီဉာဏ်နက်သုံး၍ မိမိရရှိအောင် မတရားလှောင်ပိတ်ခံရသည်ဆိုလျှင် ဘာလုပ်ကြပါမည်လဲ။ ယင်းအခက်အခဲ ချောပြေအောင်မြင်ဖို့ ဘယ်လို အားစိုက် အချိန်စိုက်လျက် ဆောင်ရွက်ပါမည်လဲ။
မည်သည့်အခက်အခဲကိုမဆို ဖြစ်နိုင်သည့် နည်းလမ်းတို့ဖြင့် ကျော်လွန်နိုင်ရင် အမှန်တကယ် အားထုတ်လိုစိတ်ရှိခြင်းလို၏။ စိတ်ဆန္ဒ မုချရှိရမည်။ ယင်းသည် အခက်အခဲကို မုချကျော်ဖြတ်နိုင်သည့် မရှိမဖြစ် အရည်အချင်းဖြစ်သည်။
အခက်အခဲကို ကျော်လွှားရန် စိတ်ဆန္ဒပြင်းပြပြီဆိုပါက အခက်အခဲပြဿနာနှင့် ရင်ဆိုင်တွေ့ဆုံရသူသည် ဘာပြဿနာလဲဟူသောအဖြေကို ပထမဆုံး ရှာဖွေတွေ့ရှိဖို့လိုသည်။ ဘာပြဿနာဟူသည်ကို တိတိကျကျ ရှာတွေ့ပြီဆိုပါက ဒုတိယက ယင်းပြဿ နာ၏ အကြောင်းရင်းကို ရှာဖွေသိရှိဖို့လို၏။ မုန်း၍ရှာသောပြဿနာလား။ လုပ်မှားကိုင်မှားကြောင့် ပြဿနာဖြစ်ပွားရခြင်းလား။ အမှားသေးသေးကလေးကို အမှားကြီးကြီးဖြစ်အောင် မလိုသူက ပုံကြီးချဲ့ခြင်းလား။ သို့မဟုတ် မိမိယခင်က မတွေ့မမြင်ခဲ့သည့် အကြောင်းအရာတစ်ခုခုကို မဖြေရှင်းခဲ့မိ၍ ယခုမှမြှုပ်နေရာက ဘွားခနဲပေါ်လာသော အခက်အခဲပြဿနာ၏ အကြောင်းရင်းလား။ ရှာကြည့်လိုက်သည်နှင့် အခက်အခဲပြဿနာ ၏အကြောင်းရင်းကို စိစစ်ရှာဖွေခြင်းဖြင့် တွေ့ရှိလာလေတော့သည်။
အခက်အခဲပြဿနာ၏ အကြောင်းရင်းကိုလည်း တွေ့ရှိလာပြီဆိုပါက ယင်းအခက်အခဲ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတွေကို စူးစမ်းရှာဖွေရပေမည်။ နည်းလမ်းက တစ်ခုတည်း ဟုတ်ချင်မှဟုတ်မည်။ ဥပမာ-တံတားကလေးအလွန်က မယ်လမုဘုရားကို ကားနှင့်လည်း သွား၍ရသလို ရထားဖြင့်လည်း သွား၍ရသည်။ ငမိုးရိပ်ချောင်းအတိုင်း ဆန်တက်လာလျှင်လည်း ရသည်။ ယင်းနည်းလမ်းသုံးသွယ် ကား၊ ရထား၊ ရေလမ်းကြောင်းထဲက ဘယ်နည်းလမ်း ရွေးချယ်ရမည်ကို မိမိကိုယ်တိုင် သုံးသပ်ဆင်ခြင်ရပေမည်။ ရထားထက် ကားနှင့်ရေလမ်းကြောင်းက ပိုနီးသည်။ ယင်း နှစ်နည်းအနက် ကားဖြင့်သွားသည်က ခရီးလမ်းသာသည်။ မြန်သည်ဖြစ်၍ ကားဖြင့်သွားသည့်နည်းလမ်းကို ရွေးချယ်ရပေလိမ့်မည်။
အထူးသဖြင့် ပြဿနာကိုလွယ်သော လမ်းကြောင်းက တွေ့ဆုံဖြေရှင်းရာတွင် မထင်မှတ်ဘဲ မိမိမစဉ်းစားမိထားသည့် နောက်ထပ်အခက်အခဲတစ်ခု ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပေသည်။ အကယ်၍ နောက်ထပ်ပေါ်ပေါက်လာသော အခက်အခဲ ပြဿနာကို ဘယ်ပုံဘယ်နည်း စဉ်းစားဖြေ ရှင်းမည်ကိုလည်း မိမိဘက်က အသင့်ပြင်ဆင်ထားရပေမည်။
ယင်းနည်းအားဖြင့် မိမိဘက်က ဘက်စုံထောင့်စုံ ဖြေရှင်းနိုင်ခြင်းဖြင့် အခက်အခဲ ပြဿနာသည် နောက်ဆုံးတွင် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ ယင်းအခက်အခဲပြဿ နာကို အောင်မြင်စွာဖြေရှင်းပြီးစီးသွားခြင်းသည်ပင် အခက်အခဲကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ခြင်းဖြစ်သည်ဟုဆိုရပါလျှင် ဆိုနိုင်ပါမည်လော။ ယင်းကို တစ်ချက်ချင်း ကောက်ချက်ဆွဲကြည့်ပါက ဤသို့တွေ့ရှိလာရပေမည်။
အခက်အခဲကြောင့် မိမိသွားရမည့်ခရီးလမ်း တန့်ရပ်သွားရသည်။ ယင်းသည်ပထမဆုံး မိမိ၏နစ်နာဆုံးရှုံးမှု ဖြစ်သည်။
ဒုတိယဆက်လက်သွားရမည့် မိမိခရီးလမ်း၏ အနှောင့်အယှက်အခက်အခဲ အပိတ်အဆို့ အဆုံးအရှုံး အနုတ်လက္ခဏာကို အပေါင်းလက္ခဏာအဖြစ် ဖြေရှင်းနိုင်ရန် နည်းလမ်းရှာရပေသည်။ ယင်းသို့ နည်းလမ်းရှာရခြင်းသည် မိမိအခက်အခဲမတွေ့မီက မရှိသော ကိစ္စတစ်ခုကို အခက်အခဲ အကျပ်အတည်းကြောင့် ယခုရှိလာ၍ ရှာကြံရခြင်းဖြစ်သည်။ ယခင်က မလုပ်ခဲ့ရ၍ မလုပ်ရသော နည်းလမ်းကို ယခုလုပ်ခွင့်ဖြစ်ပေါ်လာ၍ လုပ်ရခြင်းသာဖြစ်၏။
စင်စစ်လုပ်ခွင့်ရ၍ လုပ်ရခြင်းသည် မိမိအတွက် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုရပါလျှင် တွေဝေတွေးတော ရှုပ်ထွေးသွားပါမည်လော။
“ငါ့မှာတော့ အခက်အခဲတွေ့နေပြီ။ စိတ်ပူပန်စရာဖြစ်ပြီး စိတ်ညစ်နေပြီ။ ခုမှ ဒုက္ခပဲ” ဟု ညည်းညူတွေေ၀ ထိုင်းမှိုင်းလျက် ငိုင်တွေငေးမောနေပါက မိမိသည် အရှုံးဖြင့်ရင်ဆိုင်နေသည့်သဘောသို့ ကျရောက်သွားပေလိမ့်မည်။
အခက်အခဲအကျပ်အတည်း ပြဿနာ ဖြစ်လာသည်နှင့် အကြောင်းရင်းရှာလျက် ဘက်စုံက သုံးသပ်ဆင်ခြင်နည်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည်ဆိုပါက အမှန်ပင် မိမိသည် အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုနိုင်ပါသည်။ ယင်းသို့ဆိုလျှင် အခက်အခဲပြဿနာဖြေရှင်းခြင်းသည် အခွင့်အရေးဖြစ်ပါသလော။
အခွင့်အရေးသည် ကိစ္စကောင်းဖြစ်သည်။ အခက်အခဲပြဿနာကို အောင်မြင်စွာ ကျော်လွှားဖြေရှင်းနိုင်ခြင်းသည်လည်း ကိစ္စကောင်းပင်။ ယင်းကြောင့် ပေါ်ပေါက်လာသော ကိစ္စကောင်းသည် အခွင့်အရေးဖြစ်သည်ဟု ဆိုရပါလျှင် ဆို၍ရကောင်းသည်ဟု ဆိုရေးရှိက ဆိုလိုက်ရပါတော့သည်။
အခက်အခဲကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ပါသလား
Most Read
Most Recent
1 hour ago










