NCCT ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပမည့်နေရာ သတ်မှတ်နိုင်ရေး ဧပြီလကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၌ NCCT အစည်းအဝေး ပြုလုပ်ရန် စီစဉ်

NCCT ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပမည့်နေရာ သတ်မှတ်နိုင်ရေး ဧပြီလကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၌ NCCT အစည်းအဝေး ပြုလုပ်ရန် စီစဉ်
Published 22 April 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပမည့်နေရာ သတ်မှတ်နိုင်ရေးအတွက် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ထိုင်းနိုင်ငံ၌ NCCT အဖွဲ့၏ အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို ညီလာခံတွင် တင်ပြကာ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၏ သဘောထားရယူရန်အတွက် မူလက ညီလာခံကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်ကြားပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း NCCT အဖွဲ့ဝင် မဟုတ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ကလည်း မေ ၁ ရက်မှ ၃ ရက်အထိ ၎င်းတို့ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့အား ဖိတ်ကြားကာ ညီလာခံတစ်ခု ကျင်းပရန် ရှိသောကြောင့် ယခုကဲ့သို့ ထပ်မံညှိနှိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။UWSA က ပြုလုပ်သည့် ညီလာခံတွင် NCCT အဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားရန် NCCT က UWSA ထံသို့ အကြံပြုခဲ့သော်လည်း လက်မခံသောကြောင့် NCCT ထိပ်သီးညီလာခံကို သီးခြားကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။Myanmar Peace Center မှ ဦးလှမောင်ရွှေက “အခု ကျွန်တော်တို့ နောက်ဆုံးနားလည်တာကတော့ NCCT ခေါင်းဆောင်တွေက ဒီဧပြီ ၂၉ နဲ့ ၃၀ ဝန်းကျင်ကို ထိုင်းနိုင်ငံမှာ သူတို့ရဲ့ NCCT အစည်းအဝေးလုပ်မယ်လို့ ကြားရတယ်။ အဲဒီမှာ သူတို့က NCA ကိုဆွေးနွေးပြီးတော့ အတည်ပြုနိုင်ဖို့အတွက် နောက်ထပ်ညီလာခံတစ်ခုခေါ်မယ့် အနေအထားမျိုး ကြားရတယ်။ ဆိုလိုတာကတော့ ပန်ဆန်းညီလာခံတစ်ခု ရှိသလို နောက်ထပ်ညီလာခံတစ်ခုကလည်း ရှိမယ်။ အဲဒီလိုသဘောမျိုး ဖြစ်နေတယ်” ဟု ပြောကြားသည်။UPWC ၏ အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ တာဝန်ရှိသူများသည်လည်း ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်မည့် NCCT အစည်းအဝေးတွင် NCCT ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်နေသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကို ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာဒေသတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အစိုးရနှင့် ဆွေးနွေးရန် NCCT အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကို တတိယအကြိမ်အထိ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Most Read

Most Recent