လူငယ် ဝါသနာနှင့် အနာဂတ်

လူငယ် ဝါသနာနှင့် အနာဂတ်
Published 27 April 2015
မောင်တင်ဦး (မြောင်းမြ)

လူငယ်လူငယ်ဆိုတာ လူဖြစ်စဉ် သမိုင်းတစ်လျှောက်မှာ ထာဝရ ပါဝင်နေမယ့်သူတွေ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ လူ့သက်တမ်းမှာ မွေးစအရွယ်၊ ကလေးသူငယ်အရွယ်၊ လူပျို အပျိုပေါက်အရွယ်၊ လူငယ်၊ လူလတ်၊ လူကြီး စသဖြင့် အသက်အပိုင်းအခြားအလိုက် ခေါ်ဝေါ် သတ်မှတ်ကြတယ်။ လူတိုင်းဟာ လူငယ်ဘဝကို မလွဲမသွေ ဖြတ်သန်းရတယ်။ Teenage လို့ ခေါ်တဲ့ ၁၃ နှစ် (Thirteen) မှ ၁၉ နှစ် (nineteen) အရွယ်ကို သာမန်အားဖြင့် လူငယ်လို့ ခေါ်လို့ရတယ်။ မြီးကောင်ပေါက်အရွယ်၊ လူလားမြောက်တဲ့အရွယ်ကို လူငယ်လို့ ခေါ်ကြတာပဲ။အဲဒီ လူငယ်အရွယ်ကို ရောက်လာတာဟာ သတ်မှတ်စံမီရောက်ဖို့ လိုတယ်။ ခုနှစ်သက္ကရာဇ် အသက်အပိုင်းအခြားအရ လူငယ်အရွယ် ရောက်လာပေမယ့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Physical Development)၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Mental Development)၊ နှစ်ခုစလုံး ပြိုင်တူဖွံ့ဖြိုးလာဖို့ လိုတယ်။ တချို့က လူကောင်က ထွားနေပြီး စိတ်မဖွံ့ဖြိုးဘဲ ကလေးစိတ် မကုန်သေးတာ။ ကလေးလိုနေချင်တာ။ အဲဒီလို လူငယ်မျိုးလည်း ရှိတယ်။ ဆိုတော့ ရုပ်ရောစိတ်ပါ ဖွံ့ဖြိုးဖို့ လိုတယ်။ ဒါမှ လူငယ်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်။နောက်တစ်ချက်က လူငယ်ရဲ့ အားသာချက်ကို ဆက်ပြောချင်တယ်။ လူငယ်ဟာရုပ်ရော၊ စိတ်ပါ ပုံမှန် ဖွံ့ဖြိုးနေမယ်ဆိုရင် ခွန်အားရော ဉာဏ်အားပါ အဖွံ့ဖြိုးဆုံးအချိန် ဖြစ်တယ်။ ခွန်အားကောင်းလို့ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ ရှိတယ်။ ဉာဏ်အားကောင်းလို့ အတွေးရဲတယ်။ ဆုံးဖျက်ချက် ချရဲတယ်။ မှန်တယ်ထင်ရင် လုပ်ရဲ၊ ကိုင်ရဲ၊ ပြောရဲတယ်။ အဲဒီလိုခွန်အား၊ ဉာဏ်အားကောင်းနေချိန်မှာ ကိုယ်ကျင့်တရားကောင်းဖို့လည်း လိုသေးတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့ လူငယ်ဟာ ခွန်အားချင့်ချိန် မသုံးတတ်တဲ့အတွက် လူဆိုးလူမိုက် ဖြစ်စေတယ်။ သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာကို ခွဲခြားနားလည်နိုင်ရမယ်။ ဒါမှ ဆုံးဖြတ်ချက်မှန်မှန် ချနိုင်မှာ။ နောက်တစ်ချက်က နည်းပညာ ကျွမ်းကျင်ရမယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်က နည်းပညာခေတ် ဖြစ်နေတယ်လေ။ နောက်တစ်ချက်က မိသားစု အတွယ်အတာနည်းတယ်။ ငဲ့ကွက်စရာ မလိုဘူး။ ပြီး သူငယ်ချင်းကို ပိုခင်တယ်။ သူငယ်ချင်းနဲ့ ပိုတွဲမယ်။ သူငယ်ချင်းနဲ့ပဲ စကားပြောချင်စိတ် ပိုများတယ်။ ကိစ္စတစ်ခုခုဖြစ်ရင် မိဘ၊ မိသားစုထက် သူငယ်ချင်းကို ပိုတိုင်ပင်တတ်တယ်။ 
ဝါသနာဒီအတွက် လူငယ်တွေရဲ့ အနာဂတ်ဟာ မိဘတွေသြဇာထက် သူငယ်ချင်းအကြံဉာဏ်က ပိုအားသာတယ်။ ဒါဟာ လူငယ်တွေအတွက် ကောင်းကျိုးဖြစ်စေသလို ဆိုးကျိုးလည်း ဖြစ်စေတယ်။ လူငယ်တွေ အနာဂတ်ကောင်းဖို့ရာ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ဟာ အရေးပါတယ်။ သူငယ်ချင်းဆိုတာ ရပ်ကွက်မှ ကျောင်းမှ၊ အလုပ်မှ တွဲမိရာက ကြာလာတော့ ခင်မင်ရင်းနှီးသွားကြတာပေါ့။ စတွေ့၊ စတွဲခါစတော့ နီးစပ်လို့ တွဲမိတာပေါ့။ ဒီလို တွဲမိနေရာက သူ့ဝါသနာနဲ့ ကိုယ့်ဝါသနာတူတာ တွေ့လာတယ်။ သူ့ စိတ်နေစိတ်ထားနဲ့ ကိုယ့်စိတ်နေစိတ်ထား တူတာတွေ တွေ့လာတယ်။ ဒီလိုနဲ့ ခင်မင်ရတဲ့ သူငယ်ချင်း ဖြစ်လာတယ်။ တပူးတွဲတွဲ ဖြစ်လာကြတယ်။ဒီနေရာမှာ ဝါသနာတူလို့ သူငယ်ချင်းဖြစ်တာနဲ့ သူငယ်ချင်းဖြစ်လို့ ဝါသနာလိုက်တူတာ နှစ်မျိုးတွေ့ရတယ်။ ဝါသနာတူလို့ တွဲဖြစ်တဲ့ သူငယ်ချင်းတွေက အနာဂတ် ပိုခိုင်မာတယ်။ အောင်မြင်ခြေ ပိုများတယ်။ ဝါသနာပါတဲ့ လုပ်ငန်းကို အတူတူ တွဲလုပ်ကြတာဆိုတော့ အားရှိတယ်။ တစ်ယောက်ကိုတစ်ယောက် ဖေးမမှုရှိတယ်။ အပြန်အလှန် အကူအညီရကြတယ်။ တစ်ယောက်မှားနေရင် ဒါမှမဟုတ် မအောင်မြင်လို့ စိတ်ဓာတ်ကျနေရင် တစ်ယောက်ကို တစ်ယောက်က အားပေးတယ်။ လမ်းမှန်ပြန်တည့်ပေးတယ်။ ရပ်ကွက်ထဲဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ဝါသနာတူတွဲတဲ့ သူငယ်ချင်းတွေက ပိုပြီးစည်းလုံး ညီညွတ်ကြတယ်။ ဒါ့ကြောင့် သူတို့ဝါသနာက ကောင်းတဲ့ဝါသနာဖြစ်ခဲ့ရင် အနာဂတ်မှာ အောင်မြင်ဖို့ များတယ်။အချို့က နီးစပ်လို့ သူငယ်ချင်း ဖြစ်ရာက သူငယ်ချင်းရဲ့ ဝါသနာကို သဘောကျပြီး လိုက်လုပ်တာလည်း ရှိကြတာပဲ။ ကိုယ်ပေါင်းတဲ့ပြီး သူငယ်ချင်းရဲ့ ဝါသနာအပေါ် မူတည်ပြီး လူငယ်ရဲ့ အနာဂတ်ဟာ ကောင်းချင်လည်း ကောင်းသွားနိုင်တယ်။ ဆိုးချင်လည်း ဆိုးသွားနိုင်တယ်။ လူငယ်ရဲ့ အနာဂတ်ဟာ မရေရာဘူးပေါ့။ ကိုယ်အမှန်တကယ် ဝါသနာမပါဘဲ သူငယ်ချင်းကြောင့် လိုက်လုပ်နေရရင် အောင်မြင်ဖို့ အခွင့်အလမ်း နည်းမှာပေါ့။ ဆိုတော့ မိမိအမှန်တကယ်ပါတဲ့ ဝါသနာကို သေသေချာချာ ဆန်းစစ်ပြီးမှ ဝါသနာတူ သူငယ်ချင်းကို ရွေးပေါင်းတာ ပိုကောင်းပါတယ်။တစ်ခါတလေ ဘဝမှာ ဝါသနာပါတာကို လုပ်ခွင့်ရတဲ့ လူငယ်တွေ ရှိသလို ဝါသနာမပါဘဲနဲ့ ဘဝအခြေအနေ၊ စီးပွားရေး အခြေအနေကြောင့် လုပ်ရတဲ့ လုပ်နေရတဲ့ လူငယ်လည်း ရှိတယ်။ လူငယ်တစ်ယောက်ဆိုရင် သူဝါသနာပါတာက အင်ဂျင်နီယာ။ တကယ်လုပ်ခဲ့ရတာက ကျောင်းဆရာ။ ဒါပေမဲ့ ပေးလာတဲ့ ဘဝပေး အခွင့်အရေးကို လက်ခံလိုက်ရတယ်။ ကျောင်းဆရာဖြစ်လာတော့ ကလေးတွေနဲ့ ထိတွေ့ပြီး သူတို့ကို သံယောဇဉ်တွယ်လာတယ်။ ဒါနဲ့ ကျောင်းဆရာအလုပ်ကို တကယ်လုပ်တော့မယ်။ ဝါသနာပါတာ မပါတာ ဘေးချိတ်။ အဲဒီအချိန်က လူငယ်က ဆယ်တန်းအောင်ပြီးခါစ။ လုပ်သားကော လိပ်တက်နေရတာ။ နေ့ခင်း ဆရာလုပ်။ ညနေကျ တပည့်ဖြစ်ပေါ့။ ဒီလိုနဲ့ ဓာတုဗေဒအဓိကနဲ့ B.Sc ဘွဲ့ရခဲ့တယ်။ Qualify ဝင်ပေမယ့် Master တန်းတက်ဖို့ အလုပ်ထွက်ရမယ်။ သင်ကြားရေးကိုလည်း စိတ်ဝင်စားနေပြီ။ ကလေးတွေကိုလည်း သံယောဇဉ်ဖြစ်နေပြီ။ ဒါဆို ဘဝတက်လမ်းက ပိတ်နေပြီလား။ပိတ်နေသယောင် ဖြစ်နေတဲ့လမ်းကို ရှေ့ဆက်မလျှာက်ကြည့်ဘဲ နေရာမှာတင် ရပ်နေတာဟာ လမ်းက ပိတ်တာမဟုတ်ဘဲ ကိုယ်ကသာလမ်းကို ပိတ်လိုက်တာနဲ့ တူတယ်။ လူငယ်က ရှေ့ဆက်ရမယ့်လမ်းတွေကို ရှေ့တစ်ဆင့်တိုးပြီး ရှာဖွေလိုက်တယ်။ ကိုယ်သံယောဇဉ် ရှိနေတဲ့၊ တစ်နည်းပြောရရင် ဝါသနာပါလာပြီးဖြစ်တဲ့ ကျောင်းဆရာ အလုပ်ကို မစွန့်လွှတ်ဘဲ ရနိုင်သမျှ အခွင့်အလမ်းတွေကို ရှာရတော့တာပေ့ါ။ မူလတန်းပြ ဆရာလုပ်သက် သုံးနှစ်ပြည့်ရင် ပညာရေး ဒီပလိုမာဘွဲ့ Dip. Ed ယူလို့ရတယ်ဆိုတဲ့ လမ်းစကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ဒီဘွဲ့ရဖို့က တစ်ရာမှာ တစ်ယောက်ပဲရနိုင်တဲ့ဘွဲ့ ဖြစ်နေတယ်။ ခက်ခဲတယ်ဆိုတာနဲ့ နောက်တွန့်သွားတာဟာ စစ်မရောက်ခင် မြားကုန်တာပဲ။ ခက်ခဲတယ် ဆိုတာဟာ အရည်အချင်းကို စမ်းသပ်လိုက်တာပဲ။ ဒီလိုနဲ့ မူလတန်းပြဆရာ ခပ်နုံနုံ လူငယ်လေးဟာ ခမ်းနားတဲ့ ပညာရေး တက္ကသိုလ်ဝင်းထဲကို တစ်နေ့ရောက်လာတယ်။ဟိုကြည့်ဒီကြည့်နဲ့ အရာရာက ထူးဆန်းနေတယ်။ ဒီလိုနဲ့ နည်းလမ်းရှာတွေ့ခဲ့ပြီး ပညာရေးဘွဲ့ကို ရခဲ့တယ်။ နောက်တော့ လမ်းပိတ်ဆို့နေတဲ့ မဟာဘွဲ့ (M.Ed) ကို အရယူနိုင်ခဲ့တယ်။ တကယ် ပိတ်ဆို့နေတာက လမ်းမဟုတ်ဘူး။ မိမိရဲ့ ကြိုးစားမှု၊ ယုံကြည်မှု၊ တီထွင်ကြံဆမှုစတဲ့ မိမိကိုယ်တိုင်သာလျှင် ဖြစ်ပါတယ်။ မိမိအရည်အချင်းနဲ့ ပိတ်နေတဲ့လမ်းကို ဖွင့်ရမယ်။ဘယ်လိုပဲဖြစ်ဖြစ် မရေရာတဲ့ အနာဂတ်ကို လက်ငင်းသေချာတဲ့ ပစ္စုပ္ပန်ကနေ ပြင်ဆင်ရမှာ လူငယ်ရဲ့တာဝန် ဖြစ်တယ်။ အရှေ့က ပြောခဲ့သလို ဆုံးဖြတ်ချက်ခိုင်မာမှု၊ ရဲရင့်ပြတ်သားမှုတွေက လူငယ်အတွက် တွန်းအားတွေဖြစ်တယ်။ ဒီတွန်းအားတွေဟာ လူငယ်ဘဝမှာ ပိုအားကောင်းမယ်။ ဒါကို လူငယ်တွေ သိထားရမယ်။ အသုံးချတတ်ရမယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ ထည့်ထားရမယ်။အသုံးချတယ် ဆိုပေမယ့် ပရမ်းပတာ အသုံးချလို့တော့ မရဘူး။ ပညာနဲ့ အသုံးချရတယ်။ ပညာဆိုတော့ ပညာကို ဘယ်ကရမလဲ။ ပညာကို ကျောင်းကရတယ်။ ပတ်ဝန်းကျင်က ရတယ်။ သဘာဝတရားက ရတယ်။ စာပေက ရတယ်။ ယူတတ်ရင် ပညာကို နေရာတကာ ရနိုင်တယ်။ အလွယ်ကူဆုံး ပညာရနိုင်တဲ့ နေရာက စာအုပ်ပဲ။ မတတ်သေးတဲ့ အတတ်ပညာ စာအုပ်ထဲမှာရှိတယ်။ မသိကျွမ်း၊ မရင်းနှီးခဲ့တဲ့၊ မသိမီလိုက်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ဘဝအတ္ထုပ္ပတ္တိ စာအုပ်ထဲမှာ ရှိတယ်။ မရောက်ဖူးတဲ့တိုင်းပြည် စာအုပ်ထဲမှာ ရှိတယ်။ ခုခေတ်က ပညာရှာရတာ ပိုလွယ်တယ်။ အင်တာနက်က Download လုပ်ပြီး ဖတ်ချင်တာ ဖတ်လို့ရတယ်။ ကိုယ်ကျင့်တရားကောင်းပြီး ပညာပြည့်စုံတဲ့ လူငယ်ဟာ သာမန်လူငယ်ထက် အများကြီး