Cyclone Nargis ၊ နာဂစ်တစ်ပတ်မလည်ပါစေနဲ့

Cyclone Nargis ၊ နာဂစ်တစ်ပတ်မလည်ပါစေနဲ့
Published 2 May 2015
ဒေါက်တာခင်မောင်ညို

 (၁)
မေလ ၂ ရက်သည် နာဂစ်နှစ်ပတ်လည် ဖြစ်သည်။ ရာသီဥတုတွေ ပြောင်းနေတာကို ယနေ့အားလုံး လက်ခံလာကြပါသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းလာပြီး နီပေါငလျင် လှုပ်သည်။ ဟိမဝန္တာတောင်ကြောတစ်လျှောက် ပြင်းထန်သောငလျင်ကြောင့် လူတစ်သောင်းကျော် သေရပါသည်။
 
အိုးအိမ်များစွာ ပျက်စီးသွားပါသည်။ နှင်းတောင်တွေပြိုကျ၍ အသက်ဆုံးရှုံးရသူတွေလည်း အများကြီးပါပဲ။ ရွာငယ်လေးတွေ ပျောက်ဆုံးသွားသည်။ တကယ်တန်း ရာသီဥတုပြောင်းတာကို နိုင်ငံအများ ခါးစည်းခံနေရသည်။
 
၂၀၀၈ ခုနှစ်က ပြင်စလူရွာလေး ပျောက်ဆုံးခဲ့ဖူးသည်မှာ လူမသိသူမသိ။
 
(၂)
 
၂၀၀၉ ခုနှစ်က နာဂစ်ဆိုင်ကလုံးသင့်ရာ ဒေသများကို ကျွန်တော်တို့ စာရေးဆရာအများ သွားရောက်ဟောပြောခဲ့ပါသည်။ ကျွန်တော်တို့အဖွဲ့တွင် ဆရာကောင်းသန့်နှင့် ဆရာနွမ်ဂျာသိုင်းတို့ လိုက်ပါလာသည်။
 
ကျွန်တော်ပြင်စလူကို လွန်ခဲ့တဲ့အနှစ် ၄၀ ကျော်ကျော်လောက်က တစ်ခေါက် ရောက်ဖူးသည်။ ပြင်စလူတွင် တစ်လခန့် နေသွားသည်။
 
ကျွန်တော် သုတေသနအတွက် ငါးပိသွားလုပ်တာပါ။
 
“နာဂစ်ဝင်သွားတာ ပြင်စလူကတော့ အခံရဆုံးပဲ”
 
ဒီသတင်းကြားကတည်းက ပြင်စလူရွာကို လာချင်နေသည်။ မော်တော်က ဆင်းဆင်းချင်း ကျွန်တော်သတင်းမေးသည်။
 
“ကိုကျော်ကြီးတို့အိမ် ဘယ်နားမလဲ” မြို့ကွက်တွေပြောင်းနေတော့ ကျွန်တော် မျက်စိလည်နေသည်။ ကိုကျော်ကြီးတို့အိမ် ရှာမတွေ့၍ တစ်ယောက်ကို လှမ်းမေးရသည်။
 
“ဘယ်ကိုကျော်ကြီးလဲ”
 
“ဟိုလေ လွန်ခဲ့တဲ့နှစ် ၄၀ လောက်က ကျွန်တော်ဒီကိုလာပြီး ငါးပိသုတေသန လုပ်ဖူးတယ်။ ကိုကျော်ကြီးတို့အိမ်မှာ တစ်လလောက် နေသွားဖူးတယ်”
 
“ဒီမှာနေတဲ့လူတွေ မေးမနေပါနဲ့တော့”
 
“ဘာဖြစ်လို့လဲ”
 
“တစ်ရွာလုံး နာဂစ်ထဲပါကုန်ပြီ”
 
“ဘုရားဘုရား တစ်ယောက်မှ မကျန်ဘူးလား”
 
“မြို့ရောက်နေသူ နည်းနည်းကျန်မယ်။ သူတို့လည်း ရွာပြန်မနေရဲတော့ဘူး” 
    
“ဒီမှာလူသစ်တွေချည်းပေါ့ ဟုတ်လား”
 
“ဟုတ်ပါတယ်ဗျာ”
 
“ဟိုလေ စာရင်းကော မရှိဘူးလား၊ ရပ်ကွက်ရုံးမှာ ကြည့်ချင်လို့”
 
