အင်ဒိုနီးရှားနိုင်ငံဘန်ဒေါင်းညီလာခံမှာ ဦးနုပုံကြီးကို ထိပ်ဆုံးကနေတွေ့တော့ အဆက်ဆက် အုပ်စိုးခဲ့သည့် အာဏာရှင်များကို သနားမိသလို မြန်မာပြည်ကိုလည်း သနားမိပါသည်။ဘဝအတွက် မိတ်ကောင်း ဆွေကောင်းများသည် အရေးအပါဆုံး ဖြစ်သည်။ ကျွန်တော်တို့အတွက် မိတ်ဆွေကောင်းတွေနဲ့ ခေါင်းဆောင်ကောင်းတွေဟာ ဘယ်သူပါလဲ။
ဗုဒ္ဓနှင့် ရှင်အာနန္ဒာဗုဒ္ဓကို ရှင်အာနန္ဒာက မေးသည်။“အရှင်ဘုရား၊ မိတ်ဆွေကောင်းရှိလျှင် လုပ်ငန်းဟူသမျှ ထက်ဝက်ခန့် ပြီးတယ်ဆိုတာ ဟုတ်ပါသလား”“ချစ်သားအာနန္ဒာ အနည်းငယ် လိုအပ်ပါသေးတယ်။ မိတ်ကောင်းဆွေကောင်းရှိလျှင် လုပ်ငန်းဟူသမျှ အပြည့်အ၀ ပြီးစီးနိုင်ပါတယ်”ကျွန်တော်တို့ဟာ မိတ်ဆွေကောင်းတွေ လိုတယ်။ လူတို့သည် တစ်ယောက်ကိုတစ်ယောက် အကျိုးပြုသော Social Animal များသာ ဖြစ်ကြကုန်၏။ဘာကြောင့် အကျိုးပြုတာလဲ။မိမိ အသက်ရှင် ရပ်တည်ရေးအတွက် ဖြစ်သည်။ မြန်မာစကားတွင် ရှိသည်။ ဆန်ပေးမှ ဆေးရသတဲ့။ လူတို့သည် အရာခပ်သိမ်းကို မတတ်ပါ။ တတ်ရင်လည်းလုပ်ရန် အချိန်မပေးနိုင်ပါ။ မိမိ တတ်ကျွမ်းတာ တစ်ခုကိုသာ လုပ်နိုင်ကြသည်။မိမိသည် စပါးစိုက်တာ ကျွမ်းကျင်သည်။ ထို့အတွက် ဇောက်ချလုပ်လျှင် စပါးများများရမည်။ စပါးစိုက်သူသည် ဆန်တစ်ခုတည်းနှင့် ရပ်တည်နိုင်သည်မှာ လူတို့သည် တစ်ယောက်ကိုတစ်ယောက် အကျိုးပြုသော Social Animal ဖြစ်သောကြောင့်ပင် ဖြစ်သည်။လူမှုအသိုင်းအဝိုင်းသည် အရေးပါလှသည်။
ဦသန့်နှင့် ဦးနုကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်နှင့် မြန်မာနိုင်ငံတော် ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုတို့သည် မိတ်ဆွေကောင်းများ ဖြစ်သည်။သူတို့သည် ၁၉၂၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ဆုံကြသည်။ ဦးနုက ဦးသန့်ထက် အသက်နှစ်နှစ်ကြီးသည်။ ၁၉၂၈ ခုနှစ်တွင် ဦးသန့်သည် ဥပစာတန်း(ဒုတိယနှစ်)ကို အောင်မြင်သော်လည်း မိခင်ကိုငဲ့ကာ ကျောင်းမှထွက်ပြီး ကျောင်းဆရာ ဝင်လုပ်သည်။ သူသည် ဇာတိဖြစ်သည့် ပန်းတနော် အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ ဖြစ်လာလေသည်။ဦးနုသည် ၁၉၂၉ ခုနှစ်တွင် ဘီအေဘွဲ့ကို ရရှိအောင်မြင်ခဲ့သည်။ ထိုအချိန်တွင် ပန်းတနော် အမျိုးသားကျောင်းတွင် ကျောင်းအုပ်ရာထူး လစ်လပ်လျက်ရှိသည်။ ထ့ိုအတွက် ဦးသန့်နှင့် ဦးနု၏ ဘကြီးဖြစ်သူတို့က ဦးနုကို ထိုရာထူးတွင် ဝင်ရောက်လုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။ ယင်းတိုက်တွန်းမှုကြောင့် ဦးနုသည် ပန်းတနော်ကျောင်းတွင် ကျောင်းအုပ်ကြီး ဖြစ်လာလေသည်။ ဦးနုနှင့် ဦးသန့်သည် ဝါသနာတူသည်။ ကျောင်းတာဝန်များ ပြီးဆုံးသွားသော ညနေပိုင်းတွင် စာရေး၊ စာဖတ်၊ စာပေဆွေးနွေးမှုကို နေ့စဉ်ပြုလုပ်ကြသည်။ သူတို့ ကြိုးစားမှုသည် တိုင်းပြည်အတွက် များစွာတာသွားပါသည်။ လွတ်လပ်ရေးမရမီ ကျောင်းဆရာများ ဤမျှကြိုးစားလျှင် ယနေ့ခေတ် လွတ်လပ်သောကာလတွင် ကျောင်းဆရာ၊ ဆရာမများ ကျောင်းအုပ်ကြီးများ ဘာကြောင့် မကြိုးစားနိုင်ကြတာလဲ။ ကျောင်းဆရာ၊ ဆရာမများ စာဖတ်ရန် လိုအပ်ပါသည်။စာဖတ်သည့်အပြင် စာရေးကြကာ စာပေဆွေးနွေရန် လိုအပ်ပါသည်။ သို့သော် ဘာကြောင့် . . .
ဦးနုနှင့် ကိုအောင်ဆန်းဦးနုသည် ၁၉၂၉ ခုနှစ်တွင် ပန်းတနော် အမျိုးသားကျောင်း၊ ၁၉၃၀ ပြည့်နှစ်တွင် သုံးခွအမျိုးသားကျောင်း ၁၉၃၄ ခုနှစ်တွင် ပန်းတနော် အမျိုးသားကျောင်းတို့တွင် ကျောင်းအုပ်ကြီးတာဝန်များကို ယူခဲ့ပြီး ၁၉၃၄ တွင် တာဝန်မှ အနားယူကာ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေတန်း ပြန်တက်ခဲ့သည်။ရန်ကုန်တက္ကသိုလ်တွင် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)နှင့် ပြန်ဆုံသည်။ ထိုအချိန်တွင် ဦးနုက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပြီး ကိုအောင်ဆန်းက အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှာ ဦးနုက ကျောင်းအုပ်ကြီး မစ္စတာဆလော့စ်ကို စိန်ခေါ်ခဲ့သည်။“ကျွန်တော်တို့ ကျောင်းသားတွေကို တက္ကသိုလ်အာဏာပိုင်တွေက မလေးမစား လုပ်တာကို သည်းမခံနိုင်ဘူး။ ဒါကြောင့် ကျောင်းသားတွေ ဘယ်လောက်စည်းရုံးမှုရှိလဲ ဆိုတာကို သိဖို့ သပိတ်တစ်ပွဲလောက် ဆင်နွှဲချင်တယ်” ဆိုပြီး အိတ်ဖွင့်စာတစ်စောင်ကို ပေးပို့ခဲ့သည်။ထိုကိစ္စကို ဦးနုက ကျောင်းသားသမဂ္ဂတွင် မိန့်ခွန်းပြောတော့ ဦးနုကို ကျောင်းထုတ်သည်။ နောက်နှစ်ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း သူ အယ်ဒီတာလုပ်သည့် အိုးဝေမဂ္ဂဇင်းတွင် ပါရှိသော ‘ငရဲခွေးကြီး လွတ်နေပြီ’ ဆိုသည့် ဆောင်းပါးရေးသူ မဖော်ထုတ်သည့်အတွက် ကျောင်းထုတ်သည်။ထို့အတွက် ကျောင်းသားသပိတ် ပေါ်ထွန်းခဲ့သည်။ ထိုသပိတ်တွင် တစ်ပြည်လုံး ပါဝင်လာသည်။ လွတ်လပ်ရေး အခြေခံဖြစ်သည်။ ဦးနုတို့ ကျောင်းပြန်ဝင်ခွင့် ရသော်လည်း ပြန်မဝင်တော့ဘဲ ကိုအောင်ဆန်းနှင့်အတူ နိုင်ငံရေး နယ်ပယ်ထဲကို ရောက်သွားလေတော့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်နှင့် ဝန်ကြီးချုပ် ဦးနုဦးနုသည် ကျောင်းအုပ်ဆရာကြီးဘဝမှ နိုင်ငံရေးသမား ဖြစ်လာသည်။ တို့ဗမာအစည်းအရုံးဝင် ဖြစ်လာ၍ သခင်နုဖြစ်လာသည်။ ထို့နောက် နဂါးနီစာအုပ်တိုက် တည်ထောင်၍ စာရေးဆရာဦးနု ဖြစ်လာသည်။ ဂျပန်ခေတ်တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လက်တွဲပြီး နိုင်ငံရေးလုပ်ခဲ့ပါသည်။ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဦးနု ဖြစ်လာသည်။ဦးသန့်သည်ကျောင်းဆရာ၊ နောက်တော့ ကျောင်းအုပ်ကြီး ဖြစ်လာသည်။ စာရေးဆရာ ဖြစ်လာသည်။ ဘာသာပြန် စာရေးဆရာအဖြစ် ခံယူသည်။ ဦးသန့်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ထွန်းအုပ်တို့က ခေါ်ယူသောကြောင့် မြန်မာ့ပညာရေး ပြန်လည်ပြုစုရေး ကော်မတီတွင် ပါဝင်လာရသည်။ဆက်လက်ပြီး ဦးနုက လွတ်လပ်ရေးမရမီ ငါးလအလိုတွင် ဖဆပလအဖွဲ့၏ ပြန်ကြားရေးအရာရှိချုပ် ဖြစ်လာသည်။ လွတ်လပ်ရေးရပြီးနောက် ဝန်ကြီးချုပ်၏ စီမံကိန်းအတွင်းဝန် ဦးသန့် ဖြစ်လာသည်။ ပြီးတဲ့နောက် ကုသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းသံအမတ်ကြီး ဖြစ်လာကာ နောက်ဆုံး ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာလေသည်။
မိတ်ကောင်း ဆွေကောင်းများတကယ်တော့ မိတ်ကောင်း ဆွေကောင်းများသည် အလွန်အရေးပါသည်။ လူသည် မွေးကတည်းက အထောက်အကူမပါဘဲ စွမ်းဆောင်နိုင်သော သတ္တဝါ မဟုတ်ပါ။ ပြုစုသူ အမိအဖဆွေမျိုး တစ်ယောက်ယောက် မရှိလျှင် အသက်ရှင်ရပ်တည်နိုင်ရန် မလွယ်ကူပါ။အသိုင်းအဝိုင်းသာ မရှိလျှင် မိမိစားနေသော ထမင်းတစ်ပန်းကန်ကိုပင် မိမိပြည့်စုံအောင် ဖန်တီးနိုင်မည် မဟုတ်ပါ။ သတ္တဝါထဲတွင် အသိပညာကို စာအုပ်များမှတစ်ဆင့် လက်ဆင့်ကမ်းနိုင်သူမှာလည်း လူသာဖြစ်သည်။သို့သော် လူတို့သည် အတ္တကြီးသည်။ အကောက်ကြံတတ်သည်။ မိမိအနီးအနားရှိ လူတွေနှင့် ရန်ဖြစ်သည်။ အသိအကျွမ်းတွေကို ရန်ပြုသည်။ (မသိသောသူနှင့် ရန်ပြု၍ မရပါ)ဆွေမျိုးတွေ ရန်ဖြစ်သည်။ မောင်နှမတွေ စိတ်ဝမ်းကွဲသည်။ နိုင်ငံအနေနဲ့ကြည့်လျှင် တိုင်းရင်သားညီအစ်ကို မောင်နှမတွေနှင့် ရန်ဖြစ်ကြသည်။ ထိုရန်ပွဲများသည် စစ်ပွဲဖြစ်လာသည်။ အမှန်မှာ စစ်ပွဲများ ဖြစ်ရသည်မှာ မျှတခြင်းမရှိလို့သာ ဖြစ်သည်။ အထင်အမြင် မှားတာတွေလည်း ပါသည်။ ယုံကြည်မှုရအောင် ကြိုးစားကြပါ။ မျှတအောင် ကြိုးစားကြပါ။ ဗိုလ်ချုပ်အောင်ဆန်းက အောင်ဆန်း-အက်တလီစာချုပ်၍ လွတ်လပ်ရေး တစ်နှစ်အတွင်း ရမည်ဟု အာမခံသည်။ဗိုလ်ချုပ် ကျဆုံးသွားသောအခါ ချက်ချင်းလိုလို ဦးနုက နု-အက်တလီစာချုပ်ကို ချုပ်နိုင်ကာ မြန်မာပြည်လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည်။ဦးနုက ဦးသန့်ကို အတွင်းဝန်ခန့်သည်။ တာဝန်တွေပေးသည်။ ဦးနုကို ဦးသန့်က ကူညီ၍ မိန့်ခွန်းတွေ ရေးပေးသည်။ ကုလသမဂ္ဂတွင် ဦးသန့်ကို အမြဲတမ်းသံအမတ် ခန့်သည်။ ဦးသန့်သည် ကမ္ဘာကျော် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ဖြစ်လာသည်။
နိဂုံး၁၉၇၄ ခုနှစ် ဦးသန့်ကွယ်လွန်တော့ သူ့ဆန္ဒအရ အလောင်းကို မြန်မာပြည်သို့ ပြန်ပို့သည်။ ထိုအခါ မိတ်ဆွေကောင်းအဖြစ် စိတ်မထားနိုင်သော ဦးနေဝင်းက ပြဿနာ လုပ်သည်။ မြန်မာတစ်ပြည်လုံး ကြိမ်မီးအုံးသကဲ့သို့ ပူဆွေးခဲ့ရသည်။မြန်မာပြည်တွင် ဦးသန့်အရေးအခင်းဟူ၍ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရပါသည်။ ဦးသန့်အသုဘသည် နိုင်ငံတော်ဈာပန မလုပ်သော်လည်း တစ်နိုင်ငံလုံးက ပါဝင်ခဲ့ပါသည်။နယူးယောက်တွင် ဦးသန့်၏ကျွန်း ရှိသည်။ မလေးရှားတွင် ဦးသန့်လမ်းတွေ ရှိသည်။ ဦးသိန်းစိန် သွားရောက်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ အာရှ-အာဖရိက ညီလာခံကို ပထမဦးဆုံး အနေဖြင့် ဦးနုဦးဆောင်ခဲ့သည်။ ဘန်ဒေါင်းညီလာခံဖြစ်သည်။ ၁၉၅၅ ခုနှစ်က စသောကြောင့် နှစ် ၆၀ ရှိပါပြီ။ဦးနုဓာတ်ပုံက ထိပ်ဆုံးတွင် တည်ရှိသည်။ ဦးနုနှင့် ဦးသန့်တို့သည် မြန်မာပြည်၏ ဂုဏ်ကိုဆောင်သည့် မိတ်ကောင်း ဆွေကောင်းများ ဖြစ်သည်။သဘောပေါက်မည် ထင်ပါသည်။ ဆရာ ဒဂုန်တာရာ၏ ရန်သူမရှိ မိတ်ဆွေသာရှိ၏ ဆိုသလို ရန်သူမရှိ မိတ်ဆွေသာ ရှိစေချင်သည်။ ဘန်ဒေါင်းညီလာခံမှ သင်ခန်းစာ ယူစေချင်ပါသည်။ မိတ်ကောင်းဆွေကောင်းများဖြင့် မြန်မာ့ဂုဏ်ရောင်ကို ထွန်းလင်းပြောင်စေချင်ပါသည်။










