သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်က မှန်ကန်စွာ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် မရိုးသားတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်က မှန်ကန်စွာ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် မရိုးသားတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 5 April 2015

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်တွေ့ဆုံစဉ်က ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အမှန်တကယ် ရိုးရိုးသားသား လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ထိုကဲ့သို့ မဟုတ်တော့ကြောင်း ဧပြီ ၃ရက်က Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
“ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံအနေနဲ့ လက်ရှိအနေအထားထက် အများကြီး ပိုမိုကောင်းမွန်လာနေပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
 

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မရိုးမသား လုပ်ဆောင်လာနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်ရန်လည်း ကြိုးစားနိုင်ကြောင်း လွှတ်တော်အဆောက်အအုံအတွင်း Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြောင်းပြကာ ရွေးကောက်ပွဲ အချိန်ဆွဲရန် လုပ်ဆောင်လာနိုင်ဖွယ်ရှိသည့်အပေါ် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“သူတို့ (အစိုးရ) က ဆွေးနွေးညှိနှိုင်းဖို့ ဒါမှမဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ ဒါမှမဟုတ် ပြည်သူတွေရဲ့ဆန္ဒကို အလေးအနက်ထားဖို့ စိတ်မဝင်စားပါဘူး။ သူတို့တွေကို သမာသမတ်ကျတယ်လို့ ပြောဖို့တောင် ခက်ခဲပါတယ်” ဟု Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ပထမဆုံး သီးသန့်တွေ့ဆုံခဲ့ပြီး နေပြည်တော်၌ မတ် ၂ရက်က နောက်ဆုံးသီးသန့်တွေ့ ဆုံမှုအပါအဝင် ခြောက်ကြိမ်ရှိသွားပြီဖြစ်သည်။

 

Most Read

Most Recent