ဒီစကားကိုကြားတော့ သူတို့ ကြောင်အမ်းအမ်းဖြစ်သွားကာ “ရပ်ကွက်ရုံးလည်း ပါသွား ပြီ”ဟုပြောကာ ထွက်သွားလေသည်။
 
ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့သည်။
 
ယနေ့မှာတော့ ရွာလေးတွင် တစ်ချိန်ကမရှိသော လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် တိုးတက်နေဟန်တူသည်။
 
“တစ်ရွာလုံး အကုန်ပါသွားသတဲ့လား” နာဂစ်ကို စိတ်နာစွာနှင့် ရေရွတ်နေမိသည်။
 
(၃)
 
သူ နာဂစ်အကြောင်း ဟောပြောခဲ့ပါသည်။ အမှန်ကတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ  နာဂစ်အကြောင်းကို အနည်းနဲ့အများဆိုသလို လူတိုင်းသိကြသည်။ သို့သော် မူရင်းဇာစ်မြစ် ဖြစ်ရသည့်အကြောင်း ဂဃနဏလည်း မသိသူတွေ အများကြီးပါပဲ။
 
ဤအရပ်သည် လပွတ္တာခရိုင် ပြင်စလူရွာလေးပါ။ ထိုနေရာတွင် Cyclone Shelter တစ်ခုရှိသည်။ လက်ရာခပ်ကြမ်းကြမ်းဖြင့် ခိုင်ခံ့သော မုန်တိုင်းခိုနိုင်သည့် အဆောက်အအုံပါပဲ။ အထက်အထပ် (သုံးထပ်)တွေက လည်း ခိုင်ခံ့ပါ၏။ မုန်တိုင်းကို ဘာမထီသည့် ပုံစံမျိုးဖြင့် တည်ဆောက်ထားသည်။ တစ်ရွာလုံးသာမက ရွာနီးချုပ်စပ်ကလည်း လာရောက်ခိုလှုံနိုင်သော နေရာဖြစ်သည်။ တကယ်တော့ ပြင်စလူသည် ပင်လယ်ဝတွင် ရှိသည်။ ဆိုလိုသည်မှာ ပြင်စလူမှ တောင်ဘက်နောက်ထပ် ထွက်သွားပါက ပင်လယ်ကြီးဆီသို့သာ ရောက်ပေတော့မည်။
 
ပြင်စလူသည် ဧရာဝတီမြစ်ပင်လယ်တွင်းသို့ စီးဝင်ရာ လမ်းဆုံးတစ်ခုတွင် တည်ရှိသောရွာဖြစ်သည်။ သာမန်အားဖြင့် ဧရာဝတီမြစ်အဆုံး တည်နေရာ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးသည် အမိဧရာဝတီမြစ်ကြီးက အကျိုးပြုထားသည်။
 
ပြင်စလူမှ ရွာသားများသည် ရေထွက်ပစ္စည်းကို အမှီပြုသော တံငါများဖြစ်ကြသည်။ ငါးပုစွန်စသော ရေသတ္တဝါအများသည် ပင်လယ်ရေငန်တွင် ကျက်စားကြသလို အချို့ငါးပုစွန်တို့က ရေငန်တွင်နေပြီး ရေချိုတွင် မျိုးပွားကြသည်။
 
အချို့သောငါးများသည် ဧရာဝတီမြစ် တစ်နံတစ်လျား ဆန်တက်ကာ ဥချကြသည်။ အစုန်အဆန်ငါးများအတွက် စားသောက်စရာများကို ဧရာဝတီမြစ်ကြီးက မြောက်ဘက်မှ ယူဆောင်လာသည်။ ရေဝေရေလဲဒေသမှ စီးဝင်လာသောရေများတွင် ငါးတွေအတွက် အင်မတန်အာဟာရပြည့်ဝသော အကောင်ဗလောင်များ ပါလာကြသည်။
 
စုန်ချည်ဆန်ချည်နှင့် သွားလာနေသော ငါးများသည် မြန်မာ့ပင်လယ်ပြင်တွင် အင်မတန်ပေါများလှသည်။ ယခင်က မြန်မာအများစုသည် ပင်လယ်ငါး မစားကြပေ။ တစ်ချိန်က အသက်ကြီး၍ သေသောငါးသည် မြန်မာ့ပင်လယ်ပြင်တွင်သာ ရှိသည်။
 