အောင်မြင်နိုင်ခြေရှိတယ်။ လူငယ်နဲ့ပညာပေါင်းပါမှ တိုင်းပြည်ကောင်းစားမယ်လို့ ဆောင်းပါးတစ်ပုဒ် ရေးထားတယ်။ ထို့အတူ လူငယ်ဗလာ ပညာနတ္ထိဆိုတဲ့ ဆောင်းပါးနဲ့လည်း လူငယ်တွေပညာရှိရမယ်။ ပညာမရှိတဲ့ လူငယ်ဟာ ဗလာလူငယ်။ ဘာမှမရှိတဲ့ လူငယ်လို့ ရေးခဲ့တယ်။ဒါကြောင့် ပညာကရတဲ့ ဗဟုသုတ၊ အတွေးအခေါ်ကနေ ယခုပစ္စုပ္ပန် ဘာလုပ်မလဲ။ အနာဂတ်ရည်မှန်းချက်နဲ့ ချိတ်ဆက်ထားပြီး ရွေးချယ်ရမည်။ ပစ္စုပ္ပန်ဟာ အရေးအကြီးဆုံးပဲ။ လက်ငင်းပိုင်ဆိုင်ထားတဲ့ ပစ္စုပ္ပန်ကို အကောင်းဆုံး အသုံးချရမယ်။ ပညာရှာမယ်။ မိမိနဲ့ လိုက်ဖက်တဲ့ အနာဂတ်မှာ လုပ်ချင်တဲ့ မိမိဝါသနာနဲ့ ကိုက်ညီတဲ့ နည်းပညာကို သိအောင်လုပ်ရမယ်။ သိပြီးရင်လည်း လေ့လာလိုက်စား ဆည်းပူးရမယ်။ ပညာဆိုတာက အများသား။ အနုပညာ၊ အတတ်ပညာ၊ နည်းပညာ၊ စာပေပညာ၊ အသက်မွေးဝမ်းကျောင်းပညာ စသဖြင့် အများကြီးပေါ့။ အဲဒီပညာတွေကို ဆည်းပူးရာမှာ အပေါ်ယံကြော တတ်ယောင်ကား လေ့လာလို့ မရဘူး။ ဘာ Speaking ညာ Speaking အတတ်ကို သုံးလသင်ရုံနဲ့ မပြည့်စုံဘူး။ ဒီလိုပဲ ကွန်ပျူတာအတတ်ကို သုံးလ သင်တန်းတက်ရုံလောက်နဲ့ ဘယ်နည်းနဲ့မှ ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်နိုင်ဘူး။ သေသေချာချာ သင်ယူရမယ်။ ကိုယ့်ဘာသာလေ့လာ သင်ယူနေရမယ်။ Self Study လုပ်နေရမယ်။ ပြီးပြီးရော သင်ပြီး ပစ်ထားလို့ မရဘူး။ 
အနာဂတ်လူငယ်တွေဟာ အနာဂတ်ကျမှ အောင်မြင်ရမှာ မဟုတ်ဘူး။ ခုကတည်းက အထိုက်အလျောက် အောင်မြင်နေရမယ်။ ပစ္စုပ္ပန်မှာကိုပဲ အောင်မြင်အောင် လုပ်ဆောင်နေသူ ဖြစ်ရမယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၂၀ တည်းနဲ့ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ နတ်မောက်လို အညာဒေသ မြို့ကလေးက အညာသားလေးဟာ အင်္ဂလိပ်စာညံ့လို့ အင်္ဂလိပ်စာကို အထူးလေ့လာခဲ့တဲ့သူပါ။ အင်္ဂလန်ကိုသွား အင်္ဂလိပ်တွေနဲ့ အင်္ဂလိပ်လို တန်းပြောခဲ့တာဟာ လူငယ်ဘဝကို အလကားမနေဘဲ ကြိုတင်ပြင်ဆင်နေလို့ ဖြစ်တယ်။ Self Study လုပ်ခဲ့လို့ ဖြစ်တယ်။ ဒါ့ကြောင့် အနာဂတ်ရောက်မှ အောင်မြင်သူ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာကိုပဲ အောင်မြင်နေတာ။ အောင်မြင်အောင် ကြိုးစားခဲ့သူ ဖြစ်တယ်။အောင်မြင်ဖို့အတွက် လိုအပ်ချက်နောက်တစ်ခုက စိတ်ဓာတ်ပဲ။ စိတ်ဓာတ်ခိုင်မာမှု၊ မဖြစ်မနေ ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ထားနိုင်မှုတွေလည်း လိုအပ်တယ်။ လုပ်တိုင်း အောင်မြင်ကြတာ မဟုတ်ဘူး။ မအောင်မြင်သေးခင် စိတ်ဓာတ်ကျလို့ မရဘူး။ သိပ္ပံပညာရှင် တီထွင်သူ အက်ဒီဆင်ဟာ အမှားပေါင်းထောင်ချီ မှားခဲ့ပြီးမှ အောင်မြင်လာတာ။ သူစိတ်ဓာတ်မကျအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ လူငယ်ဖြစ်ပေမယ့် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့တယ်။လူငယ်တိုင်းသည် ပစ္စုပ္ပန်မှာ စတင်အောင်မြင်အောင် ကြိုးစားနေမှ အနာဂတ်မှာ အောင်မြင်ဖို့ သေချာတယ်။ အနာဂတ် (အသက်ကြီးလာမှ) အောင်မြင်အောင်လုပ်မယ်။ ခုတော့ အေးဆေးပေါ့လို့ ပေါ့ပေါ့ဆဆ နေထိုင်နေရင် အနာဂတ်မှာ အောင်မြင်ဖို့ မသေချာတော့ဘူး။ အခြားသူတွေ အောင်မြင်နေပြီးချိန်မှ ကိုယ်ကအောင်မြင်ဖို့ လမ်းစရှာနေရရင် အလွန်နောက်ကျနေပြီဆိုတာ သတိပြုရပါမယ်။ ဒါကြောင့် အောင်မြင်ချင်ရင် ယခု (Just now) ပေါ့လေ။ ယခုကစလို့ စာဖတ်ပါ။ နည်းလမ်းရှာပါ။ ပတ်ဝန်းကျင်ကို မျက်စိဖွင့် လေ့လာပါ။နိဂုံးချုပ်အနေနဲ့ ပြောရရင် လူငယ်ဆိုတဲ့ အရွယ်ကောင်းကို ပိုင်ဆိုင်ထားချိန်မှာ အချိန်ပြည့် ပညာရှာပါ။ အသက်ကြီးလာမှ လူငယ်ဘဝကို ပြန်တမ်းတလို့ ဘယ်တော့မှ မရနိုင်ဘူး။ ဒါကြောင့် နည်းပညာကို ကျွမ်းကျင်အောင် သင်ယူလေ့လာပါ။ သူငယ်ချင်း အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။ ကိုယ့်ဝါသနာဟာကောင်း၏၊ မကောင်း၏ သိအောင်ဆန်းစစ်ပါ။ ဒီနေ့ လုပ်ဆောင်ချက်တွေဟာ တဒင်္ဂသာယာမှု မဖြစ်စေဘဲ အနာဂတ်အတွက် ပြင်ဆင်မှုတွေ ဖြစ်ရမယ်။ နောက်ထပ် လိုအပ်တာက ကိုယ်ကျင့်တရား ကောင်းရမယ်။ စိတ်ဓာတ်ခိုင်မာရမယ်။ ဒီနေ့ကစပြီး အောင်မြင်သူတို့ လျှောက်တဲ့လမ်းကို ဝင်လျှောက်လိုက်ပါ။ ပစ္စုပ္ပန်ရော အနာဂတ်ပါ အောင်မြင်ကြပါစေ။

Most Read

Most Recent