သဲတစ်ပွင့်စာ ပေးဆပ်ခွင့်ရသော်လည်း

သဲတစ်ပွင့်စာ ပေးဆပ်ခွင့်ရသော်လည်း
Published 8 April 2015
ဇေယျာဦး

ကျွန်တော် အဖြစ်ချင်ဆုံးက စာဖတ်တတ်သူ တစ်ဦးပဲ ဖြစ်ချင်တာပါ။ Reader ဆိုတဲ့ စကားလုံးကို နှစ်သက်မြတ်နိုးသူ တစ်ယောက်ပါ။ ဆရာမြသန်းတင့်ရဲ့ ‘လမင်းကို ထရံပေါက်မှ ကြည့်ခြင်း’ ဆိုတဲ့ စာအုပ်ထဲကလို လမင်းကိုပဲ သေသေချာချာ ကြည့်ချင်သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ စာဖတ်ခြင်းနှင့်အတူ ဘဝကို ရှင်သန်ရပ်တည် နေချင်သူ တစ်ယောက်ပါ။ စာပေတွေကို ဖတ်ရှုလေ့လာရင်းနဲ့ပဲ ဘဝကို အကောင်းဆုံး တည်ဆောက်ပြီး စာပေတွေကို ဖတ်ရှုလေ့လာရင်းနဲ့ပဲ ဘဝကို အဆုံးသတ်သွားချင်သူ တစ်ယောက်ပါ။ကျွန်တော်တို့မှာ ‘ငါ’ စွဲ အတ္တတွေ ကိုယ်စီနဲ့ပါ။ အတ္တဆိုတာဟာ လူတိုင်းမှာ ရှိကြပါတယ်။ အနည်းနဲ့ အများပဲ ကွာခြားကြတာပါ။ အတ္တလုံး၀ မရှိဘူး ဆိုတဲ့သူ အခုလက်ရှိ ကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အတ္တကြောင့် ကျွန်တော်တို့ဟာ လက်ရှိပတ်ဝန်းကျင်မှာ ရှင်သန်ခွင့် ရနေကြတာပါ။ နောက်တစ်ခုက လူတိုင်းရဲ့ မသိစိတ်မှာ ဦးဆောင်သူတစ်ယောက် ဖြစ်ချင်ကြတဲ့ စိတ်ကလေးတွေ ရှိနေတတ်ကြပါတယ်။ ဘာကြောင့် အဲဒီလို ပြောရသလဲဆိုတော့ ကျွန်တော့်တို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရင် လူတိုင်းဟာ မိမိရဲ့ အလိုဆန္ဒအတိုင်း ပြောဆိုလုပ်ကိုင်တာကို တခြားတစ်ယောက် အနေနဲ့ လိုက်လျောစေချင်လိုတဲ့ဆန္ဒ ရှိတတ်ကြတယ်။ မိမိပြောဆိုတဲ့ အကြောင်းအရာ၊ အပြုအမူတွေကို နာခံလိုစိတ် ရှိစေချင်ကြတယ်။ ဒါဟာ သဘာဝပဲ။ ငါပြောတာ အမှန်၊ ငါလုပ်တာ အမှန်လို့ ကာယကံရှင် ကိုယ်တိုင်က လက်ခံတယ်။ ပတ်ဝန်းကျင်က လူတွေက မှားနေတယ်လို့ ပြောရင်တောင် လက်မခံတဲ့သူတွေက အများကြီး ရှိတတ်ကြတယ်။ ‘ငါ’ ဆိုတဲ့ မာန်မာနနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်တတ်ကြတယ်။ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ အရေးကြီးတဲ့ လူတွေဆိုတာ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ ပြောတဲ့စကား၊ ကျွန်တော်တို့လုပ်တဲ့ အပြုအမူဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။ ဆိုးတာရော ကောင်းတာရောပေါ့။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပတ်ဝန်းကျင်အတွက် အရေးကြီးတဲ့ လူတစ်ယောက်လို့ သတ်မှတ်လိုက်ရင် ကျွန်တော်တို့မှာ ဘယ်သူမှ မပေးဘဲ ရလိုက်တဲ့ တာဝန်တစ်ခု ရှိလာပါပြီ။ ဒီတာဝန်ဟာ ဘာလဲဆိုတော့ ကိုယ်ပြောလိုက်တဲ့စကား၊ ကိုယ်လုပ်တဲ့ အပြုအမူအပေါ် တာဝန်ယူမှုပါပဲ။ ကျွန်တော်တို့ ပြောလိုက်တဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုကြောင့် ပတ်ဝန်းကျင်က လူတစ်ယောက် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် သူ့ဘဝအတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်စွမ်း