ကျွန်တော်ရောက်သည့် လွန်ခဲ့သောအ နှစ် ၄၀ ခန့်တွင် ငါးဖမ်းလှေနှင့်ဆုံပါက ပုစွန်တုပ်ကြီးများ ပစ်ပေးသွားသည်ကို ကြုံ တွေ့ရတတ်သည်။ ငါးသလောက် တစ်ပိဿာ ပြား ၅၀ သာဖြစ်သည်။ ငါးပိငံပြာရည် ပေါမှပေါပါပဲ။
 
(၄)
 
သို့သော် ထိုခေတ်သည် မြန်မာ့ဆိုရှယ်လစ် စီးပွားရေးခေတ်ဖြစ်သည်။ တပ်မတော်က ငါးပိငံပြာရည် ထုတ်လုပ်သည်။ ငါးပိကို တစ်နေရာမှ တစ်နေရာသို့ မပို့ရပေ။ ငါးပိသည် ကန့်သတ်ကုန်ဖြစ်သည်။
 
ထို့ကြောင့် တစ်နေရာမှ တစ်နေရာပို့ပါ က မှောင်ခိုကုန် ဖြစ်လေတော့သည်။ ငါးပိနှင့် ဆန်သည် မြန်မာတို့၏ အရေးကြီးသော စားသောက်ကုန် Staple Food  ဖြစ်သည်။
 
၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်အစတွင် မြန်မာနိုင်ငံကို တာဝန်ယူထားသော ဘုရင်ခံက မပြန်မီ စကားဆိုသည်။
 
“စစ်ကြီးတော့ဖြစ်နေပြီ။ မြန်မာနိုင်ငံလည်း စစ်ထဲပါလာမှာပါပဲ။ ဒါပေမဲ့ ကိစ္စမရှိဘူး။ မြန်မာတွေက ဆန်နဲ့ငါးပိရှိရင် နေလို့ ဖြစ်တယ်။ မြန်မာပြည်မှာ ဆန်လည်းပေါ၊ ငါးလည်းပေါတာပဲ၊ ဘာမှပြဿနာမရှိဘူး။ ငတ်မှာက ဥရောပပဲ”ဟု ညည်းသွားကြောင်း ဖတ်ဖူးပါသည်။
 
မြန်မာတို့တစ်တွေ ကံကောင်းပါသည်။ မှတ်မှတ်ရရကတော့ ပြင်စလူက အပြန်ညဖြစ်သည်။ ပြင်စလူမှ လပွတ္တာသို့ ပထမအဆင့် စီးရပါသည်။ မော်တော် ညနေဘက် ထွက်ခွာသည်။ ထိုမော်တော်သည် ခရီးသည်အနည်းငယ်သာ တင်ဆောင်နိုင်သော မော်တော်ငယ်လေးဖြစ်သည်။ ခရီးသည် လေးငါးခြောက်ယောက်သာပါ၍ ချောင်ချောင်ချိချိဖြစ်သည်။
 
ညဘက်မှောင်လာတော့ ခရီးသည်တွေ အားလုံး မော်တော်ခေါင်မိုးပေါ် တက်ကုန်သည်။ ကျွန်တော်ကတော့ ကျယ်ကျယ်လွင့်လွင့် အိပ်ရတာပဲဟု စဉ်းစားကာ ခုံတန်းလျားတွင် အိပ်လိုက်သည်။ ညသန်းခေါင်လောက်ရောက်တော့ ဟိုကယား ဒီကယားနှင့် ပုရွက်ဆိတ်တွေ တက်သည်ဟုထင်သည်။ မျက်နှာတွင်အများကြီးပါပဲ။ နှာခေါင်းတွေ ပါးစပ်တွေထဲ ဝင်ကြသည်။ မရတော့ပါ။ မော်တော် ဆလင်ကို မီးဖွင့်ခိုင်းသည်။
 
“အာပါးပါး”
 
“လောက်တွေပါပဲလား”
 
ရေပုံးတောင်းကာ မြစ်ရေကိုခပ်ပြီး ရေချိုးချလိုက်ရသည်။ အဝတ်အစားလဲပြီးတော့ ဆလင်ကိုမေးရသည်။
 
“ဘယ်က လောက်တွေလဲဗျ”
 