ရှိတယ်ဆိုရင် ကျွန်တော်တို့ စကားကို လွယ်လွယ်နဲ့ ပြောရဲကြပါ့မလား။ အပြုအမူတစ်ခုကို လွယ်လွယ်နဲ့ လုပ်ရဲကြပါ့မလား။ကျွန်တော်တို့ ကျောင်းပညာကို သူငယ်တန်းကနေစပြီး တက္ကသိုလ်အထိ နှစ်ပေါင်း ၁၅ နှစ်လောက် သင်ကြားခဲ့ကြရတယ်။ ၁၅ နှစ်လုံးလုံး သင်ခဲ့ရတဲ့ ကျောင်းစာတွေထဲကနေ ကျွန်တော်တို့ ဘယ်လောက်များ ရလိုက်ကြသလဲ။ ဘယ်သူ့ဘက်ကပဲ အားနည်းနေသည် ဖြစ်ပါစေ တကယ်တမ်း ကျွန်တော်တို့ ရလိုက်တာက ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ငါးရာခိုင်နှုန်းလောက်ပဲ ရှိကြမှာပါ။ မြန်မာစာ ဖတ်တတ်မယ်၊ အင်္ဂလိပ်စာ အနည်းငယ်သိမယ်။ သင်္ချာ ပေါင်း၊ နုတ်၊ မြှောက်၊ စား လုပ်တတ်မယ်။ သမိုင်းနဲ့ပတ်သက်ပြီး နည်းနည်းသိမယ်။ ကျန်တာတွေကတော့ ကျောင်းပိတ်တာနဲ့ စာအုပ်ပါ ပိတ်သွားတတ်တဲ့ ဘာသာရပ်တွေ အနေနဲ့ပဲ ရှိနေကြတုန်းပါ။ ကျောင်းပိတ်တာနဲ့ ကျောင်းစာတွေဟာ ကျောင်းကို ပြန်ရောက်သွားပြီလို့ ဟာသလုပ်ပြီး ပြောတတ်ကြတဲ့ မိဘအတော်များများ၊ ကျောင်းသားအတော်များများ ရှိပါတယ်။ သင်ကြားသူဘက်ကရော၊ သင်ယူသူဘက်ကပါ အားနည်းချက်တစ်ခု ရှိနေတတ်ကြတယ်။ အဲဒါက ဘာလဲဆိုတော့ ကျောင်းပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုပါ။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့ မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။နောက်တစ်ခုက ‘အနာဂတ်ကို လူငယ်တွေကသာ ပိုင်ဆိုင်သည်’ တဲ့။ လူငယ်တွေ အတွက်တော့ ဂုဏ်ယူစရာ စကားတစ်ခွန်းပေါ့။ ဒါပေမဲ့ အဲဒီစကားတစ်ခွန်းဟာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာ မရှိပါဘူး။ အနာဂတ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ ကျွန်တော်တို့လို လူငယ်တွေဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့ကိုယ်တိုင် ဘာတွေကို လုပ်ကိုင်နိုင်စွမ်း ရှိနေကြပြီလဲ။ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျွန်တော့်အသက် ၁၈ နှစ်၊ လူငယ်ဘ၀ အစပေါ့။ အခု ကျွန်တော့် အသက် ၂၈ နှစ်၊ လူလတ်ပိုင်းအစပေါ့။ နောင် ၁၀ နှစ် ကြာလာရင် ကျွန်တော့်အသက် ၃၈ နှစ် လူလတ်ပိုင်းအရွယ်ပေါ့။ ဆယ်စုနှစ် တစ်ခါကုန်သွားတိုင်း ကျွန်တော်တို့ အသက်တွေ ၁၀ နှစ်ကြီးလာတယ်။ အသက်တွေ ကြီးလာတာနဲ့အတူ ကျွန်တော်တို့တွေ ကျွန်တော်တို့ဘ၀ အတွက်ရော၊ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက်ရော ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ ကိုယ့်ခြေရာကို ကိုယ်ပြန်ကြည့်ကြရလိမ့်မယ်။ ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာနဲ့ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ ခြေရာတွေကို ပြန်ဆန်းစစ်ရလိမ့်မယ်။အခုချိန်မှာ Globalization ခေတ်ကြီးထဲကို ရောက်နေပြီလို့ လူအများက ပြောတတ်ကြတယ်။ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေဟာ အံ့မခန်းအောင် ဖြစ်ခဲ့တယ်။ မိုင်ပေါင်းထောင်ချီ ဝေးကွာနေတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို အင်တာနက်ကနေတစ်ဆင့် ခလုတ်ကလေးတွေ နှိပ်လိုက်နိုင်ရုံနဲ့တင် မိနစ်ပိုင်းအတွင်း သိရှိနိုင်နေပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ နည်းပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘယ်အကြောင်းအရာကိုမဆို အလွယ်တကူ ရှာဖွေသိရှိနိုင်နေပြီ။ အင်တာနက်၊ ကွန်ပျူတာနဲ့ အလှမ်းဝေးနေတဲ့သူတွေ အနေနဲ့ကလည်း မဂ္ဂဇင်း၊ ဂျာနယ်တွေကနေတစ်ဆင့် အထိုက်အလျောက် သိခွင့်ရနေကြပြီ။ အဲဒီလို စီးဆင်းနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ ဘယ်လောက်အတိုင်းအတာထိ ရယူပိုင်ဆိုင်နိုင်ကြပြီလဲ။ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်လို့ ပြောနေပေမယ့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေဟာ လက်ရှိကာလမှာ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်နေတုန်းပါပဲ။ နောက်ကျတာမှ အကုန်လုံးပါပဲ။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အနုပညာ အကုန်လုံးပါပဲ။ ဒီလွတ်နေတဲ့ ကွက်လပ်တွေကို ဘယ်သူ့ကိုမှ လက်ညှိုးမထိုးဘဲ ကျွန်တော်တို့ တတ်စွမ်းနိုင်သလောက် ဖြည့်နိုင်ဖို့ ကြိုးစားကြရမှာပါ။အခုချိန်မှာ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာလူမျိုးအတွက် ကျွန်တော်တို့တွေ လုပ်စရာအများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ တတ်စွမ်းနိုင်သလောက် လုပ်ကြရမှာပဲ။ ဒါပေမဲ့ သတိထားစရာ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့တွေ တတ်စွမ်းနိုင်သလောက် လုပ်ကြတဲ့အခါမှာ ကျွန်တော်တို့ ပြောတဲ့စကား၊ ကျွန်တော်တို့ရေးတဲ့ အကြောင်းအရာတွေ၊ ကျွန်တော်တို့ရဲ့ အပြုအမူတွေကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင် အဆိပ်အတောက် မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ကိုယ်တိုင်လည်း အသိပညာ ဝမ်းစာပြည့်ဖို့တော့ လိုပါတယ်။ အသိပညာ ဝမ်းစာကိုတော့ အမြဲတမ်း ရှာမှီးနေရမှာပါပဲ။ ကျောင်းပညာပြီးဆုံးအောင်တတ်တိုင်း ပညာတတ်တစ်ယောက် မဟုတ်သလို စာအုပ်စာပေတွေ များစွာဖတ်ပြီး ကိုယ်တိုင်တွေးခေါ် မစဉ်းစားရင်လည်း စာဖတ်တယ်လို့ မမည်ပါဘူး။ကျွန်တော်တို့တွေဟာ မသိသေးတဲ့သူတွေကို ကျွန်တော်တို့ သိသလောက်၊ နားလည်သလောက် ရှင်းပြပြောပြပေးနိုင်ရပါမယ်။ မတတ်သေးတဲ့သူတွေကို တတ်အောင် နားလည်သလောက် သင်ပေးနိုင်စွမ်း ရှိရပါမယ်။ကျွန်တော်တို့ဟာ ကျွန်တော့်တို့ ပတ်ဝန်းကျင်အတွက်၊ ကျွန်တော်တို့နိုင်ငံအတွက် လုပ်နိုင်စွမ်းရှိသလောက် လုပ်ဆောင်ကြရင်း ကျွန်တော်တို့ နိုင်တဲ့ဝန်လေးတစ်ခုကို တတ်နိုင်သလောက် ပါဝင်ဖြည့်ဆည်းကြပါစို့လား။