လှေဝမ်းထဲတွင် ငါးပိအပြည့်တင်လာသည်။ သူက ပြောပြသည်။
 
“ညမှောင်တဲ့အခါ လှေဝမ်းထဲက ကုန်းပတ်ပေါ် တက်လာတတ်တယ်”
 
ကြက်သီးတွေထနေသည်။ သေမှသာ လောက်တက်သည်။ ခုတော့ မသေခင်လောက် တက်နေပါလား။
 
(၅)
 
ထိုအချိန်က ပြင်စလူရွာလေးသည် သူ့အားနှင့်သူ့အင် အဆင်ပြေနေသည်။
 
ရွာချောင်းထဲတွင် စက်တပ် ငှက်သမ္ဗာန်သံများဖြင့် တညံညံ။ မလေးရှားကို မှောင်ခိုငါးသလောက်ပို့သော လှေများ ဝင်ရောက်လာသောနေရာဖြစ်၍ မှောင်ခိုပစ္စည်းမျိုးစုံကို ဖောဖောသီသီ ရသည်။ သူတို့သတိမထားမိသည်က ဆိုင်ကလုံးမုန်တိုင်းပါ။
ထိုအရပ်ကား မုန်တိုင်းဝင်သောအရပ် မဟုတ်ပါ။ မုန်တိုင်းအများစုသည် ဘင်္ဂလားဒေ့ရှ်ကို ဝင်သည်။ အချို့သာ ရခိုင်ဘက်ရောက်သည်။ နည်းနည်းအောက်ကို ရွှေ့ရင်တော့ ပုသိမ်ကို အဖျားခတ်သွားတတ်သည်။
 
ဒီအောက်ဘက်တော့ တစ်ခါမှ မတစ်ခါဖူးပါ။သို့သော် ကမ္ဘာ့ရာသီဥတုက ပြောင်းသွားပြီ၊ လူတွေက သူတို့အသက်သခင် ကျေးဇူးရှင်ဖြစ်သည့် သစ်ပင်တွေကို လွန်လွန်ကြူးကြူးခုတ်သည်။ သစ်ပင်တွေကြောင့် မြန်မာပြည် ကျွန်ဖြစ်ခဲ့ရဖူးပြီ။ (ကျွန်းသစ်ပြဿနာ ကို သတိရနိုင်သည်။ ကျွန်းသစ်ပြဿနာအစ ဟိုင်းကြီးကျွန်းသည်ကား ပြင်စလူနှင့် မဝေးလှပါ)
 
ဧရာဝတီတိုင်းတွင် အပင်တွေ ပြောင်သလင်းခါလာသည်။  ဘိုကလေးဝန်းကျင်က ဒီရေတောတွေ မီးသွေးဖြစ်ကုန်တော့သည်။ ဘိုကလေးမီးသွေးကို ရန်ကုန်က အသုံးများသည်။ သဘောကျသည်။ ယနေ့ထိလည်း မီးသွေးတွေ သုံးနေဆဲပါ။ ဒီရေတောများ ပြောင်သွားသောအခါ အပူပိုင်းမုန်တိုင်းဆိုင်ကလုံး ဝင်လာတော့သည်။
 
(၆)
 
အပူပိုင်းမုန်တိုင်း ဆိုင်ကလုံးနာဂစ်သည် အပင်တွေမရှိ၍ အလစ်ဝင်လာခဲ့သည်။
 
သစ်တောတွေ ခုတ်သောကြောင့် ရာသီဥတုပြောင်းကာ မုန်တိုင်းတွေဖြစ်ရသည်။ ဥတုရာသီပြောင်းတာကို နောက်ပြန်လှည့်ရခက်လှသည်။ ဒီရေတောတွေမရှိတော့ ငါးတွေ ပုစွန်တွေလည်း ရှားကုန်ပြီ၊ ငါးသလောက်တွေကို မမြင်ရတော့ပါ။ အားလုံး တာဝန်ရှိပါသည်။ အမှားတွေကို ဆက်မလုပ်ဖို့သာ လိုသည်။ ခုနစ်နှစ်မြောက် နာဂစ် တစ်ပတ်မလည်ပါစေနဲ့။
 
သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် အပူပိုင်းမုန်တိုင်းဆိုင်ကလုံးတွေ လုံးဝဆက်စပ်နေတာကို သဘောပေါက်ဖို့ လိုပါသည်။ 

Most Read

Most Recent